
ခုတလော ဘာစာမှသိပ်မရေးဖြစ်ဘူး။ ကျနော့်စိတ်တွေ ရှုပ်နေတယ်။ ဝေခွဲမရတာတွေ၊ ပုပန်တာတွေနဲ့ စိတ်ညစ်ရတဲ့ကြားထဲ စာရေးတဲ့သူတွေထုံးစံအတိုင်း ဟိုဟိုသည်သည်လျှောက်စဉ်းစားနေမိတော့ ပိုဆိုးတယ်။ အားလုံးကို စိတ်ထဲမှာ သယ်ပိုးမထားနိုင်တော့လည်း ချရေးနေမိပြန်တာပါပဲ။ ဒီတစ်ခါလောက် စည်းဖောက်မိတာလည်း ဒီတစ်ခါပဲရှိမယ် ထင်တယ်။ ဘာလို့လဲဆိုတော့ ခါတိုင်းဆိုရင် ကျနော်စာတစ်ပုဒ်ရေးမယ်ကြံတိုင်း ဖတ်ရမယ့်သူတွေကို ငဲ့ပါတယ်။ ငါရေးတဲ့ စာကိုဖတ်ပြီး သူတို့အတွက် ဘာကျန်မလဲဆိုတာမျိုးပေါ့။ ဒီတစ်ခါတော့ ကိုယ့်ဖြေသိမ့်ရာကိုယ်တွေးပြီး ရေးမိတဲ့စာဆိုတော့ တာဝန်မဲ့သလိုဖြစ်နေတာတော့ အမှန်ပဲ။ ဒါပေမယ့်လည်း ကျနော်ဘာပဲရေးရေး ပုံမှန်ဖတ်ပေးနေကြတဲ့သူငယ်ချင်းတွေ ရှိတဲ့အတွက်လည်း နည်းနည်းတော့အရှက်ပြေရပါတယ်။
မိန်းကလေးတစ်ယောက်ကိုချစ်မိရင် တဲ့။ စိုင်းစိုင်းခမ်းလှိုင်သီချင်းကို ပြောတာမဟုတ်ပါဘူး။ ကိုယ့်ဟာကို တွေးနေမိတာ။ ကိုယ်ထုတ်တဲ့မေးခွန်း ကိုယ်ပြန်ဖြေတာတောင် အောင်မှတ်မရဘူးဆိုတော့လည်း ခက်တယ်။ ပြီးတော့ အချစ်ကို အယုံအကြည်မရှိဘူးလို့ ကြွေးကြော်နေတဲ့ကောင်ကျမှ သမာရိုးကျတောင်မဟုတ်တဲ့၊ ၀တ္ထုဇာတ်လမ်းထဲက ပလော့(plot ) တစ်ခုလို ဘယ်လိုမှယုံချင်စရာမကောင်းတဲ့ အချစ်မျိုးနဲ့ တည့်တည့်တိုးမိတာကလည်း ရယ်ချင်စရာကောင်းနေ တာပါပဲ။
ကျနော်ချစ်တယ် (လို့ထင်တဲ့ ) မိန်းကလေးနဲ့ ကျနော်အပြင်မှာ တခါမှမကြုံဖူးပါဘူး။ သူ့ဓါတ်ပုံမြင်ဖူးပါတယ်။ သူနဲ့ အွန်လိုင်းပေါ်မှာတွေ့တယ်။ ဖုန်းနဲ့စကားပြောဖြစ်ပါတယ်။ ပိုဆိုးတာက ဖုန်းပြောဖြစ်ကြတာတောင် (မရှက်တမ်းပြောရရင် ) တစ်ပါတ်မပြည့်သေးပါဘူး။ ကံဆိုးချင်တာလား ကံကောင်းချင်တာလားမသိတဲ့ ငမိုက်သားကလည်း သူ့အသံလှိုင်းကိုမှ ချစ်မိသွားပါတယ်တဲ့။ ပထမဆုံးဖုန်းပြောဖြစ်တဲ့ညမှာတင်ပဲ ငှက်ပေါက်စလေးတစ်ကောင်လိုအသံမျိုးပိုင်ဆိုင်တဲ့၊ ကလေးတစ်ယောက် စကားမပီသလို အသံနဲ့စကားပြောတတ်တဲ့၊ တခါတလေ သူစိတ်လိုလက်ရရှိရင် စာကလေးတစ်ကောင်လိုအသံမျိုးနဲ့ Sparrow သီချင်းဆိုပြတတ်တဲ့ အဲဒီကောင်မလေးရဲ့အသံကို စွဲလမ်းသွားခဲ့တာပါပဲ။ ကဲ.. မြင်မြင်ချင်းအချစ်တောင် မယုံပါဘူးဆိုတဲ့ကောင်က အသံပဲကြားရတဲ့မိန်းကလေးကို ချစ်မိပါတယ်ဆိုတဲ့အဖြစ်က တော်ရုံတန်ရုံလွဲတဲ့ ကိစ္စမဟုတ်ပါဘူး။ ကြံကြံဖန်ဖန်ပြောရရင်တော့ အချစ်မှာမျက်စိမရှိဘူးဆိုတဲ့ အဆိုအမိန့်ကိုပြောခဲ့တဲ့သူ ဟာ အချစ်မှာနားရွက်လည်းမရှိပါဘူးလို့ ဖြည့်စွက်ပေးခဲ့သင့်တယ်လို့ ကျနော်ထင်နေမိတာပဲ။
အံ့သြစရာကောင်းတာက အဲဒီညဖုန်းပြောဖြစ်ပြီး နောက်တစ်နေ့မှာလည်း သူနဲ့ဖုန်းပြောချင်နေမိတာ၊ သူ့ကို အချိန်ပြည့်နီးပါး သတိရနေမိတာပါပဲ။ တစ်ရက်ကနေ နှစ်ရက်၊ နှစ်ရက်ကနေ သုံးရက်ဖြစ်လာတဲ့အခါကျတော့ ဆေးပြတ်တဲ့ ဆေးသမားလိုဖြစ်လာတယ်။ ချစ်နေမိလားဆိုတဲ့အမေးက ခဏခဏပေါ်လာသလို ချစ်နေမိတယ်ဆိုတဲ့အဖြေပဲ ထပ်ခါထပ်ခါ ပြန်ထွက်လာတယ်။ ချစ်မိတဲ့အခါ အလိုလိုနေရင်းစိတ်တိုတတ်သလား၊ ထိရှလွယ်သလားမသိဘူး။ တခါတလေ သူက သူ့ရည်းစားဟောင်းအကြောင်း ကျနော့်ကိုလာပြောပြရင် အဲဒါတွေလာမပြောနဲ့ လို့ ဒေါသဖြစ်ပြီး မနာလိုမှုနဲ့ ကျနော် အော်မိတတ်ပါတယ်။ သူကတော့ ရယ်နေတာပါပဲ။ ကျနော်သူ့ကိုနောက်နေတယ်ထင်လို့ ရယ်နေတာပဲဖြစ်နိုင်ပါတယ်။သေချာတဲ့အရာကိုတောင်မှ ဟုတ်ရောဟုတ်ပါ့မလား လို့တွေးပူတတ်တဲ့ မိန်းကလေးတွေရဲ့စိတ်မျိုးနဲ့ဆိုတော့လည်း ကျနော့်စကားဟာ ၂၁ ရာစုနောက်ပိုင်း ကမ္ဘာ့အကောင်းဆုံးပြက်လုံးတစ်ခုလို့တောင် သူထင်နေမှာပါပဲ။
ကျနော်စဉ်းစားကြည့်မိတယ်။ ခုချိန်မှာ သူ့ကိုချစ်ပါတယ်လို့ ကျနော်ပြောလိုက်ရင် သူ့ဘက်ကတုန့်ပြန်မှုက ဘယ်လိုရှိမလဲ။ ဖြစ်နိုင်ခြေများတာကတော့ ခုနကပြောသလို ဟားတိုက်ရယ်မောနေမှာကလွဲလို့ တခြားဘာမှ ဖြစ်နိုင်မယ် မထင်ပါဘူး။ သူ့ဘက်ကတွေးတော့လည်း မှန်နေမှာပါပဲ။ သူ့ကိုတခါမှ အပြင်မှာမမြင်ဖူးတဲ့ ယောင်္ကျားလေးတစ်ယောက်ဆီက ချစ်တယ်ဆိုတဲ့စကားကို ဘယ်လိုယုံကြည်မှုမျိုးနဲ့ သူလက်ခံမှာလဲ။ ပိုဆိုးတာက ကျနော့်လိုအမြဲတမ်း နောက်ပြောင်နေတတ်တဲ့ကောင်ရဲ့စကားဟာ ခုတစ်ခါလည်း နောက်ပြောင်မှုတစ်ခုပဲ ဖြစ်နေလိမ့်မယ်လို့ သူယူဆချင်ယူဆပါ လိမ့်မယ်။ ကျနော်စိုးရိမ်တာကလည်း အဲဒါပါပဲ။ နောက်တစ်ဆင့်တက်ပြီး စဉ်းစားကြည့်တော့လည်း ကျနော်အတည်ပြော နေတယ်ဆိုတာကို သူလက်ခံသွားပြီဆိုပါစို့။ ကျနော့်ကိုစိတ်ဆိုးပြီး အဆက်အသွယ်ဖြတ်ပစ်လိုက်မလားဆိုတာကလည်း ကျနော်ခုထိ တွန့်ဆုတ်တွေဝေနေရတဲ့ အကြောင်းရင်းတစ်ချက်ပါ။ ကျနော်အပေါ်မှာ ပြောခဲ့တာတွေထက် စိုးရိမ်မိတဲ့ အစိုးရိမ်ဆုံးအချက်ကတော့ သူ့ကိုယ်သူအပြစ်တင်သွားမှာကိုပါပဲ။ ကျနော်နဲ့ ညတိုင်းဖုန်းပြောနေမိလို့ ကျနော့်ကိုမျှော်လင့်ချက်တွေများ ပေးနေမိသလား ဆိုပြီး သူ့ကိုယ်သူအပြစ်တင်နေမှာကို ကျနော်အကြောက်ဆုံးပါပဲ။
ဒီအကြောင်းကို ထပ်ပြီးရေးပြနေလည်း ကျနော်တင်မကဘူး။ ဖတ်တဲ့သူတွေပါ စိတ်ရှုပ်သွားနိုင်တဲ့အတွက် ရပ်လိုက်ပါတော့မယ်။ ကျနော့်ဘက်က ခုလောလောဆယ်လုပ်နိုင်တာကတော့ တစ်ခုပဲရှိပါတယ်။ ကျနော်ချစ်တယ်ဆိုတာကို သူယုံလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ထိုင်စဉ်းစားနေရုံကလွဲပြီး ဘယ်လိုစကားမျိုးမှမပြောသေးတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ မျှော်လင့်ချက်တွေ မိုးလိုရွာမယ့်နေ့ ကိုကျနော် စောင့်ပါမယ်။ သူ့ကို အတတ်နိုင်ဆုံးပျော်အောင် ထားမယ်။ အတတ်နိုင်ဆုံးဂရုစိုက်မယ်။
မျှော်လင့်ချက်တွေ မိုးလိုရွာမယ့်နေ့ ကိုကျနော် မျှော်လင့်နေပါမယ်။
သူ့စိတ်ထဲမှာလည်း ကျနော့်အတွက် နေရာအတော်များများရှိလာပြီဆိုတဲ့ တစ်နေ့…..
ကျနော့်စိတ်မှာလည်း အချိန်တန်ပြီလို့ထင်တဲ့တစ်နေ့…..
ကျနော်ကံကောင်းမယ်ဆိုရင်တော့ ကျနော်စောင့်နေတဲ့ မျှော်လင့်ချက်တွေ……
မိုးလိုပဲ ညင်းညင်းစွေစွေရွာလာပါလိမ့်မယ်။


