Showing newest 69 of 81 posts from February 2008. Show older posts
Showing newest 69 of 81 posts from February 2008. Show older posts

Friday, February 29, 2008

ရတုကဗျာအကြောင်း

0 Comments
ဒီတခါတော့ ကာရန်မဲ့ကဗျာတွေ မော်ဒန်ကဗျာတွေကြားထဲမှာ တဖြည်းဖြည်းအသက်ရှူကျပ်လာရှာတဲ့ ရိုးရာကဗျာလေးအကြောင်းပြောချင်ပါတယ်။ ရတုကဗျာအမျိုးအစားအကြောင်းပါ။ တကယ်တော့ ရတုကဗျာရဲ့သက်တမ်းဟာ အတော်ကိုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အင်းဝခေတ်ကနေစပြီး ကျော်ကြားလာခဲ့တာပါ။ ဒါပေမယ့် ခုဆိုရင် ရတုကဗျာဟာ တခြားရိုးရာကဗျာတွေနည်းတူပဲ တိမ်မြုပ်လာပါပြီ။ ရေးတဲ့သူလည်း ရှားလာပါပြီ။ အဲဒီတော့ ကျနော်ကပြန်ပြီး အဲဒီရတုကဗျာအကြောင်း သူငယ်ချင်းတွေဗဟုသုတရအောင် ပြန်ပြောချင်ပါတယ်။ ကျနော်ပြောတဲ့အချက်အလက်ထဲမှာ အမှားပါသွားရင်လည်း သိတဲ့သူငယ်ချင်းတွေက ပြန်ပြင်ပေးစေချင်ပါတယ်။

ရတုဆိုတဲ့စကားဟာ သက္ကတဘာသာစကားဖြစ်တဲ့ “ရိတု”ကနေ ဆင်းသက်လာတာပါ။ “အခါရာသီ”ဆိုတဲ့ အနက်အဓိပ္ပါယ်ရပါတယ်။ အခါရာသီနဲ့ပတ်သက်တဲ့ အကြောင်းတွေကို ရေးကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ရေးသားသူတွေက အလွမ်းအဆွေးတွေကိုပါ ထည့်သွင်းရေးသားလာကြပါတယ်။ အင်းဝခေတ်စာဆို ရှင်မဟာရဌသာရတို့ ၊ ရှင်မဟာသီလ၀ံသတို့ ၊ ရှင်တေဇောသာရတို့ဟာ ရတုကဗျာနဲ့ ကျော်ကြားလာကြတဲ့ ရဟန်းစာဆိုတွေဖြစ်ကြပါတယ်။

ရတုကဗျာဟာ တကယ်တော့ လေးလုံးစပ်လင်္ကာတစ်မျိုးဖြစ်ပါတယ်။ရတုကဗျာကို အမျိုးအစားသုံးမျိုးခွဲလို့ရပါတယ်။ တစ်ပိုဒ်တည်းရေးတဲ့ရတုကို “အဖြည့်ခံရတု”လို့ခေါ်ပါတယ်။ နှစ်ပိုဒ်ရေးတဲ့ရတုကိုတော့ “ဧကပိုဒ်ရတု”လို့ခေါ်ကြပြီး သုံးပိုဒ်ရေးတဲ့ရတုကတော့ “ပိုဒ်စုံရတု”ဖြစ်ပါတယ်။ များသောအားဖြင့် ပိုဒ်စုံရတုကိုပဲ ရေးသားဖွဲ့နွဲ့ကြတာ များပါတယ်။ ရတုကဗျာဟာ စည်းကမ်းသတ်မှတ်ချက်တွေထဲမှာ ရေးရတဲ့ စနစ်ကျတဲ့ကဗျာအမျိုးအစားဖြစ်ပါတယ်။

စကားလုံးလေးလုံးကို တစ်ပါဒရေးရပြီး အများဆုံး ၁၀၈ ပါဒသာရေးသားကြပါတယ်။ ကာရန်စနစ်ကိုလည်း အတိအကျလိုက်နာရေးသားရပါတယ်။ ၄၃၂ ၊ ၄၂ ၊ ၄၁ စတဲ့ ကာရန်ယူနည်းတွေနဲ့ ရေးသားရတာဖြစ်ပါတယ်။ ပြီးတော့ အချီညီညီ အချညီညီရေးသားရပါတယ်။ အချီညီဆိုတာက တစ်ပိုဒ်ချင်းစီရဲ့ ပထမဆုံးပါဒတွေ နဘေညီရခြင်းပါ။ ဥပမာ ရှင်မဟာရဌသာရရဲ့ နာမည်ကျော်ရတုဖြစ်တဲ့ “နှမလက်လျှော့နေလေတော့” ရတုမှာ ပုရေနိသင် ၊ လူ့မြေတိတွင် ၊ ဆုဝေဘိချင် ဆိုပြီးအချီညီညီရေးဖွဲ့ထားတာကို တွေ့ရမှာပါ။ အချညီတယ်ဆိုတာကတော့ အဆုံးသတ်ချတဲ့ ပါဒဟာ ကာရန်ညီရပါတယ်။ အဆုံးသတ်ချတဲ့နေရာမှာလည်း အမျိုးမျိုးရှိပါတယ်။ ၇လုံး ၊ ၉လုံး ၊ ၁၁ လုံး ၊ ၁၅ လုံး ၊ ၁၉ လုံး စသည်ဖြင့် အမျိုးမျိုးအဆုံးသတ်ကြပါတယ်။ အသုံးများတဲ့ အဆုံးချနည်းကတော့ ၇လုံးချနည်းဖြစ်တဲ့ “ခိုင်ညွန့်ခက်ဖြာ”နည်းကို အသုံးများပါတယ်။ “နှမလက်လျှော့နေလေတော့” ရတုရဲ့ အချပိုဒ်တွေကို ရေးပြပါမယ်။ အဘယ်ကြိုးရှာလေတော့မည် ၊ ဘယ်သူနှိုးရှာလေတော့မည် ၊ မျှော်လင့်ခိုးရှာလေတော့မည် ဆိုပြီး တစ်ပိုဒ်ချင်းဆီရဲ့ အချပါဒတွေကို ကာရန်ချိတ်ဆက်သွားတာဖြစ်ပါတယ်။

အထက်ပါအချက်အလက်တွေက ရတုကဗျာအကြောင်းကို ကျနော်သိသလောက် မျှဝေပေးတာဖြစ်ပါတယ်။ ရိုးရာကဗျာတွေကို ချစ်မြတ်နိုးတဲ့ ကဗျာဝါသနာရှင်သူငယ်ချင်းတွေအတွက် နောက်ထပ်ရိုးရာကဗျာတွေကို ကျနော်လေ့လာပြီး ထပ်ပြောပြပါဦးမယ်။

ခုလောလောဆယ် ကျနော်ရေးထားတဲ့ ပိုဒ်စုံရတုတစ်ပုဒ်ကို ချရေးပြလိုက်ပါတယ်။ အချစ်ဖွဲ့ရတုတစ်ပုဒ်ဖြစ်ပါတယ်။ အဲဒီမှာ ရတုရေးနည်းတွေဖြစ်တဲ့ ကာရန်ယူပုံတွေ ၊ အချီအချညီညီရေးပုံတွေကို လက်တွေ့လေ့လာလို့ရမယ်ထင်ပါတယ်။

ရင်၌်ထင်မြင် ၊ လှလွန်းကြင်၏ ၊ လင်းလွင်ကော့ရွှန်း ၊ မျက်နက်ဝန်းသည် ၊ စိုးစွန်းလက်ဖြာ ၊ မာယာမြူခင်း ၊ ကင်းပရှင်းသန့် ၊ ဖြူဝင်းဖန့်စွ ၊ ထိုမှတခါ ၊ ရယ်ပြန်ပါလည်း ၊ ရောင်ဝါလမင်း ၊ နေ့တွင်လင်းသို့ ၊ စင်းစင်းညာညီ ၊ ပုလဲသီကုံး ၊ ချိုရီပြုံးမှာ ၊ သွယ်မျက်နှာနှင့် ၊ လွန်စွာစုံဖက် ၊ မိုးထက်နတ်မယ် ၊ ချစ်ဖွယ်ထူးရှာလေတော့သည်။ ။

ဘ၀င်ခိုက်သွင်ပြင် ၊ ကေသာလျှင်လည်း ၊ ငွေမျှင်ပိတုန်း ၊ နက်မှောင်ရုန်းဖယ် ၊ ရှည်လျားသွယ်မြင့် ၊ ချိုးဆစ်တင့်၍ ၊ များနှင်မတူ ၊ မြင်သူငေးစိုက် ၊ လှိုက်လှိုက်ဖိုဖို ၊ သက်ဝေပျိုငယ် ၊ လိုလိုထင်ရှား ၊ ကျော်ကာကြားလည်း ၊ မာနသည်းထန် ၊ ဟန်ပန်မ၀င့် ၊ ရွှေနှင့်ထပ်ရွယ် ၊ အိနြေ္ဒတည်(တယ်)သည်၊ ချစ်ကြည်ဖူးစာဝေတော့သည်။ ။

မြင်လိုက်စဉ်တွင် ၊ လှိုင်းခတ်ရင်၌ ၊ ချစ်ကြင်မေတ္တာ ၊ သက်ဝင်ကာကွယ် ၊ စူးနစ်တွယ်သည် ၊ အဘယ်လူသား ၊ ခံနိုင်အားနှင့် ၊ ချိုပျားသကာ ၊ ပျို့သံသာကို ၊ ရှောင်ခွာဖယ်ရုန်း ၊ ဆုံးတိုင်မမြင် ၊ ကျွန်ပါလျှင်လည်း ၊ စွဲမြဲတွယ်ရစ် ၊ ရင်ဝယ်ဖြစ်၍ ၊ အချစ်စိတ်ထူး ၊ တိုး၍မြူးသော် ၊ ကျွန်တော်ရူးပါလေတော့မည်။ ။

ပိုဒ်စုံရတု

(ကျနော်ရေးထားတဲ့ ရတုကိုဖတ်ပြီး တခြားရတုတွေပါဖတ်ချင်စိတ်မရှိအောင်ဖြစ်သွားရင်လည်း ကျနော့်အရေးအသား ညံ့ဖျင်းလို့ပါလို့ ၀န်ခံအပ်ပါတယ် )

ကဗျာဆရာ အင်တာဗျူး

0 Comments
ကျနော်က ကဗျာဆရာ....
ကာရန်မရေးဘူး။
ကာရန်မဲ့ မရေးဘူး။
ပိုစ့်မော်ဒန်ကိုမှ ထုံးလိုချေရေလိုနှောက်
တဒေါက်ဒေါက်ရေးချတာ....
အမြန်ရထားရဲ့ ဥသြဆွဲသံက
ပင်လယ်ဓါးပြ ဦးနှောက်ထဲ
ထိုးဖောက်ဝင်ရောက် ဘာ.ညာ..ပေါ့။

သရုပ်မှန်... ဒဿန... ဟုတ်စ
ဘာတွေလာမေးနေတာလဲ။
မြန်မာစာသတ်ပုံကျမ်းရှိရင် ကျနော့်အတွက်ကဗျာဖြစ်တယ်။
“အနုပညာသည် အနုပညာအတွက်”ဆိုတာ
ခင်ဗျားမကြားဖူးဘူးလား။
နားမလည်ဘူးထင်ရင် စာမျက်နှာကျော်ဖတ်လိမ့်မယ်။
အဲဒါ... စာဖတ်ပရိသတ်ပဲ။

ဘာ.. ဂေါ်လီကျတယ်ဟုတ်လား....
ဆံပင်စုတ်ဖွားဖွား လွယ်အိတ်တကားတားနေမှ
ကဗျာဆရာဖြစ်လတ္တံ့လို့
ဘယ်သုတ္တံမှာ ဘုရားဟောထားခဲ့လို့လဲ။
ကဗျာဆရာ နားကွင်းမ၀တ်ရလို့ရော...
ဘယ်တက်ကျမ်းထဲမှာ ခင်ဗျားမြင်ဘူးသလဲ။
တဆက်တည်းပြောလိုက်မယ်။
တိုက်ပိုင်ကားပိုင် ကဗျာဆရာ.....
အရက်ဖြူမသောက်ဘူး....
လမ်းဘေးလက်ဖက်ရည်ဆိုင်မထိုင်ဘူး.......
ဘဏ်စာအုပ်ထဲသွင်းဖို့ ကဗျာရေးတယ်မထင်နဲ့။
ဆန်ဆီဆားအတွက် ကဗျာရေးတယ်မထင်နဲ့။
အနုပညာပိုးကို အရက်ပြန်ဆွတ်မရလို့ ရေးနေတာ.....

အဟင်း..... ကျနော်က သူများတွေလိုမဟုတ်ဘူးလေ...
ကိုယ်ရည်သွေးတီးလုံးတွေ ခပ်ကျယ်ကျယ်မဖွင့်ဘူး။
ဝေဖန်ရေးကို ကဗျာလုပ်မရေးဘူး။

ဘ၀လက်တွဲဖော်လား......
စောပါသေးတယ်
ကိုယ့်ကိုယ်ကိုတောင် ချစ်လို့ဝသေးတာမဟုတ်ဘူး။

ပရိသတ်ကိုမှာချင်တဲ့စကား.....
အင်း...ဘယ်လိုပြောရမလဲပေါ့နော်....
ကဗျာဆရာက မာနမကြီးတတ်ပါဘူး။
မိတ်ဆက်စာမှန်သမျှ စာပြန်ပါတယ်။
ကျနော့်ပရိသတ်အားလုံးကို ချစ်ပါတယ်။
အဲ... ကျနော့်ပရိသတ်မဟုတ်လည်း
ကျနော့်ကဗျာကိုဖတ်ရင် ချစ်မှာပါလို့........
ဟုတ်ကဲ့...... ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။ ။

မနက်ဖြန်ကို ကြိုမတွေးနဲ့

0 Comments
မနက်ဖြန်ကိုကြိုကြိုမတွေးနဲ့

လက်ဖျစ်တတွက်အတွင်း

ဖြစ်ချင်ရာဖြစ်သွားနိုင်တဲ့ လောကဓံ…

မင်းရဲ့ ပျော်ရွှင်သောအပြုံးကိုလည်း

သူက ထည့်တွက်မှာမဟုတ်

မင်းရဲ့ ၀မ်းနည်းသောမျက်လုံးကိုလည်း

သူက ငဲ့ကွက်မှာ မဟုတ်ပေဘူး။



မနက်ဖြန်ကို ကြိုကြိုမတွေးနဲ့

ကံကြမ္မာဆိုတဲ့ဓါးက အသွားထက်ထက်…

မနက်ဖြန်မှာ …

မင်း ထီလည်းပေါက်နိုင်တယ်

အမှီလည်းပျောက်နိုင်တယ်

စူပါမားကတ်က အသုံးအဆောင်တစ်ခုလို

အဲဒီမနက်ဖြန်ကို လက်ညှိုးထိုးပြီး ၀ယ်လို့မရဘူး။



မနက်ဖြန်ကို ကြိုကြိုမတွေးနဲ့

ငါပြောနေကျ ကံကြမ္မာဆိုတာ

မင်းရဲ့မျှော်လင့်ခြင်းစင်မြင့်ကို

အချိန်မရွေးဖုံးအုပ်သွားနိုင်တဲ့ ကန့်လန့်ကာ

မနက်ဖြန်မနက်နေရောင်ခြည်က

မင်းအခန်းထဲကိုမှ

သာသာထိုးထိုးကျမယ်လို့ မျှော်လင့်မထားနဲ့



မနက်ဖြန်ကို ကြိုကြိုမတွေးနဲ့

မနက်ဖြန်ကို.. ကြိုကြိုမတွေးနဲ့…

မနက်ဖြန်ကို… ကြိုတွေးမထားပါနဲ့…

အဲဒီ.. မနက်ဖြန်မှာကြုံတွေ့မယ့်

မင်းရဲ့ မနက်စာစားပွဲထက်……

ချစ်သူနဲ့ ရုပ်ရှင်သွားကြည့်ဖို့ထက်…

ညနေခင်းပါတီပွဲထက်….

မင်းရဲ့ လုပ်ရေးဆောင်တာတွေထက်……

မင်း ဒီည နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့

အရင်ကြိုးစားသင့်တယ်.........



သူရဿဝါ

Monday, February 25, 2008

ဘူတာရုံအဟောင်း

0 Comments
လွင်တီးခေါင်ပြင်ထဲ

ကြယ်လေးတစ်ပွင့်

လူမသိ သူမသိကြွေတယ်။

လင်းလင်းပပ ချစ်မြတ်ခွင့်ဟာ

ဒီည နောက်ဆုံးပဲကွယ်။

ဒီနေ့ဟာ….

မျက်နှာများသူတို့ရဲ့ ပြဇာတ်အသစ်ဖြစ်သလို

ငါ့ ကန့်လန့်ကာများ အရောင်လွင့်သွားခြင်းလည်း ဖြစ်တယ်။

ကိန္ဒရာချောင်းခြားခန်းဖြစ်သလို

ရာဝဏလေးတင်ခန်းလည်းဖြစ်တယ်။

နောက်ဆုံးအကြိမ်ငေးမောခွင့်နဲ့

တိတ်တဆိတ်မျက်နှာလွှဲခြင်း

ထပ်တူညီတဲ့ညလည်းဖြစ်တယ်။

နတ်ဆိုးမလေးရယ်…..

ပန်းသီးတစ်လုံးကြွေကျတာဟာ

နယူတန်အတွက် နာမည်ကျော်နိယာမ ဖြစ်ခဲ့ပေမယ့်

ငါ့အတွက်တော့

စွယ်တော်ရွက်များရဲ့

ခက်ခက်ခဲခဲ ရှူသွင်းရတဲ့ ၀င်လေဖြစ်တယ်။

တကယ်ဆို

ချောကလက်တစ်တောင့်ရဲ့ သက်တမ်းကုန်ဆုံးခြင်းဟာ

ဂျူပီတာနတ်ဘုရားရဲ့ အမိန့်တော်လားကွယ်…..။



သူရဿဝါ

Monday, February 18, 2008

အိပ်မက်အပိုင်းအစများ

0 Comments
တခါတလေ ချစ်သူကိုသတိရမိတဲ့အခါ... မကျေနပ်တာတွေကို ဖွင့်ထုတ်ပစ်ချင်တဲ့အခါ..... အသည်းကွဲတဲ့အခါ ကဗျာအတိုပုံစံနဲ့ရေးမိတဲ့စာစုလေးတွေရှိပါတယ်။ကျနော့်ရဲ့အိပ်မက်စိတ်ကူးတွေကို ချပြထားတာပါ။ ကဗျာလို့လည်းသတ်မှတ်လို့ရသလို စာစုအတိုပုံစံမျိုးလည်း သတ်မှတ်ပြီး ဖတ်လို့ရပါတယ်။ တစ်ပုဒ်ချင်းကို ခေါင်းစဉ်သတ်သတ်မှတ်မှတ်မပေးတော့ပဲ အဲဒီကဗျာတိုလေးတွေအားလုံးကို `အိပ်မက်ပြန်တမ်း´လို့ခေါင်းစဉ်တပ်ထားလိုက်ပါတယ်။ လိုတိုရှင်းနဲ့ ထိထိမိမိကဗျာတွေကို ဖတ်ချင်တဲ့သူငယ်ချင်းတွေအတွက် အဆင်ပြေမယ်ထင်ပါတယ်။ ကဗျာတွေကများလို့ အပိုင်းတွေခွဲပြီး ရေးပြချင်ပါတယ်။ ဝေဖန်ချင်တာရှိရင်လည်း ကျနော့်ကိုပြောလို့ရပါတယ်နော်။


မြူနှင်းများတဖွဲဖွဲကျတဲ့နေ့မှာ
အဝေးသို့…. ထွက်ခွာသွား
အမှတ်တရစစ်စစ်များ
အက်ကွဲခြင်းများသာချန်ခဲ့….
ထားခဲ့တာတွေပြန်ယူဖို့
ပြန်လာမယ်မဟုတ်လား…
ပြန်လာဦးမယ်မဟုတ်လားကွယ်။
(အိပ်မက်ပြန်တမ်း)



ကိုယ့်ကိုယ်ကိုသာ
လက်ညှိုးထိုးပြီးပြန်မေး
ရာမာယနဇာတ်တော်ထဲမှာ
ငါ…. ဘယ်သူလဲ…..
(အိပ်မက်ပြန်တမ်း)



ပန်းကလေးရေ…
မင်းရဲ့အဓိပ္ပါယ်တိုင်းကို
ပိုပြီးလေးနက်စေခြင်းငှာ
ပိုပြီးကာရန်ညီစေခြင်းငှာ
ကိုယ့်ကို…
ပျားပိတုန်းတစ်ကောင်ဖြစ်ခွင့်ပေးပါ။
(အိပ်မက်ပြန်တမ်း)



အဲဒီလို…
အိပ်မက်တွေပျက်စီးသွားတုန်းက
ဘ၀ဆိုတာ ငြမ်းတစုံလိုပဲဖြစ်ခဲ့တယ်။
ခဏလေးပါပဲ
ဒါပေမယ့်
အမှတ်စဉ်တစ်ဆယ်ပြည့်တာတောင်
ပြန်ထရကောင်းမှန်းမသိခဲ့ဘူး။
(အိပ်မက်ပြန်တမ်း)



ခရေပွင့်နုနုလေးများ
မျက်စိရှေ့မှာတင်ကြွေသွား
ခါး….တယ်။
(အိပ်မက်ပြန်တမ်း)



အတိတ်မှာထားခဲ့ချင်သော
မှောင်ရီမှုများ
နောက်ကအငြှိုးတကြီးလိုက်
…….ကြာပြီ………
သေချာပေါက်ဆင်ခြင်တုံတရား
စိတ်တံခါးဝမှာ ငေး…ဆွေး…
……ကြာပြီ………
မသိနားမလည်ခြင်းက
မိုးကြိုးတစ်စုံလို ခွဲခြမ်း
တမင်…..နေရစ်ခဲ့တာပါ။
(အိပ်မက်ပြန်တမ်း)



အလံဖြူထောင်ပြီး ရှုံးနိမ့်ကြည့်တာလား
ငါ့မှာ ဒေါသမာနအတွက်
တစုံတရာမရှိခဲ့ဘူးကွယ်။
လေညင်းလေးပါပဲ…..
ဒါပေမယ့် အရိုးထဲအထိစိမ့်တယ်။
ခံဝန်လက်မှတ်ထိုးပြီးသားပဲကွယ်
ကြိုက်ရာအင်္ကျီဝတ်ထားနိုင်ပါတယ်။
(အိပ်မက်ပြန်တမ်း)



နားထောင်ကြည့်စမ်း
မြို့ပြင်အထုတ်ခံရတဲ့ကော်ဖီတစ်ခွက်အကြောင်း
စာခြောက်ရုပ်လေးရဲ့ သေဆုံးခြင်းက
ကြိုကြိုတင်တင် နိမိတ်ဖတ်ခံရပြီးသား
ကန့်လန့်ကာအချမှာ
ကောင်းကင်တစ်ခွင်လုံးအသေ…..
(အိပ်မက်ပြန်တမ်း)



ငါ့အနားမှာ ကဗျာတစ်ပုဒ်နဲ့မင်းသာရှိခဲ့ရင်
ကမ္ဘာကျော်စစ်ပွဲတိုင်းကို
ငါ အနိုင်ရဖူးမှာသေချာတယ်။
(အိပ်မက်ပြန်တမ်း)



သန့်ရှင်းစင်ကြယ်ထားသမျှတွေ
မြို့ပျက်ကြီးထဲကိုပဲ
ပို့ဆောင်ခြင်းခံခဲ့ရ
အဆုံးသတ်ကတော့
Titanic သီချင်းလို
My Heart Will Go On ပေါ့။
(အိပ်မက်ပြန်တမ်း)


သိခဲ့ရဲ့လား
ရှောရှောရှူရှူနောက်ကြောင်းပြန်နိုင်ဖို့
ငါ့ဖလင်ဘယ်နှစ်ကွက်
အနာခံပြီးဆက်ခဲ့ရတယ်ဆိုတာ….
ဒါတောင်
`ဟိုးရှေးရှေးက´မှာတင် ငိုသံပါချင်တုန်း…..
(အိပ်မက်ပြန်တမ်း)



မိုးတွေ……
သည်းကြီးမည်းကြီးရွာနေသလိုပေါ့။
ဂစ်တာအိုအတွက် ငိုကြွေးသံများ
အပူလှိုင်းဖြတ်သွားခဲ့ရ..
ခွင့်ပြုမိန့်မကျတဲ့သီချင်း
နားမထောင်ဖြစ်တာပဲကောင်းလိမ့်မယ်။
(အိပ်မက်ပြန်တမ်း)



အထားအသိုမမှန်ခဲ့တဲ့
အပျက်အယွင်းတွေကြား
မြေပုံတစ်ခုရဲ့အနောက်မြောက်ထောင့်မှာ
ငါက……..
ကြယ်အကြွေတစကို
မျှော်လင့်တကြီးလိုက်ကောက်နေခဲ့။
(အိပ်မက်ပြန်တမ်း)



လွတ်ကျလာတဲ့
ပါးလှပ်လှပ်အပြုံးတစ်စုံနဲ့
လေးကြိမ်မြောက်စီးချင်းထိုးအပြီးမှာ
ငါ့ကိုယ်ငါတောင် သူဖြစ်ချင်သွားတယ်။
(အိပ်မက်ပြန်တမ်း)



ဆန္ဒအကြွေတွေ တဖွဲဖွဲရွာကျ
ကိုးကွယ်မှုစစ်စစ် `အချစ်´နဲ့ဘဲ
အဲဒီ `နောက်ဆုံးအင်္ဂါနေ့လေး´ကို
….. လွမ်းတယ်….
(အိပ်မက်ပြန်တမ်း)



ဆောင်းနံနက်ခင်းလေး
မြူနှင်းတွေမှုန်ရီ…..
ကောင်းကင်ပေါ် တဖြည်းဖြည်းတက်လာတဲ့
သေမင်းရဲ့အပြုံးမှာ….
`နိဂုံး´ဆိုတာ မြူနှင်းတို့ရဲ့
အဆုံးသတ်ခေါင်းစဉ်ဖြစ်ခဲ့……
(အိပ်မက်ပြန်တမ်း)



နောက်ဆုံးသော…..
ငါ့ရဲ့ အင်္ဂါနေ့ထဲက
လင်းသွဲ့ချစ်ခြင်းများ
မိုးရာသီအစနေ့မှာတင်
စိုရွှဲ….ပြိုကွဲသွား
မင်းကိုယ်တိုင်ရေးချမယ့်
ငါ့ရဲ့သေတမ်းစာကို
ငါ….မဖတ်ဝံ့ဘူးအချစ်ရယ်….
(အိပ်မက်ပြန်တမ်း)



ဝေးရမယ်ဆိုတဲ့အသိဟာ
နှုတ်ဆက်စကားတွေကိုတောင်
ဆွံ့အစေခဲ့…..
ပြေလျော့သွားတဲ့ လက်အစုံရဲ့
ခွဲခွာချိန်မှာ
အလွမ်းတီးလုံးသံတွေ ကျယ်လွင့်
ဒီည….. ကြယ်တွေမစုံဘူးကွယ်။
(အိပ်မက်ပြန်တမ်း)



ဒီနေရာမှာ ကျင်းပတဲ့
ငါ့ဈာပနအခမ်းအနားမှာ….
ဒါမှမဟုတ်
ဟိုးအဝေးကောင်းကင်တစ်နေရာရာမှာ
ငါရှိချင်လည်း ရှိနေပါလိမ့်မယ်။
နောက်ဆုံးပဲဖြစ်ဖြစ်ပေါ့
(ငါ့ရဲ့ငြိမ်းအေးရာအတွက်)
မငိုပါနဲ့ချစ်သူရယ်
မငိုလိုက်ပါနဲ့ကွယ်……
(အိပ်မက်ပြန်တမ်း)



အဲဒီလို….
သနပ်ခါးနံ့ပါးပါးလေး
ပြေးထွက်သွားတုန်းက
ဘ၀ဆိုတာ
နှင်းမကျတဲ့ဆောင်းလိုပဲဖြစ်ခဲ့တယ်။
တကယ်ဆို
`ကလီယိုပါထရာ´အကြောင်း
မင်းမသိသင့်ခဲ့ဘူးအချစ်ရယ်။
(အိပ်မက်ပြန်တမ်း)



မိုးတွေကသာ အုံ့အုံ့ပြီးသည်းခဲ့
မင်းရဲ့စကားတွေကို မကြားနိုင်ဖို့
ငါ့မှာ….
နားရွက်တစ်စုံမရှိရဲ့ရင်ကောင်းမယ်။
(အိပ်မက်ပြန်တမ်း)



အိပ်မက်တွေ
အိပ်မက်တွေ…..
မှုန်ဝေလွင့်ဝါးနေသေးသရွေ့တော့
လင်းပြာတဲ့ကြယ်စင်ဟာ
ငါ့ကမ္ဘာနဲ့ ဝေးကွာလို့နေဦးမယ်။
(အိပ်မက်ပြန်တမ်း)



ဖြစ်တည်ခဲ့
ရင်မှာပျိုးတဲ့သစ်သီး
စားသုံးချိန်နီးတဲ့အခါ
ခရီးပြင်းနှင်ခဲ့မယ်မင်းဆီ
ပျိုမြစ်စွာကြိုဆိုလှည့်။
(အိပ်မက်ပြန်တမ်း)



မိုးတွေ….
ထစ်ချုန်းသည်းမည်းစွာရွာခဲ့
အ၀တ်တထည် ကိုယ်တစ်ခုစာပါပဲ
ဒါကလွဲလို့လည်း
ထပ်ပြီးရွှဲနစ်စရာ မရှိခဲ့ဘူး။
(အိပ်မက်ပြန်တမ်း)



သဲနာရီတစ်ခုရဲ့ဖြစ်စဉ်လိုမျိုး
အောက်ကိုပြုတ်ပြုတ်ကျလာ
ပတ်ဝန်းကျင်ရဲ့အာပုပ်နံ့ဟာ
ငါ့ကို မွန်းကျပ်စေခဲ့
သွားစမ်းပါကွာ…..
စိုချင်ရင်စိုပေး
ခြောက်ချင်ရင်ခြောက်ပေးရအောင်
ငါက…. လက်ဖက်ရွက်မဟုတ်ဘူး။
(အိပ်မက်ပြန်တမ်း)



ဘယ်လိုမှသဘောမထားပါဘူး
မိတ်သလင်မလေးရယ်…
မင်းမကြင်ပေမယ့်
ကိုယ်ကတော့ ကြင်ပါရဲ့ကွယ်။
(အိပ်မက်ပြန်တမ်း)



ညဟာ…..
ဒဏ်ရာဟောင်းကို
တစပြီး တစဆွဲထုတ်နေသလိုမျိုး
ပြောပါ….
လမင်းခြေရာကို ဘယ်သူကများ
ခိုးယူဆွတ်နမ်းသွားသလဲဆိုတာ….
အမှန်တော့
ဒီခရီးရဲ့ ရှင်သန်ထမြောက်ခြင်းဟာ
ငါ့ချစ်ခြင်းရဲ့ ၀ိဥာဉ်တော်ပဲ ဖြစ်နေသင့်တယ်။
(အိပ်မက်ပြန်တမ်း)



ချစ်သူရယ်….
`ကံကြမ္မာ´ဆိုတဲ့ကောင်က သိပ်ဆိုး
ကျနော့်မှာ
တိတ်တခိုးလေးပဲ ချစ်ခွင့်ရှိတာပါ။
(အိပ်မက်ပြန်တမ်း)



အတ္တရဲ့ရှေ့မှောက်
ခိုလေးနှစ်ကောင်ထပြီးပျံတယ်။
ပင်ပျိုလေးရဲ့ မီးပုံပွဲမှာ
အတ္တက ရှိုက်၍ရှိုက်၍ငိုဆဲ
ကျမ်းစာပါစာများအရ
သူတို့ပျော်မြူးနိုင်ဖို့
အတ္တက ဧဒင်ဥယျာဉ်ဖြစ်ခဲ့ရပေါ့။
(အိပ်မက်ပြန်တမ်း)



မြို့ကလေးရဲ့အဝေးမှာ
အလွမ်းရောင်တွေညှို့မှိုင်း
ညစ်ထေးသွားတဲ့ကိုယ်ပွားဖြူလေး
ဘာကိုမျှော်လင့်ရမှန်းမသိဘူး။
ဟိုးဝေးဝေးမြို့စွန်တနေရာမှာတော့
အသည်းကွဲခြင်းဟာ အသည်းကွဲခြင်းနဲ့ပဲ
ထပ်တူညီနေခဲ့တယ်။
(အိပ်မက်ပြန်တမ်း)



ကြယ်တွေ…..
ပစ္စလက်ခတ်သေသွား
နောက်ဆုံးသက်ပြင်းချသံကို
ကောင်းကင်က မကြားလိုက်ရ ၊
မြေပြင်က မကြားလိုက်ရ ၊
လမင်းကိုစွဲလမ်းရင်း ကြွေရလေတော့
ကြယ်လေးတွေခမျာ
ဘ၀ကူးမကောင်းရှာဘူး။
(အိပ်မက်ပြန်တမ်း)



မိုးသာလင်းသွားတယ်
ရောင်နီမပွင့်ခဲ့….
မုန်တိုင်းကျမယ့်နေ့မှာမှ
လှေလှော်ထွက်မိ
ကံကြမ္မာမဟုတ်ပါဘူး ၊
မှားခဲ့တာက ငါကိုယ်တိုင်ပါ။
(အိပ်မက်ပြန်တမ်း)



ဒဏ်ရာအပြည့်နဲ့
စိတ်မပါလက်မပါ
လင်းရတဲ့ကောင်းကင်
အရုဏ်လာလို့
လမင်းလေးကြွေကျသွားတာတောင်
(ခဏလောက်ပဲဖြစ်ဖြစ်)
……………………….
မြင်ခွင့်မရခဲ့ဘူး။
(အိပ်မက်ပြန်တမ်း)



တကယ့်ကိုပါပဲ
ဆန္ဒကိုရွက်တိုင်တွေလို တလူလူလွှင့်
အမှတ်အသားမရှိသော
နောက်ဆုံးအကြိမ်စောင့်စားခြင်းမှာပဲ
ငါ….
ငါ့ကိုယ်ငါ…….
ကျေနပ်နေခဲ့တယ်။
(အိပ်မက်ပြန်တမ်း)



အသည်းကွဲတဲ့အခါတိုင်း
ကဗျာတွေတစ်ပုဒ်ပြီးတစ်ပုဒ်ရေး
ငါလေ…….
အေးအေးဆေးဆေးလေး….. ဆွေးတယ်။
(အိပ်မက်ပြန်တမ်း)



ခရီးသည်မရှိ ၊
ဥသြဆွဲသံမရှိ ၊
ရထားသံလမ်းမရှိနဲ့
ဒီဘူတာအိုကြီးလေ…..
အရင်က စည်ကားခဲ့ပုံတွေကို တမ်း…မှန်း
လွမ်းလို့သာနေရပေါ့။
(အိပ်မက်ပြန်တမ်း)



လေထုထဲမှာ
ချစ်ခြင်းရနံ့တွေသင်းပျံ့
(ငါ့စိတ်ထဲမှာ) မင်းက
ရှင်းရှင်းသန့်သန့်လေး…. လှတယ်။
(အိပ်မက်ပြန်တမ်း)



အနုပညာမာနတွေလက်ပနေသမျှ
နှလုံးသားက နူးအိနေမယ်။
ငွေကြေးရဟတ်တွေလည်ပတ်နေဖို့မလိုပါဘူး
ဘ၀မှာ ညာဘက်လက်တစ်ချောင်း
ကောင်းကောင်းအရေးကြီးတယ်။
(အိပ်မက်ပြန်တမ်း)



ခရေပွင့်များကြွေလေတိုင်း
ပြဲစုတ်သွားတဲ့ချစ်ခြင်းတရားကို သတိရ
နောက်ဆုံးကောက်ရိုးမျှင်လား
အဖန်ဖန်အခါခါ သေပေးခြင်းလား
ငါက အရောင်းအ၀ယ်မတတ်ခဲ့ဘူးလေ။
အခု ငါ့သေဘာၤတစ္စီးလံုးမွာ
သံလိုက်အိမ်မြောင် တခုတလေသော်မျှ
ရှာမရတော့ဘူး။
(အိပ်မက်ပြန်တမ်း)



ခရီးပြင်းနှင်ခဲ့တာပဲလေ
ဒါပေမယ့်
မြို့ရိုးတံခါးကိုက……
……………………….
မှုန်ပျပျသာမြင်နေရ……..
(အိပ်မက်ပြန်တမ်း)



တောင်တန်းပေါ်က
လေညင်းရနံ့ဟာ
အလွမ်းတွေနဲ့ထုံမွှမ်းထား….
ဒီမှာ…. ချစ်ခြင်းတွေနဲ့နွေးနေသူက
မြေပြန့်မှာကျန်ခဲ့တဲ့ `ကောက်ကြောင်း´လေးကို
စိတ်မှန်းနဲ့ရေးခြစ်နေခဲ့…….
(အိပ်မက်ပြန်တမ်း)

Wednesday, February 13, 2008

ချစ်သူတွေအတွက် A to Z

0 Comments
ကျနော်ဖတ်ခဲ့ဖူးတဲ့ စာလေးတစ်ပုဒ်ကို ပြန်ပြီးဖော်ပြချင်ပါတယ်။ ချစ်သူတွေအတွက် A to Z ရေးပြထားတာပါ။ ကျနော့်ရဲ့ အမြင်လေးတွေကိုလည်း ရေးချပေးလိုက်ပါတယ်။



A- Absolutely adove each other

ချစ်သူနှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် အပြည့်အ၀ မြတ်နိုးခင်တွယ်ကြဖို့လိုပါတယ်။ ဒါမှလည်း တစ်ယောက်ရဲ့စိတ်ထဲမှာ တစ်ယောက် ရာသက်ပန် နေထိုင်နိုင်မှာပေါ့လေ။

B- Be best of friends

အကောင်းဆုံးမိတ်ဆွေတွေ ဖြစ်နေကြဖို့လိုတယ်လို့ ပြောထားပါတယ်။ ဟုတ်ပါရဲ့...... ဒါမှလည်း တစ်ယောက်ကို တစ်ယောက် ဆိုးတိုင်ပင်ကောင်းတိုင်ပင် သဘောထားရင်း ပိုပြီး ခင်တွယ်လာကြပါလိမ့်မယ်။

C- Comprise

အစစ အရာရာ ကျေအေးပေးကြပါတဲ့။ ဟုတ်ပါတယ်။ ကောင်လေးက ဘီယာသောက်လာရင်လည်း ကောင်မလေးက သိပ်ပြီးဆူပူမနေသင့်သလို ကောင်မလေးက ဆူပူနေရင်လည်း ကောင်လေးက ခွင့်လွှတ်ပြီး နားလည်ပေးသင့်ပါတယ်။

D- Discover new things

အသစ်အဆန်းတွေရှာဖွေကြည့်ကြပါဆိုပဲ။ အဲဒါကတော့ ကျနော်မပြောလည်း ခင်ဗျားတို့ သဘောပေါက်ပြီးသား ဖြစ်မှာပါနော်။ များများသာတွေ့အောင် ရှာကြပေါ့။ သစ်လေကောင်းလေ.......

E- Encourage each other

တစ်ယောက်နဲ့တစ်ယောက် အားပေးကြပေါ့လို့ စာရေးသူက ပြောပါတယ်။ ကျနော့်အမြင်ကလည်း တစ်ယောက်ရဲ့ အားပေးခြင်းဟာ ကျန်တစ်ယောက်အတွက် အမြင့်ဆုံးဆုလဒ်ဖြစ်နေနိုင်လို့ပါပဲ။

F- Forgive and forget

ခွင့်လွှတ်ပြီး မေ့မေ့ပျောက်ပျောက်နေကြတဲ့။ ဟုတ်နေပြန်ပါရောလား.......။ ဘာဖြစ်ဖြစ်ခွင့်လွှတ်ပေးနိုင်တဲ့ ချစ်သူကို ဘယ်သူကများ မချစ်ပဲ ၊ မလေးစားပဲ နေနိုင်မှာတဲ့လဲ။ ချစ်သူတွေရဲ့ တည်မြဲကြောင်းတရားတွေပါပဲ။

ချစ်သူတွေအတွက် A to Z (၂)

0 Comments
G- Goze with each other eyes

ဒီတစ်ခါတော့ စာရေးသူက တစ်ယောက်မျက်လုံးကိုတစ်ယောက် စူးစိုက်ကြည့်ရှုကြပါတဲ့။ ကိုယ်ချစ်မြတ်သူလေးရဲ့ မျက်ဝန်းညိုညိုထဲက ခင်ဗျားအပေါ် သင်းပျံ့ခြင်းတွေကို ခင်ဗျားရှာကြည့်သင့်တယ်လို့ ကျနော်လည်းထင်ပါတယ်။



H- Hold hands and hug alots

လက်ကိုကိုင်ဆွဲပြီး အပြည့်အ၀ ပွေ့ဖက်ထားကြပေါ့တဲ့။ ချစ်သူရဲ့လက်ဖ၀ါးကို နူးညံ့စွာ ဆုပ်ကိုင်ထားရတဲ့ခဏဟာ ဘ၀ရဲ့ အသင်းပျံ့ဆုံးအချိန်တွေ ဖြစ်ဖူးကြပါလိမ့်မယ်။ အဲဒီအဆိုကို ခင်ဗျားလည်း နူးနူးညွတ်ညွတ် လက်ခံချင်မှာပါနော်။



I- Inspire and intrigue each other

စာရေးသူပြောချင်တာက အားပေးစရာရှိရင်အားပေး လျှို့ဝှက်စရာရှိရင် လျှို့ဝှက်ကြဖို့ပါတဲူ့။ အသက်နဲ့ထပ်တူ ချစ်ကြည်ရသူလေးရဲ့ အားပေးမှုမှာ ခင်ဗျားဘယ်နှကြိမ်များ ပျော်ဝင်ခဲ့ဖူးပါသလဲ။ ဒီလိုပါပဲ........ ချစ်သူရဲ့ စိတ်ဆင်းရဲမှုကို မမြင်ချင်တဲ့အခါ ကိုယ့်ရဲ့ ညစ်ညူးနောက်ကျိစရာအကြောင်းတွေကို ချစ်သူမသိအောင် လျှို့ဝှက်ထားသင့်ပါတယ်။



J- Joke and laugh and have fun

ပြက်လုံးထုတ်ပြီး ရယ်ကြမောကြ ၊ ပျော်ပျော်ရွှင်ရွှင်နေကြပါဆိုပဲ။ ချစ်သူ့နှုတ်ခမ်းကပွင့်အံလာမယ့် ရယ်သံလွင်လွင်လေးကို ကြားရဖို့ ခင်ဗျားလည်း လူရွှင်တော်တစ်ဦးဖြစ်ဖူးခဲ့ပါလိမ့်မယ်။ အဲဒီအခိုက်အတန့်လေးရဲ့ ပျော်ရွှင်မှုဟာ ခင်ဗျားတို့ရဲ့ ချစ်စံအိမ်လေးမှာ သာယာနာပျော်စရာတွေအပြည့်စိုက်ထူဖို့ ပထမဆုံး အုတ်တစ်ချပ်လည်း ဖြစ်နေနိုင်ပါတယ်။

K- Kiss , kiss , kiss

စာရေးဆရာက K ကိုတော့ အရှင်းဆုံးဖွင့်ပြထားပါတယ်။ ရိုးရှင်းပေမယ့် နက်ရှိုင်းတဲ့ ၊ လှပတဲ့ ဖော်ဆောင်မှုပါ။ နမ်း........... နမ်းပြီးရင်းနမ်း........ နမ်း.... နမ်း ပါတဲ့။ ကဲ.......... ခင်ဗျားကရော..................

ချစ်သူတွေအတွက် A to Z (၃)

0 Comments
L- Love with all heart

အသည်းနှလုံးထဲက သိမ်းကျုံးပြီးချစ်ကြပါတဲ့။ အထွေအထူးမှတ်ချက်ပြုစရာမလိုတဲ့ သုံးနှုန်းမှုပါပဲ။ တစ်ယောက်ရဲ့စိတ်ဟာ ကျန်တစ်ယောက်အတွက် အရိပ်ဖြစ်ပြီဆိုရင် အရာရာ....... ပြည့်စုံစိမ်းလန်းနေပါလိမ့်မယ်။



M- Marvel at each other's heart

တစ်ယောက်အရည်အချင်းကိုတစ်ယောက် အံ့သြပြလိုက်ပါတဲ့။ ဟုတ်ပါတယ်။ တစ်ယောက်ရဲ့အရည်အသွေးကို တစ်ယောက် အပြန်အလှန် အံ့သြချီးကျူးပြခြင်းဟာလည်း ရှိသင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။



N- Nature each other's soul

တစ်ယောက်စိတ်ကိုလည်း တစ်ယောက် ဂရုစိုက်ကြပါတဲ့။ ချစ်သူရဲ့ ၀မ်းသာမှု ....... ပျော်ရွှင်မှု.... အမှတ်တရ.... သူ့စိတ်ထဲက အရာရာကို ခင်ဗျား ဂရုတစိုက်ရှိနေသင့်တာပေါ့။



O- Overcome problems together

ဒီတစ်ခါတော့ ပြဿနာအပေါင်းကို အောင်မြင်ပြလိုက်ကြပါတဲ့။ ဘာပြဿနာတွေကိုပဲဖြစ်ဖြစ် ခင်ဗျားတို့နှစ်ယောက်ပေါင်းပြီး အချစ်တွေနဲ့ အုတ်တံတိုင်းလို ကြံ့ကြံ့ခံထားကြပေါနော်။



P- Play games

အားလပ်တဲ့အခါမှာတော့ ဆော့ကစားကြပေါ့နော်။ ခင်ဗျားနဲ့ ခင်ဗျားချစ်သူကြားက ကြည်နူးစရာကစားနည်းတွေကို တော့ ခင်ဗျားကိုယ်တိုင် သိပြီးဖြစ်ပါလိမ့်မယ်။

ချစ်သူတွေအတွက် A to Z (၄)

0 Comments
Q- Quenchless loves with each others

မငြိမ်းနိုင်တဲ့အချစ်တွေနဲ့ အပြန်အလှန်ချစ်ကြပါတဲ့။ တစ်ယောက်နဲ့တစ်ယောက် လင်းလင်းလွင်လွင် ချစ်နေကြသရွေ့ ခင်ဗျားတို့နှစ်ယောက်ဟာ စွယ်တော်ရွက်လေးလိုပဲ တသားတည်း ၊ တလွှာတည်း ဖြစ်နေကြမှာ သေချာပါတယ်။



R- Remember little things

ကဗျာဆန်တဲ့စာရေးသူက အသေးအမွှားလေးကအစမှတ်မိဖို့ကြိုးစားကြပါလို့ အလေးအနက်ပြောပါတယ်။ ခင်ဗျား သိမ်းထားတဲ့ တစ်ရှူးစလေးပေါ်က ချစ်သူရဲ့ချွေးနံ့လေးအကြောင်း ၊ ခင်ဗျားသူ့ကိုပေးခဲ့ဖူးတဲ့ ပန်းနီနီလေးအကြောင်း..... အဲဒီလို သေးသေးဖွဲဖွဲလေးတွေကို ခင်ဗျားက မှတ်မှတ်ရရပြန်ပြောတဲ့အခါ ခင်ဗျားချစ်သူရဲ့ အိပ်မက်တိုင်းကလည်း ခင်ဗျားအတွက်ပဲ ဖြစ်နေမယ်ဆိုတာ ကျိန်းသေပဲလို့ ကျနော် လောင်းကြေးထပ်ရဲပါတယ်။



S- Say " I love you " everyday

နေ့တိုင်း နေ့တိုင်း ချစ်တယ်လို့ပြောကြပေါ့တဲ့။ ခင်ဗျားပြောတဲ့ ချစ်စကားတွေထဲမှာ ခင်ဗျားရဲ့ချစ်သူဟာ ဘယ်နှစ်ကြိမ်များ သိင်္ဂါရဆန်ဆန် ပြုံးလဲ့လဲ့ဖြာခဲဖူးပါသလဲ။ သူ့ရဲ့ `ချစ်တယ်´ဆိုတဲ့ စကားသံလေးထဲမှာရော ခင်ဗျားရဲ့ပီတိတွေ ဘယ်လောက်များ ပျော်ဝင်စုန်ဆန်ခဲ့ပြီးပြီလဲ။ ခင်ဗျားကိုယ်တိုင် အသိဆုံးဖြစ်ပါလိမ့်မယ်။

ချစ်သူတွေအတွက် A to Z (၅)

0 Comments
T- Take time for tenderness

ဒီတစ်ခါတော့ စာရေးသူက အကြင်နာတရားတွေအတွက် အချိန်ယူကြပါလို့ တိုက်တွန်းပါတယ်တဲ့။ ဟုတ်မှာပါ။ အချိန်အတော်ကြာခိုင်မြဲလာတဲ့ အကြင်နာတရားမှန်သမျှဟာ ခင်ဗျားတို့ချစ်သူနှစ်ဦးရဲ့ လမ်းခရီးမှာ လိုအပ်တဲ့ အကြောင်းအရာတစ်ခုပါပဲ။



U- Understand and care deeply

တစ်ဦးကိုတစ်ဦး လေးလေးနက်နက် နားလည်စောင့်ရှောက်ကြပါလို့ သူကပြောထားပါတယ်။ ခင်ဗျားတို့နှစ်ဦးရဲ့ အပြန်အလှန်နားလည်းစောင့်ရှောက်မှုတွေဟာ ခင်ဗျားတို့နှစ်ဦးအတွက် ခိုင်မတ်တဲ့ သစ္စာတရားတွေဖြစ်နေနိုင်သလို ခင်ဗျားတို့အတွက် မပြီးဆုံးနိုင်သော....မရေတွက်နိုင်သော..... နှလုံးသားချင်းထိစပ်နေမှုလည်း ဖြစ်နေနိုင်တာပေါ့။



V- Value everything you share

စာရေးသူကတော့ မျှဝေခံစားသမျှကို တန်ဖိုးထားကြပါတဲ့။ အဲဒီမျှဝေမှုဟာ ခင်ဗျားရေးထားမိတဲ့ချစ်သူအကြောင်း ကဗျာတစ်ပုဒ်ဖြစ်ချင်ဖြစ်မယ်။ ဒီနေ့ခင်ဗျားကြုံတွေ့ခဲ့ရတဲ့ ရယ်စရာအကြောင်းအရာတစ်ခု ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ခင်ဗျားစိတ်ဆိုးနေမိတဲ့ အဖြစ်အပျက်တစ်ခုလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ အရေးကြီးတာက ခင်ဗျားခံစားရတာကို ခင်ဗျားချစ်သူလေးဆီ မျှဝေဖို့နဲ့ သူ့မျှဝေမှုကို ခင်ဗျားခံစားပေးနိုင်ဖို့ပါ။



W- Wish on star together

ကြယ်တွေရှိတဲ့ကောင်းကင်ဘုံကို အတူတကွ ဆုတောင်းကြပေါ့တဲ့။ ချစ်သူနဲ့အတူရှိနေဖို့ဆိုတာ ခင်ဗျားရဲ့ ခမ်းနားတည်ကြည်သော လင်းပျပျမျှော်လင့်ချက်တစ်ခုဖြစ်ပါလိမ့်မယ်။ ဘယ်လိုအရာမျိုးကိုမဆို ချစ်သူနဲ့အတူ ရင်ဆိုင်ရတဲ့အခါ ခင်ဗျားရဲ့ ခွန်အားတွေဟာ ထင်ထားတာထက်ပိုပြီး ပြည့်ဝနေတတ်ပါတယ်။ ဆင်းရဲခက်ခဲတဲ့ လမ်းခရီးမျိုးမှာတောင် ချစ်သူကို ခင်ဗျားနားရှိနေရင်သိပ်ကောင်းမှာပဲလို့ တောင့်တနေမိရင် ပြာစင်တဲ့ကောင်းကင် ပေါ်က ကြယ်ပွင့်တွေထဲမှာဆိုရင်လည်း ခင်ဗျားသူနဲ့အတူ နေချင်မယ်ဆိုတာ ကျနော်မှန်းဆလို့ရပါတယ်။ ကဲ....... ကျနော်တို့အာလုံး ခုကစပြီး ဆုတောင်းကြည့်ကြပါစို့။



X- Xpress your true feeling

သင့်ရဲ့စစ်မှန်တဲ့ခံစားမှုကိုလည်း ဖော်ပြသင့်ပါတယ်တဲ့။ ခင်ဗျားရဲ့ဒိုင်ယာရီထဲမှာ သူ့နာမည်စာလုံးပေါင်းတွေ ဘယ်လောက်များရှိနေတယ်ဆိုတဲ့အကြောင်း ၊ သူ့အကြောင်းတွေးမိတိုင်း ခင်ဗျားဘယ်လောက်တောင် သူ့အပေါ် သင်းပျံ့ပါတယ်ဆိုတဲ့အကြောင်း.....သူနဲ့ပတ်သက်သမျှ ခင်ဗျားရဲ့ခံစားမှုတွေကိုလည်း ခင်ဗျားရံဖန်ရံခါ ပြောသင့်ပါရဲ့။



Y- Yearn for each other's touch

တစ်ယောက်နဲ့တစ်ယောက် တွေ့ထိကြဖို့ ဆန္ဒပြုကြလို့ စာရေးသူက အကြံပြုထားပါတယ်။ နောင်တစ်ချိန် အတူလျှောက်လှမ်းရမယ့် ဘ၀လမ်းတွေထဲမှာ တစ်ယောက်လက်ကို တစ်ယောက်တွဲလို့ အဆင်ပြေပြေသွားနိုင်ဖို့ ခင်ဗျားတို့ရဲ့ တွေ့ဆုံထိခတ်မှုတွေကို ခုကတည်းက အရှိန်ယူထားသင့်ပါပြီ။



Z- Z Z Z Z in each other's arms

နောက်ဆုံးအနေနဲ့ပြောထားတာက တစ်ဦးကို တစ်ဦး စာလုံး Z လို ပွေ့ဖက်ထားကြတဲ့။ ဒီစာရေးဆရာဟာ အဲလို ပွေ့ဖက်ခိုင်းဖို့ကိုတော့ အတော်ဝါသနာပါပုံရပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အနွေးထည်ဝတ်ထားလို့နွေးနေရတဲ့ ခံစားမှုထက်စာရင်တော့ ခင်ဗျားရဲ့ ပွေ့ဖက်မှုထဲမှာ နွေးထွေးနေရတဲ့ ခံစားမှုကို ခင်ဗျားချစ်သူက ပိုပြီး မက်မက်မောမော တောင့်တမှာကတော့ သေချာပါတယ်။

သိကြားမင်းနှင့် လှပျိုဖြူများ ပြဿနာ

0 Comments
ကမ္ဘာဦးအစတုန်းက မိန်းကလေးတွေက ယောင်္ကျားတွေလိုပဲ နှုတ်ခမ်းမွှေးတွေ မုတ်ဆိတ်မွှေးတွေ ရှိကြပါသတဲ့ ။

အဲဒီတော့ အလှကြိုက်တဲ့ မိန်းကလေးတွေခမျာ နှုတ်ခမ်းမွှေးတကားကားနဲ့ စိတ်ညစ်ကြရတာပေါ့ ။ မိန်းကလေးတွေက တိုင်ပင်ကြတယ် ။ ငါတို့ဘာလုပ်ကြရင်ကောင်းမလဲပေါ့လေ ။

တစ်ယောက်ကအကြံပေးတယ် ။ ငါတို့ သိကြားမင်းကြီးဆီ သွားပြီး အကူအညီတောင်းရအောင်ဆိုပြီးတော့ပေါ့ ။

သူ့အကြံက အကောင်းဆုံးဖြစ်နေတော့ အားလုံးသဘောတူလိုက်ကြတယ် ။ ဒါနဲ့ မိန်းကလေးတွေအားလုံးစုပြီး

သိကြားမင်းကို အပူနဲ့သွားကပ်.. အဲ..အဲ.. အပူသွားကပ်ကြတယ် ။ သိကြားမင်းကြီးရယ်....သမီးတို့မှာ နှုတ်ခမ်းမွှေးတွေ ပေါက်နေလို့ လှသင့်သလောက် မလှတော့ဘူး ။ အဲဒီ နှုတ်ခမ်းမွှေးတွေကို ဖျောက်ပေးလို့ရရင်

ဖျောက်ပေးပါ သိကြားမင်းကြီးရယ် ....လို့ပေါ့ ။

သိကြားမင်းကြီးကလည်း သိပ်သဘောကောင်းတဲ့သူဆိုတော့ မိန်းကလေးတွေရဲ့အဖြစ်ကို သနားသွားပြီးတော့ အကူအညီပေးဖို့ဆုံးဖြတ်လိုက်တယ် ။

သူ့ဘေးနားမှာထောင်ထားတဲ့ ၀ရဇိန်မိုးကြိုးသွားကြီးကိုယူပြီး `ဂျိုင်း´ ကနဲမည်အောင်ပစ်ထည့်လိုက်ပါလေရော ။

အဲဒီမှာတင်မိန်းမတွေရဲ့ မျက်နှာပေါ်က နှုတ်ခမ်းမွှေးတွေ မုတ်ဆိတ်မွှေးတွေအကုန်လုံး သူတို့ရဲ့ `ဂျိုင်း´ အောက်ကိုရောက်သွားကြရောတဲ့ ။

ပထမတော့အဆင်ပြေနေသေးတာပေါ့ ။သိပ်မကြာပါဘူး ။ ဘာကိုပဲရရ အလိုမကျတတ်တဲ့ မိန်းမတွေရဲ့သဘာဝအတိုင်း `ဂျိုင်း´အောက်က အမွှေးတွေကို ရှုပ်တယ်လို့ထင်လာကြပြန်ရော ။ထုံးစံအတိုင်း သိကြားမင်းကြီးဆီပြေးကြတာပေါ့ ။

သိကြားမင်းကြီးဆီရောက်တော့ `သိကြားမင်းကြီးရယ်... သမီးတို့မှာ ဂျိုင်းမွှေးတွေနဲ့ အရမ်းရှုပ်ပါတယ် ။ အဲဒီတော့ ထပ်ပြီးကူညီပါဦး´ ပေါ့လေ ။သိကြားမင်းကြီးကလည်း ကူညီရှာပါတယ် ။ဒါပေမယ့်

ဖြစ်ချင်တော့ သိကြားမင်းကြီးက သုဇိတာမိဘုရားနဲ့ ရန်ဖြစ်ပြီးစ စိတ်ရှုပ်နေတဲ့အချိန်ဆိုတော့ သူယူလိုက်တဲ့ မိုးကြိုးသွားက အ. အ ကြီးဖြစ်နေပါလေရော ။ အဲဒီတော့ မိုးကြိုးသွားရဲ့ အသံက ပထမတုန်းကလို မမြည်တော့ဘဲ

`ဖုတ်´ကနဲပဲမည်ပြီးတော့ မိန်းကလေးတွေရဲ့ ဂျိုင်းမွှေးတွေလည်း ဘယ်ပျောက်သွားမှန်းမသိတော့ပါဘူး ။

အဲဒီကိစ္စကို ကျနော်လည်း အခုထိ စဉ်းစားလို့မရပါဘူးဗျာ ။

စုဗူးသူငယ်ချင်းတွေ စဉ်းစားလို့ ရရင်တော့......................

ဝေဿန္တရာထုံး နှလုံးမူတော်မူကြပါ

0 Comments
ဒီတခါတော့ ဘာမှလည်းသိပ်ရေးစရာမရှိလို့ ကျနော်တွေးမိသမျှ ပေါက်ပေါက်ရှာရှာ တွေရယ်..... ကြုံခဲ့ဖူးတဲ့ ရယ်စရာလေးတွေရယ်ကိုပဲ လျှောက်ရေးပြပါ့မယ် ။

ကျနော်စဉ်းစားမိတာတစ်ခုရှိတယ် ။ဘာလဲဆိုတော့ ကျနော်တို့ယောင်္ကျားလေးတွေ မိန်းမယူပြီးရင် အများစုကတော့ ကိုယ့်မိန်းမကို လုပ်ကျွေးကြပါတယ် ။ အဲ.....တချို့ကျတော့ မိန်းမလုပ်စာကို ထိုင်စားကြတယ်ခင်ဗျ ။ အဲဒါကို လူတွေကပြောကြတယ် ။`ဒီကောင်က မိန်းမလုပ်စာထိုင်စားတဲ့ကောင်... အရှက်မရှိတဲ့ကောင်...´ ဘာညာပေါ့ ။ အဲဒီလို အပြောခံရတဲ့သူကလည်း နာကြပါတယ် ။ ကျနော့်အထင်တော့ လူတွေကလည်း အဲဒီလို မပြောသင့်သလို အပြောခံရတဲ့သူကလည်းမနာသင့်ဘူးလို့ထင်တာပဲ ။ စဉ်းစားကြည့်လေ....

ကျနော်တို့ သာမာန်ပုထုဇဉ်လူသားတွေမပြောနဲ့ ။ ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးတောင်မှပဲ မဒ္ဒီဒေ၀ီ မိဖုရားလုပ်ကျွေးတာကို မြိန်မြိန်ကြီးထိုင်စားခဲ့သေးတာပဲ .... ကျနော်တို့လို လူတွေ မိန်းမလုပ်စာထိုင်စားတာလောက်ကတော့ Never Mind ပဲပေါ့နော် ။

ကျနော်ပြောတာကို သူငယ်ချင်းတွေ လက်ခံကြပါသလား ။ လက်ခံတယ်ဆိုတဲ့ သူငယ်ချင်းတွေအကုန်လုံး Committe of Waithandara ဖွဲ့ဖို့အတွက်စာရင်းပေးနိုင်ပါတယ် ။

(မှတ်ချက်။ ။ တွေးမိသလိုလေးကို ရယ်ရအောင် ပြန်ရေးပြတာဖြစ်ပါတယ် ။ အဲဒါကို အတည်မှတ်ပြီး အဲဒီအတိုင်း ကျင့်ကြံမိလို့ ယောက္ခမ ဖနောင့်စာမိရင်တော့ ကိုယ်ဖြစ်ကိုယ်ခံ ဖြစ်ပါတယ်လို့ ကြိုတင်အသိပေးအပ်ပါကြောင်း.....)

နောက်တစ်ခုပြောပြချင်တာက ကျနော်တို့ မြန်မာလူမျိုးတွေ ယုံကြည်ကြတဲ့ အတိတ်နမိတ်အကြောင်းပါ ။ ကျနော်တို့လူငယ်တွေ ပါးစပ်က ပေါက်ကရတွေလျှောက်ပြောတဲ့အခါမျိုးဆိုရင် လူကြီးတွေက တားမြစ်ကြပါတယ်။ အစကတော့ အဲဒါတွေကို အယုံအကြည်မရှိပါဘူး ။ အခုတော့ကိုယ်တွေ့မို့လို့ ယုံသွားပါပြီ ။

ဖြစ်ပုံက.......ဟိုတလောက ကျနော့်သူငယ်ချင်းတစ်ယောက် လက်ဖက်ရည်ဆိုင်ဖွင့်ပါတယ် ။ဆိုင်ဖွင့်ပွဲမနက် ရောက်တော့ ကိုသူရဿဝါတို့ကလည်း သွားဝါးတာပေါ့ ။ အဲဒီမှာ မနက်စောစောစီးစီး ဒီကောင်က ဘာသီချင်း ဖွင့်တယ်အောက်မေ့လဲ ။ အဲဒီသီချင်းက အတိတ်နိမိတ်မကောင်းလို့ ကျနော်က မဖွင့်ဖို့တားပါသေးတယ် ။ ဒါပေမယ့် သူကအဲဒီသီချင်းကို သိပ်ကြိုက်တော့ မပိတ်ပါဘူး ။ ဘာသီချင်းကို ကောက်ဖွင့်တယ်ထင်သလဲ ။

စိုင်းထီးစိုင် ဆိုတဲ့သီချင်းလေ ။ `အစကတည်းကမှ အဆင်မပြေတဲ့ ကိုယ်တို့ဘ၀ပါ အချစ်ရယ် ´ ဆိုတဲ့သီချင်းပေါ့

အမယ်.....သကောင့်သားက ကြိုက်လွန်လွန်းလို့ အဲဒီစာသားကိုဆိုပြီးတော့ကို အေးဆေးလက်ဖက်ရည် ထိုင်ဖျော်နေတာ.....

အခုဒီကောင့်ဆိုင် ဘာဖြစ်နေတယ်ထင်လဲ ။ တကယ့်ကို ကျီးနဲ့ဖုတ်ဖုတ်.....

ဟုတ်တယ်လေ..... အစကတည်းကကို အဆင်မပြေပါဘူးဆိုမှတော့ နောက်ပိုင်းလည်း ထူးမခြားနားပေါ့ ။

အဲဒီတော့ ကျနော်သတိပေးချင်တာက သူငယ်ချင်းတွေလည်း အတိတ်နိမိတ်ကောင်းတွေကိုသာ ရွေးတတ်ကြပါစေလို့ ။ဥပမာ.... ထီထိုးမယ် ဆိုရင်လည်း ထီဆိုင်ကဘာသီချင်းဖွင့်နေလဲ အရင်နားထောင်လိုက်

`နင်လှည့်စားရက်တယ် ငါ့ရင်ကိုခွဲ ´ဆိုတဲ့သီချင်းမျိုးဖွင့်ထားလို့ကတော့ အနားတောင်မကပ်ကြပါနဲ့ ။ `အခုအလှည့် ဘယ်သူ့အတွက်´ ဆိုတဲ့ သီချင်းမျိုးကြားရင်တော့ အမြန်သာပြေးထိုးပေတော့။ ထီသည်ကို ထိုးခိုင်းတာမဟုတ်ဘူးနော် ။ ထီထိုးခိုင်းတာပါ ။ အဲ.......တကယ်လို့မပေါက်ရင်တော့ ကျနော့်ကို အပြစ်မတင်ကြပါနဲ့ ။သီချင်းထဲမှာကိုက ပါပြီးသားလေ ။ `အခုအလှည့် ဘယ်သူ့အတွက် ´တဲ့ ။ ကိုယ့်အလှည့်မရောက်သေးဘူးလို့ပဲ မှတ်တော်မုကြပေါ့နော......

ပီကေစားရင်သတိထား....

2 Comments
တစ်ခါက စားသောက်ဆိုင်တစ်ခုမှာ ပြင်သစ်တစ်ယောက်နဲ့ အမေရိကန်တစ်ယောက် စားသောက်ဆိုင်တစ်ခုမှာ တွေ့ကြပါသတဲ့။ တစ်ခုံထဲမှာ အတူထိုင်ကြရင်း ဟိုအကြောင်း ဒီအကြောင်းပြောဖြစ်ကြတာပေါ့။ အဲဒီလို စကားပြောရင်းကနေ ပြင်သစ်ကြီးက စားလို့မကုန်တဲ့ပေါင်မုန့်အကျန်ကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပါသတဲ့။ အဲဒါကိုမြင်တဲ့အမေရိကန်က ပြင်သစ်ကို နောက်ချင်စိတ်ပေါ်လာပါသတဲ့။ အမေရိကန်ကြီးက မေးလိုက်တယ်။

ခင်ဗျားတို့ပြင်သစ်လူမျိုးတွေက စားလို့မကုန်တဲ့ပေါင်မုန့်တွေကို ဒီလိုပဲ လွှင့်ပစ်တာပဲလားဗျ

အင်းလေ... လွှင့်ပစ်တာပေါ့

ကျုပ်တို့ဆီမှာတော့လွှင့်မပစ်ဘူးဗျ အဲဒီအကျန်တွေကို သိမ်းထားပြီး ပေါင်မုန့်လုံးလုပ်တယ်။ ပြီးရင် ခင်ဗျားတို့ ပြင်သစ်ကို ပြန်တင်ပို့တယ်လေ..ဟဲဟဲ

အဲဒီတော့ပြင်သစ်ကြီး စိတ်ညစ်သွားတယ်။ ဒါနဲ့တင် မပြီးသေးဘူး။ အမေရိကန်ကြီးက ဆက်မေးတယ်။

ခင်ဗျားတို့ဆီမှာ စားလို့မကုန်တဲ့ အသားတွေကိုရော ဒီလိုပဲ လွှင့်ပစ်တာပဲလားဗျ

အင်းလေ.. လွှင့်ပစ်တာပေါ့ မပစ်လို့ဘာလုပ်ရမှာတုန်း

ကျုပ်တို့ကတော့လွှင့်မပစ်ဘူးဗျ အဲဒါတွေကိုပြန်သိမ်းထားတယ်။ ပြီးရင် ဟမ်ဘာဂါ လုပ်ပြီး ခင်ဗျားတို့ဆီကို ပြန်ပို့တယ်..ဟဲ ဟဲ

ပြင်သစ်ကြီးပေါက်ကွဲသွားတယ်။ ပြီးတော့ ဒီအမေရိကန်ကောင်ကိုတော့ ပြန်ပြီးပညာပေးရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ပြင်သစ်ကြီးက ပြန်မေးတယ်။

ခင်ဗျားတို့ဆီမှာ သုံးပြီးသား Condom (ကွန်ဒုံး ) တွေကိုလွှင့်ပစ်သလားဗျ

ဟာ..လွှင့်ပစ်တာပေါ့ဗျ ဘာလုပ်ရမှာတုန်း ဆိုတော့ ပြင်သစ်ကြီးက မိန့်မိန့်ကြီးပြန်ပြောလိုက်တယ်

အေး.... ကျုပ်တို့ဆီမှာတော့ လွှင့်မပစ်ဘူးဗျ အဲဒါတွေအကုန်ပြန်ပေါင်းပြီး ပီကေပြန်လုပ်တယ်။ ပြီးရင် ခင်ဗျားတို့ အမေရိကန်ကို ပြန်ပို့တယ်လေ ဟဲ ဟဲ ဟဲ.... လို့လည်းဆိုရော အမေရိကန်ကြီးလည်း တစ်ခွန်းတည်းအော်ပြီး ပြေးပါလေရောတဲ့......ကြော်ငြာထဲကလိုဆိုရင်တော့

အောင်မလေး....သေပါပြီဟ ဆိုပြီးတော့ပေါ့

အဲဒီတော့ သူငယ်ချင်းတွေလည်း ပီကေစားမယ်ကြံရင် နည်းနည်းသတိထားကြပါလို့..........

ခေတ်ပေါ်ကဗျာအကြောင်း တစေ့တစောင်း - ၁

0 Comments
ကျနော်က အမြဲတမ်း ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာလေးတွေရေးနေတတ်လို့ ကြာရင် သူရဿဝါက ပေါတောတောကြီးလို့ ထင်သွားကြမှာစိုးလို့ ဒီတစ်ခါတော့ အတည်အခန့်လေးတစ်ခုလောက်ရေးပြချင်ပါတယ်။ ဘာအကြောင်းရေးရင်ကောင်းမလဲလို့ တွေးကြည့်တော့ ကဗျာတွေအကြောင်းရေးပြချင်လာပါတယ်။ အဲဒီအထဲကမှ စုဗူးမှာရေးနေကြတဲ့ ကဗျာအများစုကို အခြေခံပြီး ခေတ်ပေါ်ကဗျာရေးပုံရေးနည်းကြောင်း နည်းနည်းလောက်ပြောပြချင်ပါတယ်။ ကဲ..... စလိုက်ရအောင်။

ဘာမှစပြီးမရေးခင်မှာ ကြိုပြီးတောင်းပန်ချင်တာကတော့ ကျနော်ဒီစာစုကိုရေးပြတာက အရမ်းတတ်နေလို့ မဟုတ်ပါဘူး။သိထားလောက်လေးကိုပဲ ပြန်ပြီးမျှဝေတယ်လို့ သဘောထားပေးကြပါလို့........

စုဗူးထဲမှာ ရေးနေကြတဲ့ သူငယ်ချင်းအားလုံးလိုလိုဟာ ကဗျာရေးကြတဲ့သူတွေများပါတယ်။ အဲဒီကဗျာတွေကို လိုက်ဖတ်ကြည့်လိုက်တော့ (ပွင့်ပွင့်လင်းလင်းပြောရရင် ) ကဗျာအများစုကို သိပ်ပြီးအားမရပါဘူး။ အကြောင်းအရာ လေးတွေကောင်းကြရဲ့သားနဲ့ တင်ပြပုံ (Presentation ) လေးတွေ အားနည်းနေကြတာကို တွေ့ရပါတယ်။ အဲဒါကြောင့်လည်း ဒီစာစုကိုရေးဖြစ်တာပါပဲ။

ခေတ်ပေါ်ကဗျာမှာ အားသာချက်တွေအများကြီးရှိပါတယ်။ ကာရန်တို့ နဘေတို့ ဆိုတဲ့ အချုပ်အနှောင်ဘာမှမရှိပါဘူး။ ပြီးတော့ ခေတ်ပေါ်ကဗျာကို ကြိုက်တဲ့ပုံစံနဲ့ ကိုယ်ရေးသားလို့ရပါတယ်။ ဥပမာ- ခက်ဆစ်ဖွင့်သလိုပုံစံမျိုးနဲ့ ညီမျှခြင်းချပြီးရေးတဲ့ပုံစံမျိုးပါ ။ ဒါက သဘောတရားလောက်ပဲပြောပြတာပါ။ ဒီအချက်အလက်လောက်ကိုလည်း အားလုံးလိုလို သိပြီးသားဖြစ်ကြမှာပါ ။

အဲဒီတော့ ခေတ်ပေါ်ကဗျာကို ချဉ်းကပ်နည်းလေးတွေဆက်ပြောပြပါ့မယ်။

(အချိန်မရတော့လို့ နောက်တစ်ပိုင်းခွဲပြီးရေးပါ့မယ်။ အားပေးကြပါဦး ။ )

ခေတ်ပေါ်ကဗျာအကြောင်း တစေ့တစောင်း - ၂

0 Comments
ခေတ်ပေါ်ကဗျာရဲ့ ရေးသူ ဖတ်သူ လွတ်လပ်ပုံ တစ်မျိုးကို ပြောပြပါဦးမယ်။ ရေးသူက သူ့ရဲ့ခံစားချက်နဲ့ သူရေးလိုက်ပေမယ့် ဖတ်တဲ့သူကလည်း ကိုယ့်စိတ်ထဲမှာ တိုက်ဆိုင်မိတဲ့ ခံစားချက်တစ်ခုကို ဆွဲယူပြီး ခံစားချက်ထည့်ဖတ်လို့ရပါတယ်။ ကဗျာရေးသူသုံးလိုက်တဲ့ စကားလုံးက အဓိပါယ်တွေ အများကြီးဖြာထွက်လေလေ... ကဗျာရဲ့ အကွာအဝေးက ရှည်လျားလေလေပါပဲ။ အဲဒါနဲ့ ပတ်သက်လို့ ပျော်ပျော်ရွှင်ရွှင်မဂ္ဂဇင်း ဇူလိုင်လ ၂၀၀၇ ခုနှစ် အမှတ် (၁ ) မှာ ကျနော်ရေးခဲ့တဲ့ `ပျံသန်းခြင်း´ ဆိုတဲ့ ကဗျာလေးကို ဥပမာအနေနဲ့ ထုတ်ပြပါ့မယ်။

ပျံသန်းခြင်း

ဟိုး ခပ်မြင့်မြင့်က တိမ်ညွန့်တွေခူးစားဖို့

သန့်စင်တဲ့လေကို ပေါ့ပေါ့ပါးပါး ရှူရှိုက်ဖို့

အတောင်ပံတွေတဖြန်းဖြန်းခတ်

အစိုင်အခဲပေါင်းစုံထိုးခွဲပျံသန်းပြီး

ကောင်းကင်တံခါးကိုဖွင့်ဖို့

ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးပမ်းနေကြပုံ ။ ။





အဲဒီကဗျာကို ရေးတုန်းက ကျနော်တို့ စာပေ၀ါသနာရှင်လူငယ်တွေ စာပေလောကထဲကို တိုးဝင်ဖို့ မျှော်လင့်ချက်အပြည့် အားမာန်အပြည့်နဲ့ ကြိုးစားနေကြပုံကို ရေးထားတာဖြစ်ပါတယ်။ အဲဒါကိုပဲ တခြားအတွေးနဲ့ ပြန်ပြီးခံစားကြည့်လို့ ရတယ်ဆိုတာကို သေချာဖတ်ကြည့်ရင်တွေနိုင်ပါတယ်။ ဥပမာ - ဒီနေ့ခေတ်လူငယ်တွေ ဘယ်လိုပြင်းပြင်းထန်ထန်နဲ့ ကိုယ်ဝါသနာပါရာကို ကြိုးစားနေကြုသလဲ ဆိုတဲ့ အဓိပါယ်မျိုးနဲ့  ခံစားကြည့်လို့ရပါတယ် ။ အဲဒီတော့ နောက်တစ်ချက်ပြောချင်တာက ကဗျာတစ်ပုဒ်ကောင်း မကောင်းဆုံးဖြတ်ရာမှာ ဖတ်သူရဲ့ စိတ်ခံစားမှုအပေါ်မှာလည်း အများကြီးမူတည်တယ်ဆိုတာပါပဲ။

( နောက်နေ့ဆက်ရေးပါ့မယ် )

ခေတ်ပေါ်ကဗျာအကြောင်း တစေ့တစောင်း - ၃

0 Comments
ဒီတခါဆက်ပြီးရေးပြချင်တာကတော့ နဲနဲအရေးကြီးပါတယ်။ ဘာလဲဆိုတော့ ကဗျာတစ်ပုဒ်ရဲ့ အသက်လို့ပြောလို့ရတဲ့

စကားလုံးရွေးချယ်ပုံ

တင်ပြပုံ (Presentation)

နိမိတ်ပုံခိုင်းနှိုင်းမှု

အဲဒါတွေကို အဓိကထားပြီးပြောချင်ပါတယ်။ စုဗူးထဲက ကဗျာတွေကိုလိုက်ဖတ်ကြည့်လိုက်တဲ့အခါမှာ ခုနကပြောတဲ့ အချက်သုံးချက်စလုံး အားနည်းနေသေးတာကို တွေ့နေရပါတယ်။ ကဗျာတွေအားလုံးကတော့ ခေတ်ပေါ်ကဗျာရဲ့ အ၀င်မုခ်ဦးလို့ပြောလို့ရတဲ့ ကာရန်မဲ့ကဗျာအမျိုးအစားထဲကို ရောက်နေကြပြီဖြစ်ပါတယ်။ ပထမဆုံးအချက်ဖြစ်တဲ့ စကားလုံးရွေးချယ်ပုံ ကိုစပြီးပြောပါ့မယ်။ အဲဒီထဲမှာပဲ တတိယအချက်ဖြစ်တဲ့ နိမိတ်ပုံခိုင်းနှိုငိးမှု ကလည်းပါဝင်လာမှာပါပဲ။ ဘာလို့လည်းဆိုတော့ အဲဒီနှစ်ခုက ဆက်စပ်နေလို့ပဲဖြစ်ပါတယ်။

ကဗျာတစ်ပုဒ်မှာ စကားလုံးရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ ကိုယ်သုံးလိုက်တဲ့ စကားလုံးကောင်းရင် ကောင်းသလို ကဗျာရဲ့ ဆွဲဆောင်မှုက ပိုပြီးကောင်းလာနိုင်လို့ပါပဲ။

ဥပမာ - ရင်ထဲမှာအရမ်းခံစားနေရပေမယ့်

မျက်နှာကတော့ ပျော်ရွှင်သလို ဟန်လုပ်ထားတယ်

ဆိုတဲ့စာသားမျိုးကို အဲဒီအတိုင်း တိုက်ရိုက်ကြီးရေးချမယ့်အစား အဲဒီအဓိပါယ်မျိုးလည်းသက်ရောက်အောင် စာဖတ်သူကိုလည်းဆွဲခေါ်သွားနိုင်အောင် ကျနော်စကားလုံး ရွေးချယ်မှုလေးလုပ်ပြပါ့မယ်။

မျက်နှာကတော့ နေသာချင်ယောင်ဆောင်

ရင်ဘတ်ထဲမှာ တိမ်တခြမ်းငိုနေတယ် ။

အဲဒီလို ရေးချကြည့်လိုက်ရင် စကားလုံးရဲ့ Attraction ပိုကောင်းသွားသလို ဖတ်သူကိုလည်း အတွေးတစ်ခုတော့ ပေးလိုက်နိုင်မှာပါပဲ။ အဲဒါကစကားလုံး ကစားနည်းတစ်မျိုးဖြစ်သလို အဲဒါကပဲ နိမိတ်ပုံသုံးနှုန်းမှုတစ်ခု ဖြစ်နေပြန်ပါတယ်။ အဲဒီလို Skill မျိုးရှိဖို့ကတော့ စကားလုံးကြွယ်ဝဖို့လိုသလို Talent ရှိဖို့လည်း အရေးကြီးပါတယ်။

နောက်နေ့ ဆက်ပြီးရေးပြပါဦးမယ်။ တခါတည်းနဲ့ အများကြီး ရေးပြချင်ပေမယ့် စာမေးပွဲကလည်း နှိက်စက်နေလို့ နည်းနည်းချင်းပဲ ရေးနေရပါတယ်။ နောက်နေ့တွေကျရင်လည်း အရေးကြီးတဲ့ အပိုင်းတွေကို ဆက်ပြီးရေးပါဦးမယ်။

ခေတ်ပေါ်ကဗျာအကြောင်း တစေ့တစောင်း - ၎

0 Comments
ပြီးခဲ့တဲ့နေ့ကပြောခဲ့သလိုပါပဲ။ ကဗျာတစ်ပုဒ်ရဲ့ အသက်ဟာ စကားလုံးသုံးနှုန်းတတ်မှု အပေါ်မှာ အများကြီးမူတည်ပါတယ်။ပိုပြီးရှင်းသွားအောင်ဥပမာတစ်ခုလောက်ထပ်ရေးပြပါဦးမယ်။

အဲဒီလို.....

အိပ်မက်တွေ ပျက်စီးသွားတုန်းက

ဘ၀ဆိုတာ...... နှင်းမကျတဲ့ဆောင်းလိုပဲ ဖြစ်ခဲ့တယ်။

တကယ်ဆို `ကလီယိုပါထရာ` အကြောင်း

မင်းမသိသင့်ခဲ့ဘူး အချစ်ရယ် ။ ။

ရိုးရိုးရှင်းရှင်းလေးပဲ ရေးထားတဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့အတွက် ကဗျာရဲ့ အဓိပါယ်ကိုတော့ ရှင်းပြစရာမလိုဘူးထင်ပါတယ်။ ဒီကဗျာထဲမှာပဲ စကားလုံးရွေးချယ်မှုရော၊ တင်ပြပုံ (Presentation) ရော၊ နိမိတ်ပုံ အသုံးအနှုန်းရော သုံးမျိုးလုံးသဘောပေါက်အောင် ရှင်းပြချင်ပါတယ်။

ပထမဆုံးအနေနဲ့ လွမ်းလွမ်းလျလျ ခံစားချက်ကိုပေါ်လွင်အောင်ရေးပြရတာဖြစ်လို့ စကားလုံးအသုံးအနှုန်း ရွေးချယ်တဲ့အခါမှာ ပျော့ပြောင်းနွဲ့လျတဲ့ စကားလုံးမျိုးကို ရွေးပြီးသုံးရပါတယ်။ ပြီးတော့ စကားလုံးကစားသွားပုံလေးကို နည်းနည်းပြောချင်ပါတယ်။

`အိပ်မက်တွေပျက်စီးသွားတုန်းက` ဆိုတာကိုရိုးရိုးတန်းတန်းပြန်ရေးရင် `ကောင်လေးနဲ့ ကောင်မလေးပြတ်သွားတဲ့အခါမှာ ကောင်မလေးအပေါ် ထားတဲ့ ကောင်လေးရဲ့ မျှော်လင့်ချက်တွေ အိပ်မက်တွေ ပျက်စီးသွားတယ်` လို့ရေးလို့ရပါတယ်။ အဲဒါကို သူငယ်ချင်းတို့က `သမီးရည်းစားပြတ်လို့ ဘဲလေးကခံစားရတာကိုများ အိပ်မက်တွေပျက်စီးသွားသလေး ဘာလေးလုပ်နေတယ်၊ အသည်းတွေကွဲခဲ့ရတုန်းက လို့ရေးလည်းဖြစ်တာပဲ` ဆိုပြီး မေးရင်မေးချင်လိမ့်မယ်။ အဲဒီလို ရေးလို့ရပါတယ်။ ဒါပေမယ့် အဲဒီနှစ်ကြောင်းကို ယှဉ်ကြည့်ရင် Impression အများကြီးကွာသွားပါတယ်။ `အသည်းကွဲခဲ့ရတုန်းက` ဆိုတဲ့စာသားက စာဖတ်သူရဲ့ အတွေးကို သိပ်မဆွဲဆောင်နိုင်ပါဘူး။ တနည်းပြောရရင် စာဖတ်သူကို တွေးစရာတစ်ခုခု ဆက်ပြီးမပေးနိုင်ပါဘူး။

`အိပ်မက်တွေပျက်စီးသွားတုန်းက`ဆိုတာကိုဖတ်ရတဲ့အခါမှာတော့စာဖတ်သူဟာအနည်းဆုံး`ဘယ်လို အိပ်မက်တွေပျက်စီးသွားတာလဲ` ဆိုတာလောက်တော့ တွေးယူရတော့မှာပါပဲ။ အဲဒီလို တွေးရပြီ ဆိုကတည်းက ဒီကဗျာဟာ စာဖတ်သူရဲ့ စိတ်ဝင်စားမှုကို အလိုလို သိမ်းယူပြီးသားဖြစ်သွားပါပြီ။

အခုရှင်းပြခဲ့တဲ့ ဥပမာက စကားလုံးရွေးချယ်မှု၊ စကားလုံးကစားမှုတွေကို ဘယ်လိုစိတ်ဝင်စားအောင် သုံးရမလဲ ဆိုတာကို သဘောပေါက်အောင် ပြောပြခဲ့တာဖြစ်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခဲ့တဲ့အတွက် ဆိုလိုရင်းကို အတိအကျ သဘောမပေါက်သေးရင်တောင် ရိပ်ဖမ်းသံဖမ်းလောက် တော့ သိသွားကြပြီထင်ပါတယ်။

ဆက်ပြီးပြောချင်တာက နိမိတ်ပုံသင်္ကေတ အကြောင်းပါ။ နိမိတ်ပုံသင်္ကေတရဲ့ အဓိပါယ်ကို အရင်ရှင်းပြပါ့မယ်။ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားအောင်လို့ အားလုံးနားလည်လွယ်မယ့် ဥပမာကိုပေးပါ့မယ်။ ကျနော်တို့ ဗီဒီယိုကားတွေကြည့်တဲ့အခါ ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက် သေတော့မယ်ဆိုရင် သေတဲ့ပုံကို တိုက်ရိုက်မပြဘဲ အဲဒီဇာတ်ကောင်ရဲ့ ဓါတ်ပုံကျကွဲတာမျိုး ၊ ကျီးကန်းတွေ တအာအာအော်တာမျိုးတွေကို ဒါရိုက်တာက ရိုက်ပြလေ့ရှိပါတယ်။ အဲဒါ `နိမိတ်ပုံ` ပါပဲ။ ဓါတ်ပုံကျကွဲသွားတာဟာ အဲဒီဇာတ်ကောင်သေတော့မယ်ဆိုတဲ့ နိမိတ်ပါ။ကဗျာတဲမှာသုံးတဲ့ နိမိတ်ပုံ ဟာလည်း ဒီသဘောပါပဲ။ နားလည်လောက်ပြီလို့ ထင်ပါတယ်။ ကျနော့် ကဗျာထဲမှာ `နှင်းမကျတဲ့ ဆောင်း` နဲ့ `ကလီယိုပါထရာ` ဆိုတဲ့ အသုံးအနှုန်းတွေက နိမိတ်ပုံသင်္ကေတတွေ အနေနဲ့ သုံးထားတာ ဖြစ်ပါတယ်။

မနက်ဖြန် မပြီးသေးတဲ့ `နိမိတ်ပုံသင်္ကေတ` အကြောင်းကို ဆက်ပါဦးမယ်။ စောင့်ပြီးဖတ်ပေးကြတဲ့ သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကဗျာအကြောင်းက တကယ်ပြောရင် အရှည်ကြီး မို့လို့ ဒီခေတ်ပေါ်ကဗျာစာစုက အများကြီးရေးပြရမှာဖြစ်ပါတယ်။ အစတုန်းကတော့ သဘောလောက်ပဲ ပြောတော့မယ်လို့ စိတ်ကူးထားပေမယ့် စောင့်ပြီးဖတ်ပေးနေတဲ့ သူငယ်ချင်းတွေရှိမှန်းသိရလို့ ဆက်ရေးဖို့ အားတွေရှိလာပါတယ်။ မနက်ဖြန်ထပ်ပြီး ဖတ်ပေးကြပါဦး။

မနက်ဖြန်ကျမှ နိမိတ်ပုံသင်္ကေတ အပိုင်းကို ဆက်ပြီးပြောပါ့မယ်။

ခေတ်ပေါ်ကဗျာအကြောင်း တစေ့တစောင်း - ၅

0 Comments
ဟိုနေ့က နိမိတ်ပုံသင်္ကေတရဲ့ အဓိပါယ်ကို ရှင်းပြခဲ့ပြီးပါပြီ။ ဒီနေ့တော့ အဲဒီနိမိတ်ပုံသင်္ကေတကို ကဗျာထဲမှာ ဘယ်လိုထည့်သုံးတယ်ဆိုတာကို ဆက်ပြီးပြောပြပါ့မယ်။ ကျနော့် ကဗျာထဲမှာ သုံးခဲ့တဲ့ နိမိတ်ပုံနှစ်ခုကိုပဲ ဥပမာအနေနဲ့ ပြန်သုံးပြချင်ပါတယ်။ ပိုပြီးအဆင်ပြေအောင် ကဗျာကိုပြန်ပြီး ဖော်ပြပေးလိုက်ပါတယ်။

အဲဒီလို....

အိပ်မက်တွေ ပျက်ဆီးသွားတုန်းက

ဘ၀ဆိုတာ.....

နှင်းမကျတဲ့ဆောင်းလိုပဲ ဖြစ်ခဲ့တယ်။

တကယ်ဆို “ကလီယိုပါထရာ” အကြောင်း

မင်းမသိသင့်ခဲ့ဘူး အချစ်ရယ်.....။

ဒီကဗျာထဲမှာ “နှင်းမကျတဲ့ဆောင်း” နဲ့ “ကလီယိုပါထရာ” ဆိုတာကို နိမိတ်ပုံအဖြစ် ယူသုံးခဲ့တာပါ။ ပထမ နိမိတ်ပုံ ဖြစ်တဲ့ “နှင်းမကျတဲ့ဆောင်း” ကို ရှင်းပြပါ့မယ်။ ချစ်သူနဲ့ ဝေးသွားရတဲ့အခါ ဘ၀ဟာ မျှော်လင့်ချက်တွေလည်း ဆိတ်သုဉ်း၊ ပျော်ရွှင်မှုတွေမရှိတော့ဘဲ ခြောက်သွေ့ အက်ကွဲသွားရတာကို ကျနော်က “နှင်းမကျတဲ့ဆောင်း” ဆိုပြီးတော့ လွမ်းလွမ်းမောမော နိမိတ်ပုံမျိုးကို ယူသုံးခဲ့တာပါ။ နှင်းမကျတဲ့ဆောင်းဟာ ............................။ ကိုယ့်ဘာသာကိုယ်ဆက်ပြီး ခံစားကြည့်စေချင်ပါတယ်။ ကျယ်ဝန်းနက်ရှိုင်းတဲ့ အသုံးအနှုန်းတစ်ခုဖြစ်လို့ တိတိကျကျ ရှင်းပြလို့ မရသလို ရှင်းပြဖို့လည်း မတတ်နိုင်ပါဘူး။

ဒုတိယနိမိတ်ပုံဖြစ်တဲ့ “ကလီယိုပါထရာ” ကို ဆက်ပြီးပြောပါ့မယ်။ ယေဘုယျအနေနဲ့ “မာယာများတဲ့၊ မျက်နှာများတဲ့ မိန်းမ” ဆိုတဲ့နိမိတ်ပုံကိုယူပြီး “ကလီယိုပါထရာ” နဲ့ တင်စားတာဖြစ်ပါတယ်။ ဒီနိမိတ်ပုံရဲ့ အဓိပါယ်ကိုတော့ အားလုံးနားလည်လိမ့်မယ်လို့ ထင်ပါတယ်။ နိမိတ်ပုံအကြောင်းကိုလည်းနားလည်လောက်ပြီလို့ ထင်ပါတယ်။ ပိုပြီးလေ့လာလို့ရအောင် ကျနော်ရေးထားတဲ့ကဗျာတစ်ပုဒ်ကို ပေးဖတ်ပါ့မယ်။ ထူးခြားတာကတော့ အဲဒီကဗျာကို ကျနော်က တစ်ပုဒ်လုံး နိမိတ်ပုံတွေနဲ့ ချည်းပဲ ရေးထားခဲ့တာဖြစ်ပါတယ်။ ဖတ်ပြီးတော့ လေ့လာကြည့်ကြပါဦး။



၂၀၀၇ ဇူလိုင် (၇) ရက် မှတ်တမ်း

နှလုံးသားအမှားနဲ့ မျှားမိတဲ့ စကားလုံးအနွမ်းများ -

၁။ အစိမ်းရင့်ရင့် ရင်ခွင်

၂။ ငါလာခဲ့ရတဲ့ ခရီးကဝေးတယ်

ကျေးဇူးပြုပြီး ...... နှင်မထုတ်ပါနဲ့ကွယ်။

၃။ ခါး....ရင့်.....ဆူး......နစ်...

၎။ ငါ့ဘက်ကိုမှ တည့်တည့်လှည့်ထိုင်တဲ့ နဂါး

၅။ မေလ (၄) ရက်နေ့

၆။ မနက်ဖြန်ကို ကြိုမြင်နေရတဲ့ မျက်လုံး

၇။ မင်းကျင်းပမယ့် ငါ့ဈာပနကို

မင်းကိုယ်တိုင် တက်ရောက်ပါ။

၈။ .............................

၉။ တအိအိ.... ကန့်လန့်ကာ ကျလာပုံ



အသည်းကွဲ ကဗျာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အားလုံးခံစားလို့ ရမယ်လို့ ထင်ပါတယ်။ အပိုင်း - ၆ မှာ တင်ပြပုံ (Presentation) အကြောင်းဆက်ပြီးပြောသွားပါ့မယ်။

ခေတ်ပေါ်ကဗျာအကြောင်း တစေ့တစောင်း - ၆

0 Comments
တင်ပြပုံ (Presentation) အကြောင်းကို ဆက်ရအောင်။ ကဗျာကိုလည်းပြန်ပြီး ဖော်ပြပေးလိုက်ပါဦးမယ်။ အထပ်ထပ်ရှိတော့ မှတ်မိတာပေါ့နော့။

အဲဒီလို.....

အိပ်မက်တွေပျက်စီးသွားတုန်းက

ဘ၀ဆိုတာ.....

နှင်းမကျတဲ့ဆောင်းလိုပဲ ဖြစ်ခဲ့တယ်။

တကယ်ဆို “ကလီယိုပါထရာ” အကြောင်း

မင်းမသိသင့်ခဲ့ဘူးအချစ်ရယ်။

ကဗျာရေးသူရဲ့ ခံစားချက်နဲ့ သင့်တော်တဲ့ တင်ပြပုံမျိုးကို အသုံးပြုတတ်ဖို့ သိပ်အရေးကြီးပါတယ်။ ကျနော် ဒီကဗျာမှာ ဘာကြောင့် ဒီတင်ပြပုံကို သုံးခဲ့တယ်ဆိုတာကို ရှင်းပြပါ့မယ်။

ကဗျာထဲက အသည်းကွဲနေတဲ့ကောင်လေးဟာ သူဘယ်လို ခံစားနေရတယ်ဆိုတာကို သူ့ချစ်သူသိပြီး သူ့ကို စာနာစေချင်တဲ့ စိတ်ဆန္ဒကတစ်ခု ၊ ရက်စက်တဲ့ ချစ်သူကို အပြစ်တင်ချင်တဲ့ ဒေါသအနွမ်းက တစ်ခု ရောထွေးနေ ခဲ့တာပါ။ အဲဒီတော့ သူ့ချစ်သူကို “သူ့ဘ၀ဟာ ဘယ်လိုဖြစ်နေပါပြီ။ မင်းသာမျက်နှာမများခဲ့ရင် သိပ်ကောင်းမှာပဲ ” လို့ နွမ်းနွမ်းမောမော တိုင်တည်နေတဲ့ ပုံစံမျိုးနဲ့ တင်ပြထားတာပါ။ ဒီလို တင်ပြပုံမျိုးမဟုတ်ဘဲ တခြားတင်ပြပုံ တစ်ခု နဲ့သာဆိုရင် ကောင်လေးရဲ့ စိတ်ခံစားမှုတွေကို အပြည့်အ၀ ခံစားလို့မရဘဲ လမ်းကြောင်းလွဲသွားနိုင်ပါတယ်။ နည်းနည်းတော့ ရှင်းကြမယ်ထင်ပါတယ်။ နှိုင်းယှဉ်လေ့လာလို့ရအောင်လို့ နောက်ထပ် Presentation တစ်ခုကို ဖော်ပြပေးပါ့မယ်။ Presentation အရမ်းကောင်းတဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ အဲဒီကဗျာကို ဖတ်ပြီးတာနဲ့ တင်ပြပုံရဲ့ အရေးပါပုံကို အများကြီးနားလည်သွားကြမှာပါ။

ဆရာ ဥတ္တရာအောင်ရဲ့ ကဗျာဖြစ်ပါတယ်။ ဖတ်ကြည့်ကြပါဦး။

ဖခင်တစ်ယောက်ရဲ့ စာကြောင်းများ

ငါထိုင်တယ်

ငါနေတယ်

ဒါ့ကြောင့် ငါရှိတယ်

အခန်းထဲ ဂျင်းဘောင်းဘီဝတ်ဝင်လာတဲ့ငနဲက

ငါ့သွေးတစ်စက်မှမပါတဲ့အတိုင်း

ငါလေထိုးပေးလို့ ဖောင်းလာတဲ့ဘောလုံး

ငါ့ကို မျက်စိစပါးမွှေးစူးသလို

ခနဲ့တဲ့တဲ့ ငါ့ရှေ့မှာ ဆောင့်ကြွားကြွားလိမ့်လို့

အချိန်ကို ပန့်ကေညှပ်ထားတဲ့ ဆံပင်နဲ့

အိမ်ထမင်းညာစားနေတဲ့ ရှပ်အင်္ကျီ

အသက်က ၀ါးပင်ထိပ်ဖျားရောက်နေပြီ

ခုထိ ဘယ်လိုဆူဖြိုးရမှန်းမသိတဲ့ ဘွတ်ဖိနပ်

အင်္ဂလိပ်စကားပြော ၊ကွန်ပျူတာ ၊ ဟစ်ဟော့

ဒီဖွတ်ကြားဆေးမင်ကြောင်နဲ့များဒူးနန့်ပြမနေစမ်းပါနဲ့ကွာ

မင်းကိုယ်မင်း

ပညာလက်တစ်ဆုပ်စာနဲ့ ခေတ်ကိုထုဆစ်နေရတဲ့

လူငယ်ပန်းပုဆရာများ ထင်နေသလား

ပြောလိုက်ရင်

ဒီခေတ်ကိုက

ဒီခေတ်ကိုကနဲ့

ငါပဲ ဟောင်းနွမ်းနေတဲ့ ရှေးဟောင်းရဲတိုက်ကြီးလိုလို

ငါပဲ ထုံးသုတ်ခံရတော့မယ့် ခြံစည်းရိုးလိုလို

ငါပဲ အသစ်လဲခံရတော့မယ့် မီတာဘောက်လိုလို ။ ။



ကဗျာဆရာက သူ့စိတ်ထဲမှာ အားမလို အားမရဖြစ်နေရတဲ့ သူ့သားကို ကရုဏာဒေါသောနဲ့ အပြစ်တင်နေတဲ့ ပုံစံမျိုး ခပ်ဆတ်ဆတ်ကလေးရေးထားတာကို အလွယ်တကူမြင်နိုင်ပါတယ်။ တင်ပြပုံမှန်ကန်ပြီး အံဝင်ခွင်ကျ ဖြစ်နေလို့ပါပဲ။ အဲဒီနေရာမှာသာ “လိမ္မာစမ်းပါသားသားလေးရယ်.....ဖေဖေကလေ သားကို.......” အစရှိတဲ့ တင်ပြပုံမျိုးသာ သုံးလိုက်ရင် စာဖတ်သူရဲ့ စိတ်ထဲ သိပ်ပြီးစွဲလမ်းမှာမဟုတ်တဲ့အပြင် ကဗျာဆရာကိုတောင် “ဂျီပုန်းဖေဖေကြီး” လားမသိဘူးလို့ ထင်ချင်ထင်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကဗျာရဲ့ အကြောင်းအရာနဲ့ တင်ပြပုံဟာ အပြန်အလှန် အံဝင်ခွင်ကျဖြစ်နေရမယ်လို့ ကျနော် သတိပေးခဲ့တာဖြစ်ပါတယ်။ Presentation အကြောင်းကိုလည်း သဘောပေါက်နားလည်သွားကြပြီလို့ ထင်ပါတယ်။

ဒါ့ကြောင့် စကားလုံးရွေးချယ်မှု ၊ နိမိတ်ပုံသင်္ကေတ ၊ တင်ပြပုံ ကောင်းရင်ကောင်းသလို ကဗျာဟာလည်း “ကြွ” နေမှာပါပဲ။ အဲဒီသုံးမျိုးလုံးကောင်းတဲ့ ကဗျာဟာလည်း Performance (ဖော်ကျူးမှု အနုပညာ) ကောင်းတဲ့ ကဗျာတစ်ပုဒ်ဖြစ်နေမှာသေချာပါတယ်။

ကမ္ဘာကြီးနှင့်တူသော မိန်းမများ

0 Comments
- အသက် ၆၀ အရွယ်မိန်းမတွေဟာ `ဆိုက်ဘေးရီးယား´ နဲ့တူတယ်။ ဘယ်နေရာမှာရှိမှန်း လူတိုင်းသိတယ် ၊ ဒါပေမယ့် ........ ဘယ်သူကမှ မသွားချင်ကြဘူး။



- အသက် ၅၀ အရွယ်မိန်းမတွေကတော့ `ဥရောပ´ နဲ့တူတယ်။ အားလုံးပျက်စီးနေလို့ပဲ။



- အသက် ၄၀ အရွယ်မိန်းမတွေကိုကျတော့ `အမေရိက´ လို့သတ်မှတ်ကြတယ်။ အတတ်ပညာတွေစုံနေပြီလေ။



- အသက် ၃၀ အရွယ်မိန်းမတွေကျပြန်တော့ `အိန္ဒိယ´ နဲ့တူပြန်ရော။ သူတို့ဟာ နွေးထွေးတယ် ၊ ရင့်ကျက်တယ် ၊ ပြီးတော့ လျှို့ဝှက်နက်ရှိုင်းတယ်။



- အသက် ၂၀ အရွယ်ကောင်မလေးတွေက `အာဖရိက´ နဲ့တူတယ်။ တစ်ဝက်တစ်ပျက်ပဲ ဖော်ထုတ်နိုင်သေးလို့တဲ့။



အဲဒီတော့ မိန်းမတွေဟာ ကမ္ဘာကြီးနဲ့တူတယ်။

ကိုလူလိန်....စုဗူး နှင့် Mr.Brown

0 Comments
မနေ့က (၈.၁.၂၀၀၈) စုဗူးသူငယ်ချင်းများရဲ့ တရားဝင် Fan Club ဖွဲ့စည်းတဲ့ အခမ်းအနားကို သူရဿဝါ ရောက်သွားဖြစ် ခဲ့ပါတယ်။ ပထမတော့ မသွားတော့ဘူးလို့ စဉ်းစားထားခဲ့ပေမယ့် မငယ်တို့က တဖွဖွခေါ်နေတာကတကြောင်း (အမှန်က လာရမယ်လို့ ခြိမ်းခြောက်တာပါ) ၊ သူငယ်ချင်းနွေးနွေးသဲမွန်က အတင်းဆွဲခေါ်သွားတာကတကြောင်း မို့လို့ ရောက်သွား ဖြစ်ခဲ့တာပါ။

ပွဲကျင်းပမယ့် ဘားလမ်းက ကိုညိုကြီးကဖီး (Mr.Brown Cafe ကို သူရဿဝါ မြန်မာမှုပြုထားတာပါ ဟဲဟဲ)ကိုရောက် တော့ ၁၁ နာရီထိုးတော့မယ်။ ပထမဆုံးတွေ့လိုက်ရတာက ကိုလူလိန်ကြီးပါ။ အောက်ထပ်က၀ိုင်းမှာ သူနဲ့အတူထိုင်နေ ကြတဲ့သူတွေကို ဘာတွေလိမ်နေတာလဲတော့ မသိဘူး။ အပေါ်ထပ်မှာ လူစုံသလောက်ဖြစ်နေပြီလို့ သူကပြောတာကြောင့် သူရဿဝါတို့လည်း အပေါ်ကိုတက်ခဲ့ကြပါတယ်။ အပေါ်ထပ်မှာတော့ မငယ်တို့ရော ၊ ကိုရွှေဘုန်းလူတို့ရော လူစုံသလောက်ဖြစ်နေပါပြီ။ မဟီတို့ ၊ ယောစစ်တို့ ထပ်ရောက်လာတဲ့အခါကျတော့ လူပိုစုံသွားပါတယ်။

၁၁ နာရီခွဲလောက်မှာ အခမ်းအနားစဖို့ ပြင်ကြပါတယ်။ မစခင် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်မိတ်ဆက်ကြ ပြီးတော့ ဟိုဟိုဒီဒီရယ်စရာတွေ ပြောနေခဲ့ကြပါသေးတယ်။ နောက်တော့ ကိုလူလိန်က Fun Club ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ အဖွဲ့ရဲ့ဦးတည်ချက်တွေကို အကျယ်တ၀င့် ကုပ်ကုပ်ကလေး မတ်တပ်ရပ်ပြီး ရှင်းပြပါတယ်။ ပြီးတဲ့နောက် အဖွဲ့အတွက် အရေးပါတဲ့ ခေါင်းဆောင် ၊ဘဏ္ဍာရေးမှုးစတဲ့ရာထူးတွေကို မဲစနစ်နဲ့ ရွေးချယ်မှာဖြစ်ကြောင်း ရှင်းပြပြီး မဲပေးရမယ့်နာမည်စာရင်းစာရွက်တွေကို တစ်ယောက်ချင်းဝေပေးပါတယ်။ သူရဿဝါလည်း မဲပေးခံရမယ့်စာရင်းထဲမှာ ကိုယ့်နာမည်များ မတော်တဆပါလာလေမလားပေါ့။ ပြူးပြဲပြီးရှာကြည့် ပါသေးတယ်။ ဒါပေမယ့် စီစဉ်သူတွေရဲ့ စနစ်တကျရှိမှုနဲ့ အမှားအယွင်းကင်းမှုကြောင့် သူရဿဝါဆိုတဲ့နာမည် မပြောနဲ့... ငါရဿဝါလို့တောင် ခပ်ဆင်ဆင်လေးပါမလာရှာပါဘူး။ အဲဒီတော့လည်း တခြားထိုက်တန်တဲ့သူတွေကိုပဲ မဲပေးလိုက်ရပါတော့တယ်။

အဲဒီနောက်မှာတော့ အဖွဲ့ကစီစဉ်နေတဲ့ ပရဟိတလုပ်ငန်းတွေနဲ့ လူမှုရေးပွဲတွေအတွက် အဖွဲ့ဝင်တွေအားလုံး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ရင်းရင်းနှီးနှီး သင့်သင့်မြတ်မြတ် ဆွေးနွေးကြပါတယ်။ အဲဒီနောက် မဲပေးတဲ့စာရင်းကို ကြေငြာပေးပါတယ်။ အဖွဲ့ရဲ့ခေါင်းဆောင်နေရာကို စုစုပေါင်း (၁၇) မဲနဲ့ ကိုလူလိန်ကြီးက ရရှိသွားပါတယ်။ သူမဲလိမ်တာလား မလိမ်ဘူးလားတော့ သူရဿဝါလည်း မသိဘူးပေါ့နော်။ ဘဏ္ဍာရေးမှူးနေရာကိုတော့ မငယ်ကရသွားပါတယ်။ အတွင်းရေးမှူးကတော့ ကိုစိုးဒေ၀ဒတ်ဖြစ်သွားပြီး အလုပ်အမှုဆောင်ရာထူးကိုတော့ ၀ိုင်ကရရှိသွားပါတယ်။ သူတို့ကိုကြည့်ပြီးတော့လည်း သူရဿဝါ ၀မ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ၄ နေရာထဲက ၃ နေရာဟာ သူရဿဝါပေးခဲ့တဲ့မဲအတိုင်း တိုက်ဆိုင်နေလို့ပါပဲ။ ကိုယ့်ဆန္ဒနဲ့တိုက်ဆိုင်သွားလို့ ၀မ်းသာရတာပါပဲ။

အဲဒီနောက်တော့ အကျွေးအမွေးအစီအစဉ်ကိုကျော်ပြီး တွေ့ဆုံပွဲလေးကို အောင်မြင်စွာရုပ်သိမ်းလိုက်ကြလို့ သူရဿဝါတို့လည်း ဆာဆာနဲ့ပဲ အိမ်ပြန်လာခဲ့ရပါတယ်။ ပထမအကြိမ်တွေ့ဆုံပွဲလေးမှာ အခက်အခဲမရှိဘဲ ချောချောမွတ်မွတ်အောင်မြင်သွားသလို နောက်လာမယ့် အကြိမ်တိုင်းလည်း ထိုနည်းလည်းကောင်းဖြစ်ပါစေလို့ ဆုတောင်းမိပါတယ်။

အဖွဲ့အပေါ်မှာ စေတနာကောင်းနဲ့ သူရဿဝါ အကြံပြုချင်တာလေးတွေကတော့.......

ပထမအချက်- ဘဏ္ဍာရေးမှူးမငယ်အနေနဲ့ ဆာမူရိုင်းကို လက်ထောက်ရာထူးပေးပြီးတော့ အနားမှာခေါ်ထားသင့် တယ်လို့ ထင်ပါတယ်။ ဒါမှ အကြွေးတောင်းစရာရှိရင်သော်လည်းကောင်း ၊ အလှူငွေကောက်စရာရှိရင်သော်လည်း ကောင်း ဆာမူရိုင်းရဲ့ မျက်နှာမာကြီးကို ရှေ့မှာထားလိုက်ရင် အလွယ်တကူရမယ်ထင်လို့ပါ။

ဒုတိယအချက်- မငယ်အနားမှာ မထားသင့်တာကတော့ သံယောဇဉ်ပါ။ ဘာလို့လည်းဆိုတော့ အဲဒီကောင်မလေးက တဆိတ်ရှိ စားမယ်သောက်မယ်မြိုချမယ်ဆိုတာချည်းပဲစိတ်ကူးနေလို့ပါပဲ။ တော်ကြာ မငယ်ပါသူ့ဓါတ်ကူးသွားရင် မတွေးဝံ့စရာတွေဖြစ်ကုန်မှာစိုးလို့ပါ။

တတိယအချက်- ဦးစီးဦးဆောက်တစ်ဖွဲ့လုံးကို အကြံပေးချင်တာကတော့ ခေါင်းဆောင်ဖြစ်သွားတဲ့ကိုလုလိန်ကို ဂုဏ်ပြုတဲ့အနေနဲ့ My Suboo Home Page မှာ ကိုလူလိန်ကြီးရဲ့ပုံကို ခန့်ခန့်ကြီးတင်ပေးထားရင်ကောင်းမယ်ထင် ပါကြောင်း ချောက်တွန်း sorry တိုက်တွန်းလိုက်ရပါတယ်။

မြင့်မြတ်သော စိတ်ကူးရှင်သို့..............

0 Comments
ညီမလေး သံယောဇဉ်ရေ......

ကမ္ဘာအရပ်ရပ်ကလူတွေ အားလုံးလိုလိုပါပဲ။ `မွေးနေ့´ ဆိုတာကို အထိမ်းအမှတ်တစ်ခုအဖြစ် တခုတ်တရ လက်ခံထားတတ်ကြပါတယ်။ အားလုံးဟာလည်း အဲဒီ အထိမ်းအမှတ်ပြုနေ့စွဲအပေါ် အမျိုးမျိုးသော `မွေးနေ့စိတ်ကူး´ တွေကို ဖန်တီးကြည့်လေ့ရှိကြတာပါပဲ။ ညချမ်းအချိန်မှာ မြက်ခင်းစိမ်းစိမ်းဥယျာဉ်ထဲ ကျင်းပချင်တဲ့ မွေးနေ့ပါတီတွေ.... အဖေနဲ့အမေကို ကျေးဇူးသိတတ်ခြင်းနဲ့ ကြည်ကြည်နူးနူးကန်တော့ချင်တဲ့ မွေးနေ့စိတ်ကူးတွေ ရှိကြမှာပါပဲ။ အဲဒီ စိတ်ကူးတွေထဲမှာမှ `မွေးနေ့´ ဆိုတဲ့စကားလုံးရဲ့ လေးနက်မှုနဲ့ တွေးသင့်တွေးထိုက်တာတွေကို တွေးဖူးကြပါသလား။

ညီမလေးရေ.......

မင်းရော ခုနကပြောတာတွေကို တွေးကြည့်ခဲ့ဖူးပါသလား။ တွေးချင်လည်းတွေးကြည့်ဖူးပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အစ်ကိုကတော့ တွေးမိတာလေးတွေကိုပဲ ညီမလေးအတွက် မွေးနေ့လက်ဆောင်ပေးပါရစေ။ `မွေးနေ့´ ဆိုတဲ့စကားလုံးဟာ အချိန်သုံးပါးလုံးနဲ့ သက်ဆိုင်မှုရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တွေးမိနေတဲ့ `မွေးနေ့´ ဟာ အတိတ်တုန်းကမွေးနေ့အကြောင်းဖြစ်နိုင်သလို ပစ္စုပ္ပန်ကမွေးနေ့ ဒါမှမဟုတ် အနာဂတ်မှာရောက်လာမယ့် မွေးနေ့အကြောင်းလည်း ဖြစ်နေနိုင်တာပါပဲ။ ပြီးတော့ `မွေးနေ့´ မှာကျင်းပချင်တဲ့ ပါတီပွဲတွေ ၊ အလှူဒါနတွေ အားလုံးကိုလည်း အဓိပ္ပါယ်ရှိရှိ ကျင်းပနိုင်ရင် သိပ်ကောင်းမှာပါပဲ။ အခု ညီမလေးရဲ့ (၁၇) နှစ်ပြည့်မွေးနေ့မှာ ညီမလေးကျင်းပခဲ့တဲ့ မြင့်မြတ်တဲ့အလှူဒါနမျိုးပေါ့။ အဲဒီလိုအလှူမျိုးကို ညီမလေးကျင်းပခဲ့တာဟာ ညီမလေးအတွက်တော့ တစ်ရက်တည်းပါ။ ဒါပေမယ့် အဲဒီ မြင့်မြတ်တဲ့ ညီမလေးရဲ့ စိတ်သန္တာန်ထဲက အလှူပွဲကိုတော့ လူပေါင်းများစွာ မပြီးဆုံးနိုင်အောင် တက်ရောက်နေကြမယ်ဆိုတာကတော့ သေချာပါတယ်။ အဲဒီလိုအလှူဒါနဟာ ညီမလေးအတွက်လည်းတွေးတတ်ရင် အမြဲတမ်းကျင်းပနေမိတဲ့ အလှူဒါနဖြစ်နေမယ်ဆိုတာလည်း သေချာပါတယ်။ အစ်ကိုတောင် ညီမလေးရဲ့ `မွေးနေ့ပွဲ´ကို လူကိုယ်တိုင် မတက်ရောက်နိုင်ပေမယ့် အားကျစိတ်တွေ...အထင်ကြီးစိတ်တွေနဲ့ လေးလေးနက်နက် တက်ရောက်နေခဲ့တာပါ။

ညီမလေးရေ.......

ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ပေါ့ကွာ။ ခမ်းခမ်းနားနားမဟုတ်ပေမယ့် ကိုယ်ရှိသလောက်လေးကိုပဲ အမွန်မြတ်ဆုံး စိတ်ထားလေးနဲ့ ကျင်းပနိုင်တဲ့ `မွေးနေ့ပွဲ´ မျိုး `မွေးနေ့ရှင်´မျိုး ဖြစ်နေနိုင်ပါစေလို့ အစ်ကိုနဲ့ မနွေးနွေးနဲ့က အမြဲဆုတောင်းပေးနေပါ့မယ်။

ညီမလေးသံယောဇဉ် အသက် (၁၇) နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်ကိုယ်ကိုရော သူများတွေကိုရော အကျိုးပြုနိုင်တဲ့ လူသားပီသတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါစေလို့ အစ်ကိုတို့ ဆုတောင်းပေးလိုက်ပါတယ်။



သူရဿဝါ ၊ နွေးနွေးသဲမွန်

လေ့လာကြသူများ

0 Comments
တခါက လူ့အဖွဲ့အစည်းယဉ်ကျေးမှုကို လေ့လာတဲ့ သိပ္ပံပညာရှင်တွေက စမ်းသပ်မှုတစ်ခု လုပ်ကြပါတယ်တဲ့။ အဲဒါက ဘာလဲဆိုတော့ လူမျိုးအသီးသီးရဲ့ နေထိုင်မှုစနစ်ကို လေ့လာဖို့ပါတဲ့။ အဲဒီစမ်းသပ်မှုအတွက် Sample အဖြစ် ပြင်သစ်လူမျိုးရယ် ၊ အင်္ဂလိပ်လူမျိုးရယ် ၊ အမေရိကန်လူမျိုးရယ်ကို ရွေးလိုက်ပါတယ်။ ပြင်သစ်လူမျိုးထဲက ယောင်္ကျားလေးနှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကို ရွေးလိုက်တယ်။ အင်္ဂလိပ်နဲ့ အမေရိကန်အတွက်လည်း အဲဒီလိုပဲ ရွေးချယ်ပါတယ်တဲ့။ ရွေးချယ်ပြီးတော့ လူမျိုးတစ်မျိုးစီကို ကျွန်းတစ်ကျွန်းဆီမှာ တစ်နှစ်ဆီထားခဲ့ပါတယ်။ တစ်နှစ်ပြည့်တဲ့အခါကျတော့ အခြေအနေဘယ်လိုရှိလည်းဆိုတာကို လေ့လာရေးအဖွဲ့က ပြန်သွားကြည့်ကြပါတယ်။



ပထမဆုံး ပြင်သစ်လူမျိုးတွေနေတဲ့ ကျွန်းကိုသွားလေ့လာကြပါတယ်။ အဲဒီကျွန်းပေါ်ရောက်တော့ သူတို့ထားခဲ့တဲ့ ယောင်္ကျားလေးနှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်အပြင် နောက်ထပ်မိန်းကလေးတစ်ယောက်ပါ ထပ်ရောက်နေတာကို တွေ့လိုက်ကြပါသတဲ့။ အဲဒီတော့ လေ့လာရေးအဖွဲ့က မေးတာပေါ့။ ဘယ်လိုဖြစ်ပြီး မိန်းကလေးတစ်ယောက်ထပ်တိုးလာသလဲပေါ့။ အဲဒီတော့ ယောင်္ကျားလေးတစ်ယောက်ကဖြေတယ်။

`ဒီလိုပဲ အကြံအဖန်လုပ်လိုက်တာပေါ့ဗျ။ ခုဆို ယောင်္ကျားလေးနှစ်ယောက် မိန်းကလေးနှစ်ယောက် ဘယ်လောက်များ အဆင်ပြေလိုက်သလဲ။ အဝေမတည့်မှာကို မစိုးရိမ်ရတော့ဘူး´ တဲ့။



နောက်ထပ်ရောက်သွားတာတော့ အင်္ဂလိပ်တွေနေတဲ့ ကျွန်းကိုပါ။ အဲဒီကိုရောက်တော့ ယောင်္ကျားလေးနှစ်ယောက် ပဲတွေ့တော့တယ်။ မိန်းကလေးတစ်ယောက် ဘယ်ရောက်သွားလဲလို့ မေးကြည့်တော့

`ဟာဗျာ... ဒီမိန်းမ ရှုပ်ကရှုပ်သနဲ့ .... ဘာမှလည်းအသုံးမကျတာနဲ့ ရေထဲကန်ချလိုက်ပြီ´ တဲ့။



နောက်ဆုံးအနေနဲ့ အမေရိကန်တွေကို ထားခဲ့တဲ့ကျွန်းဆီဆက်သွားကြတာပေါ့။ အဲဒီကိုရောက်တော့ သူတို့ထားခဲ့တဲ့ သုံးယောက်လုံးရှိပါသေးတယ်။ ယောင်္ကျားလေးနှစ်ယောက်က အေးအေးဆေးဆေး စစ်တုရင်ထိုင်ထိုးနေကြတယ်။ မိန်းကလေးကတော့ တရှုံ့ရှုံ့နဲ့ ထိုင်ငိုနေရှာပါတယ်။ တစ်ကိုယ်လုံးလည်း ဒဏ်ရာဒဏ်ချက်တွေက အပြည့်နဲ့ပါတဲ့။ လေ့လာသူအဖွဲ့လည်း တအံ့တသြမေးကြည့်တာပေါ့။ ဘာတွေဖြစ်နေကြတာလဲပေါ့လေ။ အဲဒီတော့ ယောင်္ကျားလေး နှစ်ယောက်ထဲက တစ်ယောက်က ၀င်ဖြေပါတယ်။

`မိန်းကလေးကတစ်ယောက်တည်း ယောင်္ကျားလေးကနှစ်ယောက်ဆိုတော့ ကျနော်နဲ့ ဒီကောင်နဲ့ နားလည်မှုယူလိုက်တယ်။ တင်္နလာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး သုံးရက်ဆိုရင် ကျနော်က ဒီမိန်းမရဲ့ ယောင်္ကျား ၊ ဟိုကောင်က လင်ငယ်လုပ်တယ်။ အဲ... ကြာသာပတေး ၊ သောကြာ ၊ စနေဆိုရင်တော့ ဒီကောင်က လင်ကြီး ကျနော်က လင်ငယ်´ တဲ့။

လေ့လာသူအဖွဲ့လည်း သိချင်ဇောနဲ့ထပ်မေးတာပေါ့။ တနင်္ဂနွေဆိုရင်ကောဆိုတော့

`တနင်္ဂနွေကျရင်တော့ ဒီကောင်မကို လင်ငယ်ထားရကောင်းလားဆိုပြီး ၀ိုင်းရိုက်ကြတယ်လေ´

စိတ်ထားတတ်ရင် မြတ်တယ်.....

0 Comments
တခါက ကက်သလစ်ဘာသာဝင်တွေနေတဲ့ ရွာတစ်ရွာကို ဂျူးလူမျိုးတစ်ယောက်ပြောင်းလာပါသတဲ့။ သူက ကက်သလစ်တွေရဲ့ ဘုရားရှိခိုးကျောင်းနားမှာ အိမ်ဆောက်ပြီးနေတယ်။ အဲဒီမှာ သောကြာနေ့ရောက်လာတော့ ကက်သလစ်တွေရဲ့ ဘုရားရှိခိုးပွဲရှိပါတယ်တဲ့။



ကက်သလစ်တွေက ဘုရားကျောင်းထဲမှာ ဘုရားရှိခိုးနေကြတဲ့အချိန်မှာ အဲဒီဂျူးလူမျိုးရဲ့ နေအိမ်ထဲကနေပြီးတော့ အမဲသားကြော်နံ့က စူးစူးဝါးဝါးထွက်လာတယ်တဲ့။ ကက်သလစ်ဘာသာဝင်တွေလည်း စိတ်အနှောင့်အယှက် ဖြစ်ကြတာပေါ့။ ဘာလို့လည်းဆိုတော့ ကက်သလစ်တွေက သောကြာနေ့တိုင်း ဘုရားရှိခိုး ၊ အမဲသားမစားပဲ ငါးကိုစားကြတာကိုး။ သူတို့ရဲ့ ဥပုသ်ရက်လို့ခေါ်ရမလားပဲ။



အဲလို ဂျူးလူမျိုးရဲ့ အိမ်ထဲကထွက်လာတဲ့ အမဲသားကြော်နံ့က သူတို့ဘာသာရေးနေ့မှာ အနှောင့်အယှက်တစ်ခုလို ဖြစ်နေတော့တာပေါ့။ အဲဒီတော့ ကက်သလစ်တွေက ဂျူးလူမျိုးကို သူတို့ကက်သလစ်ဘာသာဝင်ဖို့ စည်းရုံးရအောင်ဆိုပြီး တိုင်ပင်ကြတယ်။ ပြီးတော့ ဂျူးလူမျိုးကြီးဆီသွားပြီးတော့ တိုက်တွန်းကြတယ်။ သူတို့ဘာသာကို ၀င်ပါဆိုပြီးတော့ပေါ့။



ပထမတော့ ဂျူးကြီးကငြင်းပါသေးတယ်။ နောက်တော့ ရွာခံလူထုရဲ့ဆန္ဒကို လွန်ဆန်နေလို့ သူ့အတွက် အကျိုးမရှိနိုင်ဘူးဆိုတာ သဘောပေါက်သွားပုံရပါတယ်။ ကက်သလစ်ဘာသာဝင်ဖို့ လက်ခံလိုက်တယ်။



အဲလိုနဲ့ သူ့ကို ကက်သလစ်ဘာသာထဲသွတ်သွင်းတဲ့ အခမ်းအနားကို ကျင်းပမယ့်ရက်ရောက်လာပါရော။ ခေါင်းကိုင်ဘုန်းကြီးက သူ့ကိုပြောတယ်။



`ငါ့သား… ငါ့သားဟာ ဂျူးအဖြစ်နဲ့မွေးတယ်။ ဂျူးအဖြစ်နဲ့ ကြီးလာတယ်။ ကဲ … ခု ငါ့သားဟာ ကက်သလစ်ဖြစ်ပြီ´



အဲလိုသွတ်သွင်းပြီးတော့ သူ့ကို ဘုန်းကြီးက သူတို့ကက်သလစ်တွေဟာ သောကြာနေ့တိုင်း အမဲသားရှောင်ပြီးတော့ ငါးကိုပဲစားကြကြောင်း အထူးသတိပေးရှင်းပြတယ်။ ဂျူးလည်း ဘုန်းကြီးရှင်းပြတာကို ခေါင်းလေးတညိတ်ညိတ်နဲ့ နားထောင်ပြီးတော့ပြန်သွားရှာတယ်။



အဲလိုနဲ့ နောက်တစ်ပတ် သောကြာနေ့ကို ရောက်လာပြန်ရောတဲ့။ ကက်သလစ်တွေလည်း ဒီတစ်ခါတော့ အေးအေးဆေးဆေး ၀တ်ပြုလို့ရပြီဆိုပြီး စိတ်ချမ်းသာနေကြတာပေါ့။ သိပ်မကြာပါဘူး။ ဂျူးအိမ်ထဲက အရင်လိုပဲ အမဲသားကြော်နံ့က ထောင်းခနဲထွက်လာပြန်ရောတဲ့။ အဲဒါနဲ့ ရွာသားတွေရော ၊ ဘုန်းကြီးရော ဂျူးရဲ့အိမ်ဘက်ကို ထွက်လာကြတာပေါ့။ ဂျူးကို တားမြစ်ဖို့လေ။ ဒါပေမယ့် သူတို့ မအောင်မြင်လိုက်ပါဘူး။ ဘာလို့လည်းဆိုတော့ ဂျူးက အမဲသားကြော်ကို ဒယ်အိုးပေါ်မှာ အပြန်ပြန် အလှန်လှန် ယောင်းမနဲ့မွှေပြီးတော့ အော်နေတာကိုး။



`မင်းဟာ နွားအဖြစ်နဲ့မွေးတယ် နွားအဖြစ်နဲ့ကြီးလာတယ် ကဲ… ခု မင်းငါးဖြစ်ပြီ´

ကောင်မလေး... အတွက်........

0 Comments
ကောင်မလေးရယ်….

ငါ့ကို ရင်တုန်အောင်နင်လုပ်တယ်။ ငါ့ကို အိပ်လို့မပျော်အောင် နင်လုပ်တယ်။ ဖြတ်တောက်လို့မရနိုင်တဲ့ တွယ်ငြိမှုမျိုးတွေလည်း နင်ပေးတယ်။ နင်ဟာ ငါ့အတွက် ကဖင်းန်ဓါတ်တစ်မျိုးပဲကောင်မလေးရယ်။ နင့်အကြောင်းတွေးမိတဲ့ညတိုင်း ငါ့မျက်လုံးတွေဟာ ကြယ်ပွင့်တွေလိုပဲ ဖြာယှက်လင်းရီ နေခဲ့တာပါကွယ်။ ငါလေ.. ဘယ်လိုဖြေရှင်းချက်မျိုးမှ မပေးနိုင်တဲ့ ရာဇ၀တ်သားတစ်ယောက်လို ငါ့ကိုယ်ငါတောင် မသိလိုက်တဲ့ အချစ်တွေနဲ့ နင့်ရင်ထဲကို တိတ်တိတ်ကလေး တိုးဝင်နေခဲ့မိတာပါ။



ကောင်မလေးရယ်….

နင့်ရဲ့သြချိုချိုအသံလေးတွေထဲမှာ… နင့်ရဲ့ မျက်မှောင်ကုပ်ထားတဲ့ မျက်ခွံတွန့်တွန့်လေးထဲမှာ… ငါရဲ့မျှော်လင့်ခြင်းတွေကို ဘယ်အချိန်ကများ ငါသိုလှောင်ထားချင်ခဲ့မိသလဲမသိဘူးကွာ။ အဲဒါကို ငါသိလိုက်တဲ့အချိန်မှာ ငါ့ကိုယ်ငါလည်း ယုံကြည်ပေးလို့မရဘူး။



ကောင်မလေးရယ်….

နင်ဟာငါ့အတွက်တော့ ချမ်းဖြူအေးမြတဲ့ ဆောင်းဦးပေါက်လေးတစ်ခုပါ။ နင့်ရယ်မြှူသံလေးတွေဆိုတာကလည်း ငါ့ဘ၀အတွက် မပြီးဆုံးနိုင်တဲ့ နှင်းမှုံလေးတွေလိုပါပဲ။ တဖွဲဖွဲ…..ပေါ့။ နင့်ကိုမြင်နေရရင် င့ါစိတ်တွေကအစ ပျော်ရွှင်မြူးထူးနေကြတာလေ။ နင့်နားကထွက်ခွာပြီး ပြန်ရတော့မယ့်အချိန်တွေမှာ ငါကိုယ်တိုင်လည်း အုံ့မှိုင်းညစ်ညူးမိတာပဲ။



ကောင်မလေးရယ်…..

ငါအခု ရေးချနေမိတာတွေကို နင်ဖတ်မိရင်တောင်မှ ငါနင့်ကိုရည်ရွယ်ထားတဲ့ ရင်ဖွင့်သံတွေဆိုတာ နင်သတိထားမိမှာ မဟုတ်ပါဘူး။ ငါက နင့်ကို တိုးတိုးလေး ချစ်နေရုံနဲ့ ကျေနပ်နေခဲ့မိတာလေ။ နင့်နာမည်တပ်မထားတဲ့ နင့်အကြောင်းစာသားတွေကို နင်ဖတ်မိရင် ငါ့ကို သနားနေမလား။ သေချာတာကတော့ ငါ့အချစ်တွေဟာ ငါ့စိတ်ကူးသက်သက်တွေသာ ဖြစ်နေဦးမယ်ဆိုတာသေချာပါတယ်။ တကယ်တော့ ကောင်မလေးရယ်…… နင်ဟာငါ့အတွက် လှမ်းကြည့်နေဖို့လောက်ပဲ ငါတတ်နိုင်တဲ့ ကောင်းကင်ပြာပြာလေးပါကွယ်။

နတ်သမီးအရိပ်ထဲ တိုးဝင်မရတဲ့ ကြယ်

0 Comments
ကြယ်တွေလိုလင်းတဲ့ စိတ်ကူးအစုံနဲ့ နင့်ရင်ခွင်ထဲငါ ဖြာဆင်းကြည့်တယ်။ အေးမြလိုက်တာကွယ်။ ငါက နင့်လက်ကလေးကို မြဲမြဲဝင့်ဝင့်တွဲပြီး ဘယ်တော့မှမဆုံးတဲ့ လမ်းလေးထဲမှာ လှမ်းလျှောက်နေချင်တာ။ ချစ်တဲ့စိတ်နဲ့ပေးထားမိတဲ့ နာမည်လေးတစ်ခုဟာ ငါ့ရင်ထဲလည်း အကြိမ်ကြိမ်မြည်ဟည်းနေလေရဲ့။



`အဖြူရောင် နတ်သမီးလေး´



`ငါ့ရဲ့ အဖြူရောင်နတ်သမီးလေး´



နင်မသိနိုင်တဲ့ ငါလည်း ထုတ်ပြောဖြစ်မှာမဟုတ်တဲ့ ငါ့ချစ်ခြင်းတွေအကုန်လုံးကို အဲဒီနာမည်ဖြူဖြူလေးထဲမှာ ငါတယုတယ သိမ်းထားခဲ့တာပါ။ ဖြစ်နိုင်ရင် အဲဒီနာမည်လေးကို တဘ၀လုံးစာ အပြည့်အမောက်ရေးချချင်မိတာလေ။ ငါ့ရဲ့ အဖြူရောင်နတ်သမီးကဗျာတွေ ဆိုတာကလည်း ငါ့အတွက် ဘယ်တော့မှ မကုန်ဆုံးနိုင်တဲ့ စကားလုံးမျှော်စင်တွေပါပဲ။ အဲဒီမျှော်စင်ပေါ်ကနေ နင့်ကို လှမ်းလှမ်းကြည့်နေမိတာကလည်း ငါ့အတွက် ချိုမြရှတတဲ့ မိုက်မဲမှုတစ်ခုဖြစ်တယ်။



ချစ်တယ်…. ။ချစ်မိတယ်… ။ ချစ်နေခဲ့မိပါတယ် နှင်းပွင့်အိပ်မက်ပျိုလေးရယ်…….



ငါ့သွေးသားတွေထဲ လှည့်ပတ်ကခုန်နေတဲ့ နင့်ပုံရိပ်တွေကိုလည်း ငါယူဆောင်သွားလို့မရဘူးဆိုတာ ကြေကွဲရူးရင့်စွာပဲ ငါလက်ခံထားခဲ့ရတာပါ။ ယောင်္ကျားလေးတစ်ယောက်မှာရော… ဆိတ်သုဉ်းနေတဲ့ မျှော်လင့်ချက်အပဲ့အကျိုးတွေအတွက် မျက်ရည်တစ်ပေါက်လောက် ကျခွင့်မရှိနိုင်ဘူးတဲ့လား။ ငါ ကဗျာလေးတစ်ပုဒ်ရေးထားမိတယ်။



ခရီးပြင်းနှင်ခဲ့တာပဲလေ…..

ဒါပေမယ့်

မြို့ရိုးတံခါးကိုက မှုန်ပျပျသာမြင်နေရ….



တိုလျားတဲ့ကဗျာလေးပေမယ့် ငါ့အတွက်တော့ ရှည်နွယ်လွန်းတဲ့ ကန္တာရတစ်ခုလိုပါပဲ။ မောတယ်….. ရင်တွေပူတယ်…. အဆုံးမရှိတဲ့ ခြောက်အက်အက်မြင်ကွင်းအားလုံးဟာ ငါ့အရှုံးတွေချည်း…။ ငါဘယ်ကိုများ အကူအညီတောင်းရပါ့မလဲကွယ်။ ငါ့ဒိုင်ယာရီထဲမှာလည်း မြင်မကောင်းတဲ့ စာကြောင်းတွေအပြည့်။ အတိတ်ကဆုတောင်းတွေ ဘယ်လောက်ထိများ မကောင်းခဲ့လို့လဲကွယ်။



ငါက နင်ခရီးတစ်ထောက်နားရာ ဇရပ်ကလေးတစ်ခုဖြစ်ချင်တယ်။ နင်အမောပြေ ခပ်သောက်ဖို့ ကြည်စိမ့်တဲ့ ရေစက်လေးတစ်ပေါက်ဖြစ်ချင်တယ်။ တကယ်တမ်းကျတော့ ငါက မင်းအတွက် လွဲမှားနေတဲ့ နံရိုးတစ်ချောင်း… မင်းခုတ်မောင်းလာလို့မရတဲ့ ဘူတာရုံဟောင်း…. ငါ့အတွက် ဘာကိုများ တောက်ပတဲ့မျက်လုံးတွေနဲ့ တစ်ခါလောက် ကြည့်ခွင့်ရနိုင်မလဲ။ ဖြစ်နိုင်မယ်ဆိုရင် နင့်အနားမှာ ခဏလောက်ထိုင်ပြီး နင့်မျက်နှာလေးကို ဆွေးဆွေးမြမြ ကြည့်နေချင်တာပါ နတ်သမီးရယ်။ ဒီထက်ဘာမှ ပိုမလိုချင်တာ သေချာပါတယ်။



`ကောင်မလေး´



`အဖြူရောင်နတ်သမီး´



`နှင်းပွင့်နတ်သမီးလေး´



အဲဒီလို ချစ်မြတ်လင်းပွင့်စွာ ခေါ်လိုက်တိုင်း ငါ့ကို ပြုံးကြည့်နေတတ်တဲ့ နင့်နှုတ်ခမ်းလွှာလေးတွေကိုလည်း ငါ့အိပ်မက်တွေထဲမှာပဲ တမ်းတခွင့်ရခဲ့တယ်။ ငါလေ… မိုက်ရူးလိုက်တာ။ နင့်ကိုပေးထားတဲ့ နာမည်လေးတွေအားလုံး နင့်ရှေ့ရောက်ရင် ငါဘာလို့ခေါ်ခွင့်မရှိခဲ့တာလဲ။ တစ်ခေါက်လောက်ပဲဖြစ်ဖြစ် နားထောင်ကြည့်ပါလားကွယ်။ နင်ကြိုက်တဲ့ ဘယ်လိုသံစဉ်စာသားတွေထက်မဆို ငါ့ခေါ်ငြီးသံဟာ နင့်အတွက် နားဝင်ချိုနေမယ်ဆိုတာ ယုံပါ။

ငါဘယ်လောက်ပဲ နင့်ချစ်ခြင်းကို မျှော်ငေးမိနေပါစေဦး။ နင့် မသိစိတ်ကတောင် ငါ့ကို သတိပြုမိမှာမဟုတ်ပါဘူး။ မဖြစ်နိုင်ပေမယ့်လည်း ငါ့ဆုတောင်းတွေကိုတော့ နင်ကြားစေချင်သေးတယ်။



နင့်မျက်နက်ဝန်းတွေထဲမှာ ငါ့ကို ခဏလောက် ဧည့်ဝတ်ပြုပေးပါ……….



နင့်စိတ်ကူးချိုချိုလေးထဲမှာ ငါ့ပုံရိပ်ကို မြှုပ်နှံကြည့်ပါ………



နောက်ဆုံး…… နင့်နားကို ရစ်ဝဲလာတဲ့ဒုက္ခတွေကို မောင်းထုတ်တဲ့အခါ ငါ့နာမည်ကို မယုံမရဲလေး ခပ်ဖွဖွရွတ်ကြည့်ပေးပါ……



တနေ့နေ့ပေါ့ ကောင်မလေးရယ်။ `နင့်ကို ငါချစ်တယ်´လို့ ငါပြောလိုက်တဲ့အခါ ရှက်ဝါးနီမြန်းသွားမယ့် နင့်ပါးပြင်လေးကို ငါငေးကြည့်ခွင့်ရချင်ပါသေးတယ်။ ခုချိန်ထိတော့ ……. ငါပေးထားတဲ့ နာမည်ဝှက်ကလေးတွေကိုပဲ နင်အမှတ်နဲ့ ငါဖွင့်ဖွင့်ကြည့်နေရဦးမယ်။ နင့်ကို လွမ်းမက်ဝဲလည်မိတဲ့ ညတွေထဲမှာပေါ့။



နင့်နာမည်လေးကိုပဲ တိုးဖွဖွလေး ရွတ်ဆိုနေပါရစေ…….



ချစ်နေမိတယ် ….. `…………..´ ရယ်…. ။

အောင်မှတ်မရတဲ့ စာစီစာကုံး

0 Comments
နိဒါန်း

တခါတလေ နေပူထဲ.....

တခါတလေ မိုးရေထဲ......

တခါတလေကျတော့လည်း

ဖုန်ထဲသဲထဲ.....

`အကြမ်းခံတယ်´ဆိုတဲ့ ချွေးသိပ်စကားနဲ့

မချွတ်တမ်းဝတ်ကြ။

သူကလည်း

ပိုင်ရှင်ရဲ့အလှ လူရှေ့သူရှေ့မှာ ကြွားဝါဖို့

မငြူမစူ အသုံးတော်ခံရှာရဲ့။



စာကိုယ်

ကြာလာတော့လည်း........

ကြာလာတော့လည်းကွယ်......



နိဂုံး

ဖာထေးရာများနဲ့ အရောင်လွင့်သွားတဲ့

ဂျင်းဘောင်းဘီလေးခမျာတော့

သူ့ဘ၀သူ စိတ်မနာခဲ့ရှာပါဘူး။ ။



သူရဿဝါ

အဖေဖတ်စေချင်တဲ့ကဗျာ

0 Comments
သားလုပ်သူက

သူဆောက်ခဲ့တဲ့ တံတားတွေလို

ခိုင်ခိုင်မတ်မတ်မရှိခဲ့တာကိုတွေးရင်း

အဖေ့ရဲ့စိတ်ဓါတ်တွေ ယိုင်နဲ့နေခဲ့တာ

သားသိပါတယ်အဖေ......



အဖေ့ဒိုင်ယာရီထဲက

`သား´ဆိုတဲ့ စာလုံးပေါင်းတွေ

တစ်ရက်မှ မကောင်းခဲ့တာကိုလည်း

သားသိပါတယ်အဖေ.......



ပုံပြင်ထဲက `ပုရွတ်ဆိတ်´လို

သားကိုဖြစ်စေချင်ခဲ့ပေမယ့်

အသည်းကွဲနေတဲ့ နှံကောင်

ဂစ်တာတဒေါင်ဒေါင် နှံကောင်ပုံစံမျိုးနဲ့ဘဲ

အဖေ့ရှေ့က ဖြတ်ဖြတ်လျှောက်နေခဲ့မိတာ...........



အဖေငြှိမ်းသတ်နေတဲ့ကြားကပဲ

ပူပူလောင်လောင် မီးလျှံတွေထဲ

အတင်းတိုးဝင်နေခဲ့မိတာ

သားက `ဖလံကောင်´ပါအဖေ.......



`မီးပြတိုက်´ဖြစ်ဖို့ အဖေမျှော်လင့်ခဲ့တဲ့သားက

`မီးတောင်´အဖြစ်နဲ့

ချော်ရည်ပူပူတွေပဲ အဖေ့ရင်ထဲထည့်ပေးနေခဲ့မိတာ

သားက `ပလိုင်းပေါက်´ပါအဖေ........



သားဖွင့်နေမိခဲ့တဲ့ အလင်းမဲ့ပြတင်းတွေကို

ကိုယ်ထူကိုယ်ထပြန်ပိတ်နိုင်အောင်

အဖေ့အင်အားတွေ လှမ်းကူပေးခဲ့တာကိုလည်း

သားသိပါတယ်အဖေ........



ဒီကဗျာထဲကနေ....

သားပြန်ဖို့နေတဲ့ မြေဆိုးမြေရိုင်းအတိတ်တွေ

သားဖာထေးနေတဲ့ ပလိုင်းပေါက်စိတ်ကူးတွေကို

အဖေမြင်တဲ့အခါ

သားကို ... ကျေကျေနပ်နပ်ပြုံးကြည့်နေလိမ့်မယ်ဆိုတာကိုလည်း

သား.. သိနေပါတယ်အဖေ.........

နှုတ်ဆက်တေး

0 Comments
ငါ့မျက်လုံးလမ်းကြောင်းအလွှဲက

မင်းမျက်နှာလေးနဲ့အဝေး

ငေးငေးရီရီ…..

အပြင်မှာ မိုးတွေ အုံ့မှိုင်းညိုလွှမ်းနေသလား။

နှင်းတွေ ဆုပ်ဆုပ်ခဲခဲကျဆင်းနေသလား။

ေ၀၀ါးတဲ့မျက်လုံးအိမ်က

ဘာကိုမှလည်း သဲသဲကွဲကွဲ မမြင်နိုင်တော့ဘူးကွယ်….

ပြတင်းဘောင်လေးရဲ့ ဆွံ့အမှုအပေါ်

ငါ့ဝမ်းနည်းခြင်းဟာ ကြေကြေကွဲကွဲမှီထောက်လို့

ချိနဲ့ပြိုလဲစွာပေါ့။

မင်းပါးပြင်က ပါးကွက်ကြားကြားလေး…..

ချိုသြလင်းရှတဲ့ မင်းရယ်သံလေး……

ကြိုးပြတ်သွားတဲ့ စက္ကူစွန်တစ်ကောင်လိုဖြစ်ခဲ့။

ငါ့ကို စူးစူးစိုက်စိုက်မကြည့်ပါနဲ့တော့…..

တွယ်တွယ်ယှက်ယှက်မကြည့်ပါနဲ့တော့….

မင်း မမြင်ချင်ပါနဲ့တော့ကွယ်။

ငါ့မျက်လုံးတွေ လွှဲပစ်လိုက်တာက

မင်းမျက်နှာလေးနဲ့ခပ်ဝေးဝေး…..

နင့်နင့်ဆွေးဆွေး…..ငေး…ရီ…..

ဆောင်းရာသီ နောက်ဆုံးအင်္ဂါနေ့လေး

0 Comments
နှင်းပွင့်တွေ ဖွေးဖွေးထအောင် ခြွေချလည်း

ငါ့ရဲ့ဆောင်းဟာ အခုထိ မအေးချမ်းနိုင်သေး။

ငါလွမ်းနေမိတာ ဘာလဲ....

သူ့ရဲ့ နှစ်လိုဖွယ်အပြုံးလား

နှုတ်ခမ်းစူစူလေးလား ဒါမှမဟုတ်

ရိုးပုံရိုးလက်နဲ့ မျက်နှာဝိုင်းလေးလား.... မသေချာဘူး

ခံစားချက်ရဲ့ခေါ်ဆောင်ရာနောက်

စကားလုံးတွေက အလိုလိုလိုက်နေမိ

ငါ့ကို ပြုစားထားတာ နင်ပဲလေ။

အင်းလျားကန်ဘောင် ညနေခင်း

တယ်လီဖုန်းနံပါတ်တစ်ခု

ဒိုင်ယာရီစာအုပ်အပြာလေး

ပြီးတော့ ... မိုးသည်းတဲ့နေ့တစ်နေ့

အဲဒါ ငါရေးတဲ့ အချစ်ကဗျာပဲ

အဲဒါ ငါမက်တဲ့ အိပ်မက်ပဲ။

မိုးပြာရောင်ပန်းချီကားတစ်ချပ်

စိတ်ကူးမှာ သွန်းဆစ်နေခဲ့ .......

နာမည်ကိုတော့ ......

ဆောင်းရာသီ နောက်ဆုံးအင်္ဂါနေ့လေးလို့ ငါပေးဖြစ်လိမ့်မယ်။ ။

အန်တီ ဗိုင်းရပ်စ် (Anti Virus)

0 Comments
ငါ့လမ်းငါသွားနေတာပါကွယ်

စူးနက်နက်မျက်လုံးတွေနဲ့

ငုံ့ငုံ့မကြည့်ကြပါနဲ့…….

တွယ်မှီခိုဆွဲလိုက်တော့ရော

လိုရာမရောက်နိုင်ဘူးတဲ့လား

သွားစမ်းပါ။

မင်းတို့ဝတ်ရုံထူထူတွေ ခွာချပစ်လိုက်

ငါ့အရေပြားလို ခပ်ညိုညိုပါပဲ….

ဘုရားပေးတဲ့ ဆုလာဘ်လောက်နဲ့တော့

ငေါ့ငေါ့မော့မော့…….

ခြေဖျားထောက်မနေချင်စမ်းနဲ့

ရရာလက်နက်ဆွဲကိုင်..

ပြိုင်ကြစတမ်းလို့ ပြောကြည့်လိုက်လေ….

……………………………

မင်းတို့ ငါ့လောက် လက်ပြင်ကုန်းသလား

မင်းတို့ငါ့လောက် အအိပ်မက်သလား

မင်းတို့ငါ့လောက်…….

မင်းတို့ငါ့လောက်……

ကိုယ့်နာမည်ကိုယ် စာလုံးပေါင်းကြပါကွာ…

ငါ့ကော်င်္ဖီခွက်နဲ့ငါ ခါးသက်တာ မင်းတို့ကဲ့ရဲ့စရာမလိုဘူးလေ

မျက်လုံးဖွင့်ထားရတာရှက်လို့

မျက်လုံးမှိတ်ပြီး ငါနေမယ်……

ငါလိုရာခရီးကိုသွားချင်လို့

ဝေးဝေးကပဲ ကဲ့ရဲ့မြည်တင်း ကြပါလားကွယ်…..။

အလေအလွင့်

0 Comments
တောက်ပစွာ လင်းလက်ဖို့

မွတ်သိပ်ညိုရင့်စွာ တောင့်တခဲ့

မပြည့်စုံသေးသောဆုတောင်းများ

ငြိမ်သက်စွာ အိပ်စက်နေတယ်။

အလွမ်းနဲ့ရက်ဖောက်တဲ့ကြိုးဟာ

အချစ်ကလွဲပြီး တခြားမဖြစ်နိုင်ဘူး။

ပိုမို..အရေးကြီးတဲ့ ချစ်ခြင်းတရားများက

ခေါင်းပေါ်ကနေ ကျော်ခွသွား....

လေလွင့်နေတဲ့ စိတ်ကူးအကြွေတွေ....

အမှောင်ထုထဲ......ေ၀၀ါးခဲ့

..........................

.....ပြန်လာခွင့် မရှိခဲ့ဘူး။ ။

ညနေ

0 Comments
ဓါးသွားလိုစူးမြတဲ့စကားဟာ

ရင်ကို... ထုတ်ချင်းခတ်ဖြတ်သွား



နေညိုရီအောက်က ဆွတ်ပျံ့တဲ့အတွေးမှာ

သွေးတွေ...တစက်ပြီးတစက်ကျခဲ့

အခင်းဖြစ်ခြင်းဟာ ကဗျာမဆန်ဘူး။



အံ့သြခြင်းနဲ့ ရပ်တန့်သွားတဲ့

အသက်ရှူစနစ်မှာ...

ခံပြင်းမှုတွေ ညှိုးငယ်စိတ်တွေ...

ပါကောင်းပါမယ်။



ဝတ္ထုမဟုတ်တဲ့ အခန်းစဉ် ၁၃ မှာ

မနက်ဖြန်ကို ကြိုတွေးလို့မရဘူး။

ဂြိုဟ်ပဲ့

0 Comments
ဘ၀ကြီးကိုက ကာရန်လွဲနေခဲ့တာပါ။

မိုးနည်းရပ်ဝန်းမှာ

ဖြစ်ကတတ်ဆန်း အသံဝင်ခဲ့ရတာလည်း

ချစ်သူ့အလိုတော်အတိုင်း........

လျော့ရဲရဲအချစ်ကို အရက်ပြန်အတင်းသိပ်ပြီး

အနာကျက်စေခဲ့တာလည်း

ချစ်သူ့အလိုတော်အတိုင်း..........

`ဇူးလူး´နတ်မင်းရေ

ကျွန်တော်မျိုးရဲ့ကိုယ်တခြမ်း

ဝင်ပေါက်မှားသွားတယ်။

အခုတော့

ဘုရားသခင်ဖန်ဆင်းတဲ့ နံရိုးတစ်ချောင်း

မာယာများလွန်းတာကိုလည်း ယုံပြီ။

အရှက်နည်းလိုက်ပုံများ

ဘ၀မှာ ကိုယ်တခြမ်းပဲ့နဲ့သွားလာနေခဲ့တာ

ဒီခန္ဓာကြီး မီးမသင့်မချင်း.............

အပယ်ခံ

0 Comments
ဆောင်းနဲ့နှင်းဟာ

နွေဦးမှာ ခွဲခွာရမယ်ဆိုတာမျိုး

ရိပ်ဖမ်းသံဖမ်းလောက်တောင် ပြောမထွက်ခဲ့ဘူး။

မျက်စိအောက်မှာတင်

ပုံပျက်ပန်းပျက် ကျိုးကျသွားတဲ့ ပန်းခင်းလေးရယ်......

ငါတို့ကြားက

သွေးပျက်စရာကောင်းတဲ့

သုသာန်တစပြင်လို ငြိမ်သက်မှုမျိုးရယ်........

အဲဒါတွေက

ရေးနေကျ အလွမ်းကဗျာထဲ

မဖြစ်မနေထည့်သွင်းရမယ့်

နိမိတ်ပုံဆိုတာမျိုးလည်း ပြောမထွက်ခဲ့ပြန်ဘူး။

ငါမှတ်မိတာက

စကားလုံးတွေပါရုံနဲ့ ကဗျာမဟုတ်ဘူးဆိုတဲ့ မင်းရဲ့စကား

ကျိုးကျသွားတဲ့ပန်းခင်းလေးဟာ

နွေဦးကိုအရောက်မှာပဲ သုသာန်တစ်ခုလိုငြိမ်သက်သွား

ငါဟာ......

မင်းဖတ်ချင်တဲ့ကဗျာတစ်ပုဒ်မဖြစ်ခဲ့ပါလားကွယ်။ ။

ချစ်သူဖတ်ဖို့ရေးတဲ့ကဗျာ

0 Comments
အချစ်ကို

မွတ်သိပ်တဲ့မျှော်လင့်ချက်နဲ့ထုပ်ပိုး

ဆူးပုံအထပ်ထပ်ကိုဖြတ်နင်းဖို့

ယုံကြည်ခြင်းပြယုဂ်ဟာ`ချစ်သူ´ပဲ။



တမင်စူထားတဲ့ နှုတ်ခမ်းတစုံရယ်

မျက်နှာပြင်ပေါ်က သနပ်ခါးနဲ့လေးရယ်က

အမြဲမက်ချင်တဲ့အိပ်မက်ပဲ။



မိုးကောင်းမှတ်တိုင်နဲ့

လမ်း ၅၀ လက်ဖက်ရည်ဆိုင်က

စောင့်စားခြင်းရဲ့ နိမိတ်ပုံပဲ။



ဘယ်လိုပြောရမလဲ.......

အရေးတကြီးသွားရမယ့်ခရီးအတွက်

နောက်ကျနေတဲ့ရထားကိုစောင့်ရသလိုမျိုး

မချင့်မရဲနိုင်လှတယ်။



ကျနော့် ကဗျာတွေကို နားမလည်တဲ့

`ချစ်သူ´ရေ......

ကျနော့်ကို တစ်ပိုဒ်ချင်းဖတ်ပါ။

တစ်ကြောင်းချင်းဘာသာပြန်ပါ။



ရှင်းရှင်းပြောရရင်

`ကျနော့်ကဗျာ´ကို

မြန်မြန်နားလည်ပါကွယ်။

A ကိုက်နေတဲ့ကောင်

0 Comments
ဘေးစိပ်ထားတဲ့ ဖဲတစ်ချပ်ကို

ရှုံးမလား နိုင်မလား

ရိုက်မချရဲသေးတဲ့ကောင်ပါ။

မင်းရှိနေတဲ့ကျောင်းဝင်းထဲ

ကိုယ့်အရိပ်ကိုယ် ဖျောက်မပစ်နိုင်တာလည်း မှန်ရဲ့။

ဘောင်ခတ်မထားတဲ့ ရင်ဘတ်ပြပွဲလေး

မင်းရှေ့မှာ ခင်းကျင်းထားချင်တာလေ။

တစ်ခါတစ်ခါလည်း ဖွင့်မပြောရဲသေးတဲ့ သတ္တိကို

မုန်းမုန်းတီးတီး သတ်နေမိတယ်။

ခမ်းခမ်းနားနားပျံသန်းပစ်ချင်တာတောင်

အတောင်ကျိုး၏မှာ ကြောက်တဲ့ဘဝ

ကျေကျေနပ်နပ် အရှုံးခံဖို့ကျတော့လည်း

တပ်မက်လွမ်းမောခြင်းက ထွက်စာမတင်ဘူး။

ချစ်တဲ့ ကာတွန်းမလေးရေ......

မင်းနှလုံးသားနဲ့ ငါ့နှလုံးသားက အိမ်နီးချင်းဖြစ်ပြီး

မင်းစိတ်ကူးနဲ့ ငါ့စိတ်ကူးက ဖုန်းနံပါတ်တူရင်

သိပ်ကောင်းမှာပဲကွာ......

လွတ်ကျသွားသော.......

0 Comments
သူ ဆို့ဆို့နင့်နင့်ပြောတဲ့ညက

ငါငိုတယ်။

ခွဲခွာခြင်းရဲ့ ဆိုင်းဘုတ်မှာ

ဘယ်လိုဝဋ်ကြွေးကြောင့်များ

ငါတို့ရဲ့အမည်စာရင်း

ထိပ်ဆုံးကဖြစ်ခဲ့ပါသလဲ။

သူကြေကြေကွဲကွဲပြောတဲ့ညက

ငါငိုတယ်။

အဆိပ်သင့်စကားလုံးတွေ

ပိုးစိုးပက်စက် အနိုင်ယူကြတဲ့နေ့မှာ

ဘယ်လို ၀တ်စားဆင်ယင်မှုကြောင့်များ

ငါတို့ ရှက်ရွံ့နေခဲ့ကြပါသလဲ။

သူ တိတ်တိတ်ဆိတ်ဆိတ်နေတဲ့ညက

ငါငိုတယ်။

အောင်ပွဲခံနတ်ဆိုးတွေ

ငါတို့ကို ၀ါးမြိုလှီးဖြတ်

အောင်သေအောင်သားစားတဲပွဲမှာ

ဘယ်လိုသေတမ်းစာကြောင့်များ

ငါတို့ အိနြေ္ဒရရ သုံ့ပန်းအဖြစ်ခံခဲ့ကြပါသလဲ။

ငါ့ရဲ့ နောက်ဆုံးစက္ကန့်တွေအတွက်

နောက်ဆုံးမျက်တောင်တစ်ခတ်အတွက်

နောက်ဆုံးမျက်ရည်အတွက်

ငါ့ကိုယ်ငါ အလောင်မြိုက်ခံတဲ့ညမှာ........

ငါ့ကိုယ်ငါ အမှောင်မိုက်ခံတဲ့ဘ၀မှာ..........

ဘယ်လိုကြီးမြတ်မှုမျိုးကိုမှ

ငါ.... မီးတစ်တို့ မပေးနိုင်ဘူး။ ။

ဘေးထွက်ပစ္စည်း

0 Comments
ကျိန်စာတွေကြောင့်လား...........

ကံစီမံရာကြောင့်လား............

မသေချာလှဘူး။

ရင်ငွေ့နှစ်စုံထိစပ်ခွင့်ဟာ

မဟာတံတိုင်းခြားသလို......ဝေး

သနပ်ခါးနံ့အကြောင်း

ကောင်းကောင်းသိတဲ့အနမ်းတွေ

လက်ဖ၀ါးနှစ်စုံ အပြန်အလှန်သင်ယူနေတဲ့

ဘာသာဗေဒတွေ

သွေးပျက်စွာသေသွား.....

နာကျည်းစရာမပါတဲ့ လွမ်းဆွတ်နေမှုမှာ

သုညဒီဂရီအောက်ရောက်နေတဲ့

မျှော်လင့်ချက်အစအနတွေရှိမယ်။

ပြဒါးတိုင်မလိုတော့တဲ့ စိတ်ကျရောဂါတွေရှိမယ်။

ဖြစ်ချင်တာဖြစ်ခွင့်မရတဲ့ဘ၀မှာ

ကြံရာမရတဲ့အဆုံး

ဒုက္ခိတရင်ဘတ်ကြီးနဲ့

ကဗျာတွေပဲ ဆို့ဆို့နင့်နင့်ရေးနေမိတော့တယ်။ ။

အင်တာနက်ကဗျာ

0 Comments
စုဗူးထဲက post တစ်ပုဒ်လိုပဲ

မင်းက Hit တွေ ခပ်များများရှိတဲ့ မိန်းကလေး

Inbox ထဲက

မင်းအရိပ်အငွေ့လေးကို ကြည့်ဖို့တောင်

ငါ့မှာ passord ရှာမရ.......

မင်းချန်ထားခဲ့တဲ့ Voice Mail မှာလည်း

နာလိုခံခက်စရာ အသံလှိုင်းတွေချည်း

မင်းချစ်ခြင်းတွေထားတဲ့ Site ထဲ

ငါ Sign Up လုပ်ကြည့်လို့မရဘူး။
ငါ့ကို Download လုပ်ကြည့်ပါ.......

ငါ့ကို Setting ချိန်းပေးပါ........

ငါ့ကို Proxy ပြောင်းပေးပါ........

အဲလို တောင်းတောင်းပန်ပန်ပြောတာတောင်

မင်းချစ်ခြင်းတွေအတွက်

ငါ့မှာ Connection ကတက်မလာတော့ဘူး။ ။

ဝင်ကစွပ်ကဗျာ

0 Comments
ငါက.... ပင်ကျရွက်ကြွေ

နွေ....တစ်ကမ္ဘာထဲမှာ

သာယာနာပျော်မှု ဝေးမဲ့

ယဲ့ယဲ့လေးတောင် ပြုံးကြည့်လို့မရဘူး။



ငါကမြစ်သေ

လေလွင့်မယ့် စိတ်အဟုန်နဲ့

စုန်ဆန်ရုန်းကြွ

ရွရွလေးတောင် စီးဆင်းလို့မရဘူး။



ငါက....ရွက်ကြွေ

......မြစ်သေ

ဝေဒနာအစုအဝေးက

ငါ့စိတ်အနာကို တဆစ်ဆစ်တူးဆွ

(ကဗျာလည်း မရေးတတ်ပြန်တော့)

ကူးချထားတဲ့ အကြိုက်ဆုံးကဗျာတွေကိုပဲ

ဆွဲလွဲပြီး ခံစားလိုက်တော့တယ်။

မဇ္ဈိမစိတ်ကူး

0 Comments
လက်နှိပ်စက်တစ်လုံးမဟုတ်တော့လည်း

အချိန်ပြည့်စာမစီနိုင်ဘူး။

စာရွက်နဲ့ဘောလ်ပင် အမြဲဆောင်တယ်။

ဒါပေမယ့် ဖုတ်ဖက်ခါပြီး ကဗျာထမရေးတတ်ဘူး။

`ဖော်ကျူးမှုအနုပညာ´

(အာဟာရသိဒ္ဓိမမြောက်ပေမယ့်)

တကယ်.....ရူးသွပ်ပါတယ်။

တကယ်.......ဦးညွတ်ပါတယ်။

အမြင့်ဆုံးထိတက်ပြီး အလံစိုက်ဖို့မရည်ရွယ်ဘူး။

ဒီတောင်ပေါ် ဒီကောင်ရောက်ခဲ့တယ်လို့

အသိအမှတ်ပြုရင်......တော်ပြီ။

ပျံသန်းခြင်း

0 Comments
ဟိုး......ခပ်မြင့်မြင့်က

တိမ်ညွန့်တွေခူးစားဖို့

သန့်စင်တဲ့လေကို ပေါ့ပေါ့ပါးပါးရှူရှိုက်ဖို့

အတောင်ပံတွေ တဖြန်းဖြန်းခတ်

အစိုင်အခဲပေါင်းစုံထိုးခွဲပျံသန်းပြီး

ကောင်းကင်တံခါးကိုဖွင့်ဖို့

ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားနေကြပုံ.........

0 Comments
အနားမှာမရှိတဲ့ နှုတ်ခမ်းလေးတစ်စုံအတွက်

ဒီည......

ဘယ်လို အိပ်မက်မျိုးနဲ့သင့်တော်မလဲ။

ပြင်းပြင်းရှရှသတိရမှုဟာ

မမျှတတဲ့ညတာရှည်မှုကို

တစ်မိနစ်ချင်း ခြွေခြွေချတယ်။

ငါရွေးချယ်ထားသင့်တာ

ဂစ်တာတစ်လက်လား... ဒါမှမဟုတ်

ခါးသက်သက်ကော်ဖီတစ်ခွက်လား

စဉ်းစားကြည့်လို့မရဘူး။

ပျင်းစရာကောင်းတဲ့ လွမ်းခန်းမှာ

နောက်ခံတီးလုံးမပါဘူး။

နောက်ခံသီချင်းမပါဘူး။

အစပ်အဟပ်မတည့်လှတဲ့ ရူးကြောင်ကြောင်အတွေးတွေရယ်...

မျက်လုံးအကြောင်သားနဲ့လူတစ်ယောက်ရယ်ဘဲ

အလွမ်းတွေကို မြည်းစမ်းပြီး

မိုးအလင်း ငုတ်တုပ်ထိုင်နေကြရှာတယ်။

ကဗျာဆရာဥဒါန်း

0 Comments
အထင်သေးအမြင်သေး

မုန်တိုင်းလိုစကားများ

ဆူးကြမ်းလမ်းလို ထွင်းနှောက်ခဲ့

ဆူးတွေလို ချွန်ရှတဲ့စိတ်နဲ့

ဆူးတောကိုမှ ပြုံးပြုံးလေးနင်းခဲ့

တခါတခါ ထွက်ကျလာတတ်တဲ့ စကားလုံးတွေက

ခေတ်ပေါ်ကဗျာတစ်ပုဒ် ဖြစ်ရင်ဖြစ်မယ်။

ဝတ္ထုတိုတစ်ပုဒ် ဖြစ်ရင်ဖြစ်မယ်။

စိတ်တွေကိုရင်း ...စိတ်တွေကိုခင်းပြီးမှ

ဖြုားဇာတာတပ္တာ ငါ့ကဗ်ာပဲ။

စောင့်ကြည့်ကြပါ အရပ်ကတို့ရယ်.....

ဆူးတောအဖုံဖုံ ဆူးပုံအထပ်ထပ်

ဖြတ်ပြီးထွက်လာခဲ့မယ့် စာရေးဆရာရဲ့လက်မှာ

ဆူးတွေနဲ့ရံတဲ့ နှင်းဆီတစ်ပွင့်

ကြွားဝင့်နေပုံ

ခင်ဗျားတို့မြင်ကြရစေမယ်။ ။

ခွဲခွာကြရတယ်

0 Comments
* နံနက်ခင်းရဲ့ နှင်းစက်ကလေးတွေ
* ကိုယ့်နဖူးပေါ်မှာ
* အေးမြစွာစိမ့်ဝင်နေခဲ့တယ်။

*
* တကယ်ပါပဲ
* အဲဒီအချိန်လေးဟာ
* အခုလွမ်းနေရမယ်လို့
* နိမိတ်ပြနေခဲ့တယ်။

*


* နှင်းစက်ကလေးတွေ
* ပါးပြင်ပေါ်ကိုစီးကျလာတယ်
* ကိုယ်ငိုချင်လာပြီအချစ်ရယ်။

*


* မင်းကကိုယ့်ကို မေ့နိုင်တယ်တဲ့လား
* မင်းနှလုံးသားက
* မင်းကို ညာနေတာပါကွယ်။

*


* ကိုယ့်ရှေ့မှာ
* မင်းအမည်ကို ခေါ်ကြပြောကြတယ်။
* ကိုယ့်နားဝမှာတော့ ဈာပနခေါင်းလောင်းသံပါကွယ်။

*


* တုန်တုန်ရီရီဖြစ်ရတယ်
* ဘာကြောင့်ဒီလောက်
* ချစ်စရာကောင်းရသလဲကွယ်။

*


* ကိုယ် မင်းကို သိတယ်ဆိုတာ
* သူတို့မသိကြဘူးလေ။

*


* တုန်တုန်ရီရီဖြစ်ရတယ်။
* ဘာကြောင့်ဒီလောက်
* ချစ်စရာကောင်းရသလဲကွယ်။

*


* မင်းကို သေချာစွာ နားလည်ခဲ့သူကိုမှကွယ်
* လျို့ဝှက်စွာတွေ့ခဲ့ကြတယ်
* တိတ်ဆိတ်စွာ ကိုယ်ကြေကွဲရတယ်။

*


* နှစ်ပေါင်းများစွာကြာလို့
* ပြန်တွေ့ကြတဲ့အခါ
* ကိုယ်ဘယ်လို နှုတ်ဆက်ရပါ့မလဲ
* အချစ်ရယ်။ ။



ဂျော့ခ်ျ ဂေါ်ဒွန် ဘိုင်ယွန်

ငါတို့မြင်နေရသေးတဲ့.........

0 Comments
တစ တစ ခြောက်ခမ်းလာပေမယ့်

အာစွတ်ရုံကျန်နေသေးတဲ့ ဗြဟ္မစိုရ်စိတ်ထားလေးများ

ဒီနေ့မြင်ရခဲတဲ့

လူသားဆန်ဆန် အပြုအမူ ခပ်ပါးပါး

တတောလုံးမပြုန်းသေးတော့

အလဟဿဖြစ်သွားတဲ့ ရက်လည်မုန့်ဟင်းခါးဆိုတာ

မရှိသေး........

သဘာဝဘေးရဲ့သားကောင်ဖြစ်သွားတဲ့

မိသားစုတွေလက်ထဲက ထမင်းထုပ်တွေ

အေးစက်စက်မဖြစ်သေး....

အသနားခံလူတန်းစားရဲ့ ၀မ်းအထွာတွေ

ဟောင်းလောင်းမပွင့်ကြသေး...

ကြီးထွားလာသော အတ္တဟိတ၀ါဒများကြား

လုံးလုံးပျောက်ရှမသွားသေးသော

အာစွတ်ရုံကျန်နေသေးတဲ့

ငါတို့ရဲ့....... စာနာစိတ်လက်ကျန်တွေ........

ကောင်းကင်တော်သ၀ဏ်လွှာ

0 Comments
စကြာဝဠာ အလွှာထုနှင့်အမျှ

ချစ်မြတ်ရပါသော......ချစ်သူ

အကျွန်ုပ်၏

ချစ်ခြင်းဖွဲ့တည်ရာ

ကောင်းကင်နိုင်ငံတော်သို့

တက်ရောက်စံမြန်းရန်အလို့ငှာ

အရှင်မ၏ .....

ထွေးအိဝါဖန့်သောလက်အစုံကိုလည်း

ဆန့်တန်းပေးတော်မူပြီး

စိမ်းမြညက်ညောသောခြအစုံဖြင့်လည်း

ကြွလှမ်းတော်မူပါ...........

နှလုံးသားယိုစီးမိမှု

0 Comments
မင့်အမည်က

ငါ့ပင်စည်မှာတော့

အသော့နှင်လာနေတဲ့

မိုးပါကွယ်။



အချစ်ရယ်

မင့်ပင်လယ်ဖြင့်

သိမ်းဆည်းလိုက်ပါတော့။



နှလုံးသား၏

ဗိသုကာရှင်မ

ငါ့ကိုငါ

ငါပီသအောင်

သွေးဆောင်သူအသင်

ငါ့ရင်ခေါင်းထဲက ကန္တာရကို

သွန်မှောက်ပေးပါ။



မင်းကိုချစ်ရတာ

ညစင်စစ်တစ်ပုဒ်ကို

စတင်ဝတ်တတ်ခြင်းပါပဲ။



ဒီတော့

ငါ့ကဗျာမှာ

အဆာပလာအဖြစ်

မင်းကိုချစ်တဲ့အကြောင်းတွေသာ

သက်ဝင်လှုပ်ခတ်နေကြ။



ဒီမှာ ငါ့ငြိမ်းအေးမှုဟာ

ပျက်ယွင်းသွားပြီ

ငါ့ဦးခေါင်းကိုအပ်နှင်းလိုက်တာ

ငါ့သောက်စရာအသည်းအတွက်

ရေတစ်ခွက်ဟာ

အနမ်းသာဖြစ်ရဲ့။



ဘယ်သူ့ကိုမှမပြောနဲ့

မင်းအတွက်

ငါ့ရဲ့မျက်လုံးတွေအကြောင်း။



ငါ့ရဲ့ခံစားမှုဥယျာဉ်မှာ

မင်းသာရှင်သန်ပေးရင်ဖြင့်

လွင့်ပျံ့ကြည်နူးသူ

အတုမဲ့ဥယျာဉ်မှုးဟာ

ငါပါပဲ။



မင့်ဥပက္ခာကိုတော့

ငါတော်လှန်ဖီဆန်ရင်းက

ငေးနေရတာကိုပဲ

ကျေနပ်နေမိတာ။



ကောင်မလေးရေ

မိုးရေ

ဒီတစ်ခါ ငါ့ကိုတိမ်တွေဆီမျှောပေးပါ

ငါလွင့်ကျနေတာ မင့်ရင်ခွင်ဆိုမှဖြင့်

အဆိပ်သင့်လည်းပဲ

ခူးဆွတ်ရဲသူပါကွယ်။



နောက်ဆုံးတော့

ဒါဟာ မင်းလက်ချက်ပေါ့

ဟောဒီစာရွက်ပေါ်မှာ

ရေသောက်မြစ်ရှာနေတဲ့ ကဗျာလေးအဖြစ်

တဆစ်ဆစ်နာကျင်လို့

ငါယိုစိမ့်ကျလာရတယ်။



ဗေဒါစိမ်း

လမ်းကျဉ်းလေးထဲက အင်္ဂါနေ့

0 Comments
ဟောဒီ လမ်းကျဉ်းလေးထဲ

အလွမ်းတွေဘဲ

ဖိတ်စင်လျှံကျနေခဲ့.....

နွေအနှောင်းမှာ

နွေဦးကို ပြန်စောင့်နေမိတော့

မော...တယ်။

အပြုံးလေးတစ်ခုနဲ့တင်ဘဲ

မင်းကို.....

ရေဆုံးမြေဆုံး ရူးသွပ်တယ်။

ခွင့်ပြုပါ...

ခွင့်ပြုပါ `နောက်ဆုံးအင်္ဂါနေ့လေး´ ရယ်

မင်းရဲ့ မြေနီလမ်းလေးထဲ

မင်းရဲ့ ညနေချမ်းလေးထဲ

ကိုယ့်ကို....

ရိုရိုကျိုးကျိုး နူးညွတ်ခွင့်ပြုပါကွယ် ။ ။

စိတ္တဇရောင်အတွေးများ

0 Comments
အားမရှိတဲ့ အင်ဗာတာတစ်လုံးလို

မီးပိတ်သွားမယ့်အချိန်ကိုပဲ

ညှိုးရော်စွာနဲ့ မျှော်လင့်

စိတ်တထင့်ထင့် ချစ်မိရဲ့။



ခွဲရမယ်.......လို့

မတော်တဆလေး တွေးမိတာနဲ့

သိမ်ငယ်မှုက

တစ်ရှုးစလို ပါးလျုားသွားတယ်။



ဝေးသွားကြရင်တောင်

ငါ့ဒိုင်ယာရီစာရွက်တွေထဲကနေ

နင့်ကို.......

ဆွဲထုတ်ရက်လိမ့်မယ် မဟုတ်ဘူး.....

...........................................

.........................မထားခဲ့ပါနဲ့

အမှောင်ထဲမှာဆို

ငါတစ်ယောက်တည်း...........

............ကြောက်တယ်။ ။

အဲဒီအခိုက်အတန့်လေးမှာ

0 Comments
အဲဒီ အခိုက်အတန့်လေးမှာ

ပတ်ဝန်းကျင်ကအစ

သူရောကိုယ်ပါ ငြိမ်သက်

ရက်စက်ခြင်းတေးသွားတွေသာ လူးလွင့်နေခဲ့....

အဲဒီအခိုက်အတန့်လေးမှာ

ကိုယ်စီ..... မျက်ရည်စတွေရစ်သိုင်း

ပြိုင်း....ရိုင်းစွာ နာကျင်နေခဲ့........

အဲဒီအခိုက်အတန့်လေးမှာ

သူ့လက်နဲ့ကိုယ့်လက်

ကြေကြေကွဲကွဲတွယ်ယှက်

နောက်ဆုံးနှုတ်ဆက်နေခဲ့..........

အဲဒီအခိုက်အတန့်လေးဖြစ်မြောက်လာဖို့

အမုန်းတရား လုံးလုံးလျားလျားမပါခဲ့........

မာနသင့်စကားလုံးတွေမပါခဲ့.........

ဂုဏ်ဒြပ်သတ်မှတ်ချက်တွေမပါခဲ့........

`မဖြစ်နိုင်ခြင်း´အခင်းအကျင်းတွေသာ လင်းတောက်နေခဲ့

အဲဒီ........ အခိုက်အတန့်လေးမှာပဲ

ငါ့ မျှော်လင့်ခြင်းဈာပနပေါ်

သူ့ရဲ့မျက်ရည်စတွေခြွေချ

နောက်ဆုံး......

တစ်ဦးရဲ့ကျောခိုင်းခြင်းကို တစ်ဦးကဝေမျှလို့

တိတ်တဆိတ်လေးပဲ တိတ်ဆိတ်နေခဲ့ကြတယ်။ ။

အလွမ်း

0 Comments
ဟောဒီမှာ...

ရင်ဘတ်ထဲပြုတ်ကျလာတဲ့ စိတ်ကူးသက်သက်များ

စက္ကန့်မလပ်နာဖျားတဲ့စိတ်မှာ

မချင့်မရဲအချစ်တွေ

နွယ်ပင်လိုတစ်ရစ်ပြီးတစ်ရစ်ပတ်ခဲ့

`မုန့်ဆီကြော်ကဘယ်နေမှန်းမသိ´လို့

ကိုယ့်ကိုယ်ကိုဆုံးမရင်းနဲ့ကိုဘဲ

သတိရခြင်းက

သောက်လက်စ လက်ဖက်ရည်ခွက်ထဲ စိမ့်ဝင်လိုက်

စီးကရက်မီးခိုးလို တလူလူတက်လိုက်နဲ့

ဇွတ်တရွတ်ခုတ်မောင်းနေခဲ့..

ပစ္စုပန်တောင်မပိုင်သေးတဲ့ကောင်က

အနာဂတ်ကို တခုတ်တရဖက်တွယ်....

.........သေချာပါတယ်

ငါသူ့ကိုလွမ်းနေပြန်ပြီ ။ ။

အရှုံး

0 Comments
လေးလံနက်ရှိုင်းစွာ ထမ်းပိုးထားခဲ့တဲ့

တစုံတရာဟာ.......

ကျေးဇူးသိတတ်မှုကင်းမဲ့ခြင်းနဲ့

ခေါင်းပေါ်ကခုန်ချသွားတဲ့အခါ

ကိုယ့်ဟင်းလင်းပြင်ဟာ

နွမ်းနယ်မှိန်ဖျော့စွာ အမည်ပျောက်ခဲ့

မနေ့က ဆေးရောင်တွေပေါ်မှာ

အနာဂတ်ပျောက်ကြမ်းရှရှစုတ်ချက်များ

မျက်နှာထားတင်းတင်းမာမာထားခဲ့

အဲဒီ............

မေလ ၄ ရက်နေ့

ငါ့ရဲ့ တစ်ရာသီစာ အရှုံး...........

အရှုံးနေ့ရက်များမှာ................

ရစ်သမ်ပျောက်သွားတဲ့ည

0 Comments
မျက်နှာကတော့ နေသာချင်ယောင်ဆောင်

ရင်ဘတ်ထဲမှာ........

တိမ်တခြမ်းငိုနေတယ်။

အညှာအတာမဲ့ ကြိုးဝိုင်းကြား

ဝိဥာဉ်တစ်ကောင်လေ........

ပိုးစိုးပက်စက် ကျရှုံးနေလေရဲ့။

ပတ်ဝန်းကျင်က စကားလုံးစစ်ထိုး

မင်းသွင်းပစ်လိုက်တဲ့ ပွဲသိမ်းဂိုးမှာ

ကံတွေဆိုးလိုက်ပုံများ..........

ကြိုးစားပမ်းစား ရေလောင်းပေါင်းသင်ပေးနေတဲ့ကြားက

အဲဒီအပင်..........သွေးထွက်လွန်သွားခဲ့တယ်။

ကွက်လပ်

0 Comments
အချစ်ဆိုတာ.......

ခါးမယ်မှန်းမသိခင်က

သူ့လိုဘနဲ့ ကိုယ့်လိုဘ

စိတ်ရှည်လက်ရှည် ကြိုးညှိဖူးတယ်။

အချစ်ဆိုတာ.......

ဓါးပြတစ်ကောင်မှန်းမသိခင်က

အသေးအမွှားကအစပုံအပ်

စိတ်လိုလက်ရ ကျောချဖူးတယ်။

အပေးနဲ့အယူ ချိတ်ဆက်လို့မရတဲ့အခါ

သေရေးရှင်ရေးမှာ ထိချက်မမှန်တဲ့အခါ

အရာရာ..... စိတ်ကျရောဂါ

ချစ်သူ.........

ကဗျာရေးဖို့လောက်ပဲ ကုန်ကြမ်းပေးခဲ့ပါ။

အလွမ်းတွေများလွန်းတော့လည်း

သိမ်းစရာနေရာ ရှာမရပြန်ဘူး။

အနာဂတ်မှာ ရင့်ကျက်ခြင်းတွေ

လူလားမြောက်ချင် မြောက်နေနိုင်ပေမယ့်

ပစ္စုပန်အတွက်တော့

Parking ထိုးဖို့ နေရာမလွတ်သေးဘူး။

အချစ်ကဗျာ

0 Comments
မျက်လုံးလေးတစ်စုံအတွက်

ဟောဒီရင်ဘတ်

တလှပ်လှပ်ဖြစ်တတ်လာမှုကအစပေါ့။



ကိုယ်တတ်နိုင်တာက

စိတ်ကူးလေးတွေကို လှလှပပထုဆစ်

`အချစ်´လို့ခေါင်းစဉ်တပ်ထားရုံလောက်ပဲ။

ဆန္ဒတွေကို မချင့်မရဲသိမ်းခေါက်

ရောက်ရာအရပ်မှာ ပြန်ဖွင့်ကြည့်ရုံလောက်ပဲ



ဖြစ်နိုင်မယ်ဆိုရင်

ရင်ခွင်တစ်ခုလုံးကိုခြွေချ

ချစ်တတ်လာအောင် ကြွေပြချင်တာလေ။



ပေတိပေကပ်အမူအယာနဲ့

ကိုယ့်ရဲ့ ကြယ်ဆိုးမလေးရေ.........

ရင်ခုန်သံချင်း ကိုင်းကူးကိုင်းဆက်နည်းအရ

မင်းရဲ့နှလုံးသားထဲ

ကိုယ့်ကို ၀တ်မှုန်ကူးခွင့်ပြုပါ။

အတောင်ကျွတ်လာတဲ့ ခိုဖြူလေး

0 Comments
ကိုယ့်လျှာကိုယ်

တမင်သက်သက်ပြန်ကိုက်ကြတဲ့ သွားတွေလား။

ဒါမှမဟုတ်

ကိုယ့်ရွာကိုယ်

တမင်သက်သက်ပြန်တိုက်ကြတဲ့ ဓါးတွေလား။

လူသားချင်း ယိုင်းပင်းကူညီမှုတွေ

အရင်လို မီးအားမပြည့်တော့တာကြာပြီ။

ကျုပ်တို့တွေ.....

ကိုယ့်ကိုယ်ကိုပဲ လူလို့သတ်မှတ်နေကြ

လောဘကို ပေါင်ရင်းထိခွဲဝတ်ပြီး

လျှပ်ပေါ်လော်လီ ဟန်ရေးပြနေကြ

ဒေါသကို ဆံပင်ပေါ်ဆိုးပြီး

ခပ်ရင့်ရင့် လမ်းလျှောက်ထွက်နေကြ

မောဟကို ဈေးကြီးပေးဝယ်ပြီး

နေကာမျက်မှန်လုပ်ဝတ်နေကြ

ကမ္ဘာကြီးပူနွေးလာတော့

ယပ်တောင်ရောင်းတဲ့သူတွေ ပျော်သတဲ့။

ဆေးခန်းထဲက ဒေါက်တာက

`နောက်လည်းလာပါ´ ပြောလားပြောရဲ့။

အဲဒါတွေက

အတ္တကို နေရာမလပ်စိုက်တာမှမဟုတ်ရင် ဘာလဲ။

နောက်ဆုံး ယဉ်ကျေးမှုငတ်လာတဲ့ ကမ္ဘာကြီးကတောင်

လူသားတွေအပေါ်

ထမင်းတစ်လုပ်အတွက် နှာစေးပြတယ်။

အဲဒီတော့......

ကျုပ်တို့ဟာ

ကိုယ့်လျှာကိုယ် ပြန်ကိုက်ကြတဲ့သွားတွေလား။

ဒါမှမဟုတ်..........

သေတမ်းစာ

0 Comments
ရင်နဲ့အမျှ ချစ်ပြခဲ့တာပဲ

နာကျင်မှုကလွဲပြီး

ရင်ထဲမှာ ဘာမှမကျန်ဘူး။

စည်ကားဖူးတဲ့ ဘူတာရုံလေး

တိုးတိုးတိတ်တိတ် ဆွေးတယ်။

အချစ်တွေ ကြဲပက်ထားတဲ့ပျိုးခင်းက

ရိတ်သိမ်းချိန်ကျ

မျက်ရည်တွေပဲ အထွက်တိုးခဲ့။

မမျှော်လင့်ခဲ့ပါဘူး

ကြယ်ကိုခြွေချတာ လမင်းလို့လေ။

နောက်နေ့.............

ကိုယ့်ရင်ဘတ်ကိုယ် ထုပ်ပိုးပြီး

နာနာကျည်းကျည်း စီးနေတဲ့မြစ်တစ်စင်းကိုတွေ့ရင်

ကျေးဇူးပြုပြီး.....................

....................................

ဘယ်သွားမလဲ မမေးကြပါနဲ့။

ဂျီတီအိုင်ရုပ်ကြွင်းသစ်

0 Comments
ငါတို့က.........ဖြစ်တယ်။

သုံးရာ့နှစ်ဆယ်ခွဲတမ်းအရ

ဦးရဲမောင်ရဲ့ချက်မြှုပ်မှာ

ငါတို့က.........ဖြစ်တယ်။

နက်ပြာရောင်ဦးဂျမ်းများ

ဆောင့်ကြွားကြွားနင်းသွားတဲ့ မြို့လေးပေါ်မှာ

ငါတို့က..........ဖြစ်တယ်။

နှစ်စက တက်တက်ကြွကြွ

lecture စာအုပ်များ

ရာသီဝက်မှာတင် အောက်တန်းဆင်းတဲ့

ငါတို့က........ဖြစ်တယ်။

ချစ်စမ်းမောင်နီးပါး

ခင်မောင်သန့်နီးပါး

ခြောက်ကြိုးကဝေအသံများ

မြနန်းသိင်္ဂီရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်တဲ့

ငါတို့က..........ဖြစ်တယ်။

စနေ ၊ တနင်္ဂနွေ သဘောင်္ပေါ်က

အားလပ်ရက်များကို

ရှမ်းရိုးရာကရင်း အားလပ်ကြတဲ့

ငါတို့က..........ဖြစ်တယ်။

ခရက်စ်ပိုစီးသွားသော

အိုဝင်လေလျှော့သွားသော

လက်မှတ်ရစက်ဘီးများကို

ထောင်ဝင်စာမတွေ့နိုင်သေးတဲ့

ငါတို့က...........ဖြစ်တယ်။

ငါတို့က...........

အဆောင်စည်းကမ်း မသိကြပါ။

သောမတ်စ်အက်ဒီဆင် မသိကြပါ။

ငါတို့က............

ယောင်ပေပေနဲ့ တီတံကိုင်သော

စက်မှုကျောင်းသားများဖြစ်တယ်။

(၂၀၀၄ ၊ ၂၀၀၅ ၀ါးခယ်မ GTI မှ သူငယ်ချင်းများသို့ အလွမ်းပြေ)

ရက်ရာဇာစိတ်ကူးများ

0 Comments
ပေးဆပ်ခြင်းရီးစဉ် စတင်ချင်တာကြာပြီ။

အခန်းနံရံမှာ ချောကလက်ရောင်တွေပဲသုတ်လိမ်းထား

မြင်စေချင်မိရဲ့။

မင်းလက်ဖ၀ါးပေါ်အုပ်မိုးထားချင်တာ `အချစ်´ပါ။

ငါ့မျက်လုံးအိမ်ခပ်ကျဉ်းကျဉ်းထဲ

မင်းမျက်နှာလေးအပြည့်ရှိရင်

ဒီတစ်သက် ငါမသေချင်ဘူး။

မင်းရယ်မောနေရင် ငါက

လူရွှင်တော်ဖြစ်ရဲ့.........

မင်းနားထောင်နေရင် ငါက

ကက်ဆက်တစ်လုံးဖြစ်ရဲ့...........

တခါတရံ မင်းမျက်ရည်များ သုတ်သင်ဖို့အတွက်

လက်ကိုင်ပ၀ါတစ်ထည်လည်းဖြစ်သေးရဲ့.......

မပြီးဆုံးချင်သောပေးဆပ်မှုများ

ကောင်းကင်မျက်နှာလို အမြဲတမ်းပြာရီ.....

နေ့ကောင်းရက်သာရွေးထားပါ အချစ်။

ငါက ခြေခင်းလက်ခင်းသာတာနဲ့

ခရီးစဉ်စချင်တဲ့ကောင်ပါ။ ။

ဝေးလွင့်မျက်ဝန်း

0 Comments
မင်းဘက်က မကျော်ဖြတ်ရဲတဲ့

ငါ့ဘက်ကလည်း လှမ်းကြည့်ရုံအပြင်မတတ်နိုင်ခဲ့တဲ့

ခိုင်မာနေသော အတားအဆီးတစ်ခု

အသိုင်းအ၀ိုင်း အုတ်ရိုးတံတိုင်း...

အပြန်အလှန် လှိုက်မောစွာ

မျက်ဝန်းချင်းသွယ်တန်းမှုနဲ့ဘဲ

ငါ့စကားကို နင်ဘာသာပြန်သလို

နင့်စကားကို ငါနားစွင့်ခဲ......

ငါနှုတ်ဆက်တာကို နင်သိသလို

နင့်လက်ကလေး ဝှေ့ယမ်းခဲ့ပုံကို ငါသိမ်းဆည်းထား....

တရားဝင်မပွင့်လင်းခဲ့ရသော မျက်ဝန်းအစုံထဲမှာ....

`သိပ်ချစ်တယ်´

နင်ကြားလိုက်တဲ့ လှိုက်လှိုက်မောမော ငါ့ချစ်ခြင်းစကား

ငါပြန်ကြားလိုက်ရတဲ့ စုံမက်ခြင်းအပြည့် နင့်နှလုံးခုန်သံ

နီးနီးလေးနဲ့ အဝေးဆုံး .......

ငါ........ ဆွံ့အနေရုံအပြင် မတတ်နိုင်ခဲ့တဲ

နင်....... ဆို့နင့်နေရုံအပြင် မတတ်နိုင်ခဲ့တဲ့

အဲဒီ.....

ကြေကြေကွဲကွဲ မျက်ဝန်းအစုံထဲမှာ.........

ရေတံခွန်နဲ့တူတဲ့ ကျနော်

0 Comments
ကျနော့်စိတ်ထဲ

သူဟာ ကျနော်ပဲဖြစ်ရဲ့။

အခါးတွေမိုးရိပ်ဆင်တုန်း

ဖြူလျလျအင်္ကျီတစ်ထည် တစ်ပိုင်းသေသွားတယ်။

နေကြာစေ့ခွံများ.....

ရုပ်ရှင်လက်မှတ်အပြဲများ......

ကြည်စင်ခဲ့သောအနမ်းများ......

အမှတ်တရများလည်း အမှတ်တရသာဖြစ်ရဲ့။

ဖြောင့်ချက်ပေးမယ့် ပုံရိပ်တွေကြား

ကွင်းလုံးကျွတ်သိက္ခာတရား ထမင်းစားမှန်ဖို့

ကွင်းလုံးကျွတ်ကျေအေးလိုက်တယ်။

တကယ်တော့....

လုပ်ကြံလို့မရတဲ့ ဇာတ်ကြောင်းတစ်ခုထဲ

သူဟာ.....

ကျနော့်ကြောင့်ပဲ သူဖြစ်ရဲ့။ ။

နေမင်းရဲ့ ရင်သွေးတော်များ

0 Comments
သူတို့က

ပျားတွေလို သိုင်းဝိုင်းမှုမျိုးနဲ့

ဗျိင်းတွေလိုပဲ အုပ်စုဖွဲ့ ပျံသန်းကြတယ်။



ူသူတို့ရဲ့

နုနယ်ရှည်သွယ်သော လက်ချောင်းတွေက

ခေတ်ရေစီးကို ဇက်ကြိုးလှမ်းလှမ်းဆွဲတယ်။

တစ်ယောက်ရဲ့ ၀မ်းစာကို တစ်ယောက် ကူကူဖြည့်တယ်။



သူတို့ရဲ့ လင်းပျိုစူးဝင့်သော မျက်လုံးတွေက

ကိုယ့်ကိုယ်ကို သတိနဲ့ ယှဉ်ကြည့်တယ်။

သူများတွေကို အကြင်နာနဲ့ ကြည့်တယ်။

သူတို့ အချင်းချင်းကျတော့ ယိုင်းပင်းမှုနဲ့ ကြည့်တယ်။



သူတို့ ရဲ့ ပျိုရွယ်သောအသိတရားက

တခါတခါ လူငယ်ဆန်သော လတ်ဆတ်မှုမျိုးနဲ့

တခါတခါ လူကြီးစိတ်ဝင်နေသော စကားအသုံးအနှုန်းမျိုးနဲ့

တခါတခါကျပြန်တော့ မြင်ရခဲသော တည်ကြည်ရင့်ကျက်မှုမျိုးတွေနဲ့.....



သူတို့က

ကိုယ့်ကဗျာကိုယ်ဖတ်ရင် ဝေဖန်နှိမ့်ချမှုနဲ့

သူများကဗျာဖတ်ရင် အားကျခိုကိုးစိတ်နဲ့

သူတို့အချင်းချင်းကဗျာတွေကျတော့

တစ်ယောက်စိတ်ကူးအပေါ်တစ်ယောက် နယ်နိမိတ်ချင်းထိစပ်ပြီးဖတ်ကြတယ်။



သူတို့ရဲ့ စာအုပ်စင်လေးထဲမှာ........

သူတို့ရဲ့ အရိပ်တွေရှိတယ်။

သူတို့ရဲ့ ကြီးစဉ်ငယ်လိုက် အခေါ်အဝေါ်တွေရှိတယ်။

သူတို့ရဲ့ ကွင်းပြင်ကျယ်ကျယ်မျှော်လင့်ချက်တွေရှိတယ်။



သူတို့အချင်းချင်းသိတဲ့ တနင်္ဂနွေစိတ်ကူးမှာ

ရိုးရာဆန်သော လက်ဖက်ရည်ဆိုင်တွေပါမယ်။

အရောင်အဆင်းတူနေသော ကော်ဖီခွက်တွေပါမယ်။

အတောမသတ်နိုင်သော နောက်ပြောင်မှုတွေပါမယ်။

နောက်ဆုံးပေါ်စက်ရပ်သတင်းတွေပါမယ်။

အဲဒီ တနင်္ဂနွေတွေကိုက သူတို့ရဲ့ ယဉ်ကျေးမှုတွေပဲဖြစ်တယ်။



သူတို့ရဲ့ ကိုယ်ပိုင်ဝိသေသထဲမှာ

နေမင်းလို အလင်းလွင်လွင်တွေရှိတယ်။

နွေးထွေးသော ဖြာဆင်းနိုင်မှုတွေရှိတယ်။

ပျိုမြစ်သော အာရုဏ်အခင်းအကျင်းတွေရှိတယ်။

သူတို့ကိုယ်တိုင်က နေမင်းရဲ့ ရင်သွေးတော်တွေဖြစ်ကြတယ်။



တစ်နေ့နေ့တော့.....

သူတို့နေထိုင်ချင်သော ကောင်းကင်မှာ

သူတို့ ပိုင်ဆိုင်ချင်သော ကိုယ်ပိုင်အဆင်းအချင်းနဲ့

တစင်းပြီးတစင်း လင်းချင်တိုင်းလင်းနေကြလိမ့်မယ်။ ။

ပေါက်ကွဲနေတဲ့ကဗျာဆရာ

0 Comments
ဟောဒီအချိန်မှာပေါ့

ကဗျာဆရာ ဒီကောင်ရဲ့အသည်းကနတ္ထိ

(ဘာဖြစ်ဖြစ် ) ရပ်ကြည့်နေခဲ့ရ.......



ခံစားချက်တွေ ဆူ...ဝေ ပေါက်ကွဲဖို့

လက်သီးလက်မောင်းတန်းပြီး ဟန်ရေးမပြခဲ့

မျက်လုံးကိုထောင့်ကပ်ပြီး

အလျှံညီးညီးမကြည့်ခဲ့



ပေါက်ကွဲလုဆဲဆဲစိတ်အလွှာကို

သိက္ခာနဲ့ဟန့်တား

ငါ့လမ်းငါဆက်သွားတယ် ။



ဒေါသတွေကို ပြန်ပြီးသိမ်းထုတ်

အနုပညာအဖြစ် ဖုံးအုပ်လှောင်ပိတ်

ညီမလေး......

မင်းသိပ်ကံကောင်းတယ် ။ ။

Tuesday, February 12, 2008

သူရဿဝါနှင့် အမုန်းများ

0 Comments
လောကမှာ ကျနော်မုန်းတီးတဲ့အရာတွေ အများကြီးရှိပါတယ်။ အရင်ကတော့ အမှတ်တမဲ့ပါ။ ဟိုတစ်ခု အမြင်မတော်ရင် မုန်းလိုက် ၊ ဒီတစ်ခု အချိုးမပြေရင် သောက်မြင်ကပ်လိုက်နဲ့။ ခုတော့ ကိုယ်မုန်းတီးမိတဲ့ ကိစ္စတွေ ဘယ်လောက်များများရှိသလဲဆိုတာ ကိုယ့်ဘာသာကိုယ် ပြန်တွေးကြည့်မိတယ်။ ငါက အဆိုးမြင်ဝါဒီတစ်ယောက်များ ဖြစ်နေပြီလားလို့ စိုးရိမ်မိလို့လည်း ပါတာပေါ့။



ဘတ်စ်ကားပေါ်မှာ ယောင်္ကျားကြီးတန်မဲ့ မိန်းမတွေနဲ့ နေရာလုထိုင်တဲ့ ပုဂ္ဂိုလ်တွေကို မုန်းတယ်။ ပိုက်ဆံတစ်ဆယ် နှစ်ဆယ်ကအစ နှုတ်ခမ်းတွေမဲ့ရွဲ့ပြီး အတင်းပြန်တောင်းတတ်တဲ့ မိန်းမကြီးတွေကို မုန်းတယ်။ အကြွေမရှိဘူးဆိုတာကို တွင်တွင်ပြောပြီး ပိုက်ဆံပြန်အမ်းဖို့ အမေ့ခံတဲ့ စပယ်ယာတွေကိုလည်း မုန်းတယ်။



လူရှေ့မရှောင် သူရှေ့မရှောင် ပိုလာဘာလီများတဲ့ ခပ်ကဲကဲ စုံတွဲတွေကို မုန်းတယ်။ အဲဒီလိုစုံတွဲတွေကိုမှ အားကျတဲ့ပုံစံနဲ့လိုက်ကြည့်တတ်တဲ့ ဂေါ်မစွံတွေကိုလည်းမုန်းတယ်။



ညအချိန်မတော် လမ်းပေါ်မှာမူးရူးပြီး လျှောက်အော်နေတတ်တဲ့ ကာလသားတွေကို မုန်းတယ်။ သူတို့ရဲ့ အရည်မရအဖတ်မရ အချိန်တွေကိုလည်း မုန်းတယ်။



တကယ်တမ်း ဟုတ်တိပတ်တိ အရည်အချင်းမရှိပဲနဲ့ ကိုယ်ရည်သွေးတီးလုံးတွေ ကျယ်ကျယ်လောင်လောင် ဖွင့်ပြတတ်တဲ့ ဘ၀င်လေဟပ်တွေကိုမုန်းတယ်။ သူတို့အကြောင်းကိုသိနေရဲ့သားနဲ့ ကိုယ့်စားပေါက်တစ်ခုတည်း အတွက် အဲဒီလူတွေနားမှာ မြှောက်ပင့်ထိုးကော်နေတဲ့ ကပ်ပါးတွေကိုမုန်းတယ်။



သာပေါင်းညာစား အဖော်အပေါင်းအတုတွေကိုမုန်းတယ်။ `ဘုန်းကြီးဟာကျ ပေးလားကမ်းလား ဒကာမဟာကျ မူးတင်းပဲတင်း´လုပ်တဲ့ ငကျစ်တွေကို မုန်းတယ်။



`ပြောကိုမပြောချင်ပါဘူး´ဆိုတာကနေစပြီး ရပ်ကိုမရပ်ချင်တော့တဲ့ သူများအတင်းတွေပြောပြီး ၀မ်းဝနေတတ်တဲ့ တန်ဖိုးခပ်လျော့လျော့ မိန်းမတွေကို မုန်းတယ်။ အဲဒီလို မိန်းမတွေထက်ပိုဆိုးတဲ့ ယောင်္ကျားဘသားကြီးတွေရဲ့ အရိုးတပ်မထားတဲ့ `လျှာ´တွေကို မုန်းတယ်။ အဲဒီလူတွေပြောတဲ့ အကြီးစားလေလုံးတွေကိုလည်း မုန်းတယ်။



ဘာပြောပြော ထုံပေပေလုပ်နေတတ်တဲ့ `ပြန်မပြောနားမထောင်´တွေကို မုန်းတယ်။ `ပြန်ပြောပြီး နားမထောင်´တဲ့ သူတွေကိုလည်းမုန်းတယ်။



`ငါ့ကိုသာ စိတ်ချလိုက်စမ်းပါ´ဆိုတဲ့ ကိုယ့်ကိုယ်ကိုတောင်စိတ်မချတတ်တဲ့ လူလည်လူမွတ်တွေကို မုန်းတယ်။ အဲဒီ လူလည်တွေကိုမှ စိတ်ချနေတတ်တဲ့ လူနတွေကိုလည်း မုန်းတယ်။



တစ်ကိုယ်လုံးကို သေချာကြည့်ပြီး ကဲ့ရဲ့ဖို့ပဲ မဲသာနေတဲ့ ပတ်ဝန်းကျင်ကိုမုန်းတယ်။



အချစ်ဆိုတာကို တွင်တွင်ပြောပြီး ခဏခဏချစ်တတ်တဲ့ ကောင်မလေးကို မုန်းတယ်။



နောက်ဆုံး….. အဲဒီအမုန်းတွေအကြောင်း အိပ်ရေးပျက်ခံပြီး ရေးချနေမိတဲ့ ငါ့ကိုယ်ငါလည်း မုန်းတယ်။

VCC အလှူပွဲလေးနှင့် သူရဿဝါပြောချင်သော အလှူအတန်းအကြောင်း

1 Comments
အလှူဒါန ဆိုတဲ့ဝေါဟာရက ကျနော်တို့မြန်မာလူမျိုးတွေနဲ့ ငယ်ပေါင်းကြီးဖော်လို ရင်းနှီးတဲ့ စကားစုတစ်ခုဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ ပွဲလမ်းသဘင်အတော်များများမှာလည်း အလှူဒါနဟာ အတော်များများနေရာယူထားတာကို တွေ့နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လှူလိုက်မယ်ဟဲ့ ဆိုတဲ့စိတ်လေးတွေ ရှိနေတတ်ကြတာလည်း ဂုဏ်ယူစရာကောင်းတဲ့ ဓလေ့လေးတစ်ခုပါ။ ဒါပေမယ့် အလှူဒါနဆိုတာ လုပ်တိုင်းလည်း အလှူမမြောက်ပါဘူး ခင်ဗျ။



သူရဿဝါက အဲဒီိလိုပြောလိုက်ရင် သူငယ်ချင်းတို့က ပြန်မေးချင်ကြလိမ့်မယ်။ ဟ ငါတို့က အလှူဒါနလုပ်တာပဲ ဘာလို့လုပ်တိုင်းလည်း အလှူမမြောက်ရမှာလဲ လို့။ ရှင်းပြပါ့မယ်ခင်ဗျ။ အလှူအတန်းလုပ်ဖို့ စိတ်ကကြံစည်မိပြီဆိုတာနဲ့ အချိန်ကာလသုံးပါးကို မလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ်။ အဲဒီရင်ဆိုင်ရမယ့် အချိန်သုံးပါးကိုလည်း လွယ်လွယ်ကူကူနဲ့ ဖြတ်ကျော်ဖို့က အတော်ခက်လှပါတယ်။ အဲဒီအချိန်ကာလသုံးပါးစလုံးမှာ သုံးမျိုးသော စေတနာတရားတွေကို သူ့နေရာနဲ့သူ ထားသိုနိုင်မှ အလှူတစ်ခုပြီးမြောက်နိုင်ပါတယ်။



မလှူခင်အချိန်မှာလည်း ကိုယ်လှူဒါန်းမယ့်သူအပေါ် သဒ္ဒါတရားအပြည့်ရှိရပါမယ်။ လှူနေစဉ်အချိန်မှာလည်း နှမြောတွန့်တိုစိတ် မ၀င်ဘဲ ကြည်ဖြူတဲ့စိတ်ထားရှိနေရမှာပါ။ အဲ.. လှူဒါန်းပြီးတဲ့ အချိန်မှာလည်း ဟာ.. ငါဘာလို့လှူလိုက်မိပါလိမ့် ဆိုတဲ့ စိတ်ထားမ၀င်ဘဲ ကိုယ့်အလှူအပေါ် စိတ်ထားကြီးနိုင်ရဦးမှာပါ။ အဲဒီ မလှူခင် ၊ လှူနေစဉ် နဲ့ လှူပြီးအချိန်သုံးပါးကို ပါဠိလိုဆိုရင်တော့ ပုဗ်ဗ ၊ မုဉ္စ နဲ့ ပရ စေတနာလို့ ခေါ်ပါတယ်။ အချိန်ကာလသုံးပါးစလုံးမှာ အဲဒီစေတနာလေးတွေ တစ်မျိုးစီကပ်ပြီး လှူဒါန်းနိုင်မှသာ အဲဒီအလှူဟာ နတ် ၊ လူ သာဓုခေါ်ထိုက်တဲ့ အလှူအတန်းတစ်ခု ဖြစ်မှာပါ။ အဲဒါကြောင့် သူရဿဝါက အလှူတစ်ခုဖြစ်မြောက်ဖို့ အရမ်းခက်ခဲတယ်လို့ ပြောခဲ့ခြင်းဖြစ်ပါတယ်။



အများဆုံးအလှူဒါနကို ဖျက်ဆီးတတ်တာကတော့ နောက်ဆုံးစေတနာဖြစ်တဲ့ ပရစေတနာ မတည်မြဲမှုကြောင့်ပါပဲ။ ဘာလို့လည်းဆိုတော့ ပုဗ်ဗ စေတနာဟာ ပျက်ဖို့မလွယ်ပါဘူး။ လှူမယ်လို့ စိတ်ကူးထားပြီးတဲ့နောက်မှာတော့ အဲဒီအလှူအပေါ် စေတနာပျက်ဖို့ဆိုတာက ဖြစ်တောင့်ဖြစ်ခဲကြီးပါ။ မုဉ္စစေတနာကျတော့ရော…… သူလည်း ဒီလိုပါပဲ။ လှူချင်စိတ်ရှိလို့တောင် လှူတန်းနေတဲ့အချိန်မှာ စေတနာက ပ