လူရယ်လို့ဖြစ်လာပြီဆိုရင် ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး သင်ခန်းစာတွေ ၊ အတွေ့အကြုံတွေ တဖြည်းဖြည်း ရလာတတ်ကြပါတယ်။ အတွေ့အကြုံစုံလေလေ ရင့်ကျက်ဖို့အခွင့်အလမ်းလည်း များလေလေပေါ့ဗျာ။ အဲ.. ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်တော့ မထင်စေချင်ဘူး။ ကျနော်တို့ အငှားကားသမားတွေက သူများတွေထက်စာရင် ပိုပြီးအတွေ့အကြုံစုံတယ် လို့ ပြောချင်တာပဲ။ စဉ်းစားကြည့်လေ။ အမြဲတမ်း ကားတစ်စီးနဲ့ လမ်းပေါ်မှာ။ လူပေါင်းစုံ ၊ စရိုက်ပေါင်းစုံနဲ့ ဆက်ဆံဖူးတယ်။ သူများအပေါ် ဖျံကျဖူးသလို ကိုယ့်အပေါ် ရိုက်စားလုပ်သွားတာတွေလည်း နင့်နေအောင်ခံရဖူးတာပဲ။ `လည်သလိုလို အိမ်မကပ်သလိုလို´ လုပ်တယ်ဆိုတာ ကျနော်တို့ အငှားကားသမားတွေကမှ အစစ်ဗျ။ ကြုံရသမျှအဖြစ်တွေကတော့ ရယ်ချင်စရာတွေလည်းပါတယ်။ စိတ်ပျက်စရာတွေလည်းပါတယ်။ အိုး…. အမျိုးကိုစုံနေတာပဲ။
ဟိုးတလောကဆိုကြည့်။ မနက်အိပ်ရာက နိုးကတည်းက ကားကပျက်နေတာ။ တော်သေးတာပေါ့။ ကိုယ်ပိုင်ကားနဲ့ အငှားကားမောင်းလို့။ အုံနာဆီကများယူမောင်းရင် အဲဒီနေ့တော့ ခါလီအိတ်စိုက်ဖြစ်ဦးမှာ။ မနက်ကားထွက်မယ်ဆိုပြီး ကားပေါ်တက် စက်နှိုးလိုက်ကတည်းက ဇာတ်လမ်းကစတာ။ ကားစက်လေးတစ်ခါ နှိုးပါတယ်။ ပန်းနာရင်ကျပ်နေတဲ့ ဂီလာန ကျနေတာပဲ။ အဟွန့်..ဟွန့်..ဟွန့်.. နဲ့ သုံးလေးခါလောက် ပဲများပြီး ကားစက်ကပြန်ရပ်သွားပြန်ရော။ ဒါနဲ့ ကားကို ဘောနက်ဖုံးဖွင့်လိုက်တယ်။ ဘက်ထရီဒေါင်းနေလား ဘာလားကြည့်တယ် ၊ ဓါတ်ဆီခန်းနေလားကြည့်တယ်။ တစ်ခုမှလည်း မဟုတ်ဘူး။ ဘယ်လိုမှနှိုးမရတဲ့အဆုံး လူကဒေါသထွက်လာရော။ ဘယ်ရမလဲ။ ငါနဲ့တွေ့သွားမှာပေါ့။ ကားရှေ့တည့်တည့်ကနေ ပိတ်ရပ်လိုက်တယ်။ ဒီကောင့်ကို ဘုကြည့်ကြည့်တယ်။ အဲ.. ကြည့်လေ ဒေါသက အလိပ်လိုက်ထွက်လာလေပဲ။ `ဒီလောက်တောင် အကြောပြောင်တဲ့ကောင် … လာလေရော့လဟယ်… နာလေရော့လဟယ်´ ဆိုပြီး ဘောနက်ဖုံးကို လက်သီးနဲ့ပြေးထိုးတယ် ၊ နားပန်ပိတ်ကျင်းပစ်တယ် ၊ ဖနောင့်နဲ့ပေါက်တယ်။ အဲတော့မှ ကားစုတ်က ဘာကိုကြောက်သွားတယ်မသိဘူး။ တ၀ူးဝူးနဲ့ နိုးလာတော့တာပဲ။ အင်း ဒီပုံနဲ့တော့ ကားထွက်ဆွဲလို့မဖြစ်ဘူး။ ငှားတဲ့ သူတွေ ရှေ့ရောက်မှ ငါ့ကိုပမာမခန့်လုပ်ရင် ငါပဲအရှက်ကွဲဦးမှာ။ ဒါနဲ့ပဲ ၀ပ်ရှော့ကိုသွားပို့လိုက်တယ်။ ဒင်းက ၀ပ်ရှော့ဆရာဆီမှာ တနေကုန်အိပ်ပြီး ညနေစောင်းမှ ပြန်သွားပင့်ရတယ်။ ညနေကျတော့မှ ကားပြန်ထွက်ရတယ်။ မနက်ကတည်းက လာဘ်ပိတ်နေလို့လားတော့မသိဘူး။ တစ်ကြောင်းမှကို မဆွဲရဘူးဖြစ်နေရော။ အင်း မထူးပါဘူးလေ… အိမ်ပြန်ထမင်းစားပြီး ညမှပဲဆက်ဆွဲတော့မယ် စိတ်ကူးပြီး အိမ်အရင်ပြန်လိုက်တယ်။ ညကိုးနာရီခွဲလောက်မှ အေးဆေးတစ်ညလုံးဆွဲမယ်ဆိုပြီး ထွက်လာခဲ့တော့တယ်။ ဆယ့်တစ်နာရီသာကျော်လာတယ်။ ဘာအော်ဒါမှ မရဘူး။ စိတ်ကလည်းပျက်လာပြီကွာ။ ကဲ.. ဖြစ်ချင်တာသာ ဖြစ်တော့ဆိုပြီး ဝေဇယန္တာလမ်းမပေါ်မှာ ကားထိုးပြီးအိပ်နေလိုက်တယ်။ ညတစ်နာရီလောက်မှ နားထဲက အသံတိုးတိုးလေးကြားတယ်။
`ကိုကြီး ကိုကြီး´
မျက်လုံးဖွင့်ကြည့်တော့ လားလား။ ကောင်မလေးတစ်ယောက်။ ကျနော့်ဘေးမှာ လာရပ်ပြီးခေါ်နေတာ။ မျက်လုံးတွေဘာတွေ ပွတ်ပြီးတစ်ချက်သမ်းလိုက်သေးတယ်။ ပြီးမှ သူ့ကိုမေးရတယ်။
`အေး ဘယ်ကိုငှားမလို့လဲဟ´ ဆိုတော့ မြို့ထဲတဲ့။ လမ်း ၃၀ တဲ့။ စိတ်ထဲက တွက်ကြည့်လိုက်တယ်။ ဒီကနေ မြို့ထဲကို ဒီအချိန်.. အင်း… ။
`လေးထောင်တော့ပေးဟာ´လို့။ သူတစ်ချက်စဉ်းစားတယ်။ ပြီးတော့ အင်းလေတဲ့ ထားလိုက်ပါဆိုပြီး ကားပေါ်တက်လာတယ်။ ကျနော်ကတော့ စိတ်ထဲမှာ ပေသီးခေါက်နေပြီ။ လမ်းသုံးဆယ်ရောက်ပြီးရင် သီရိမင်္ဂလာဈေးဘက် တက်မယ်ပေါ့။ အေးဆေးပဲ။ မနက်အိမ်ပြန်ရင် အနည်းလေးတော့ ကိုးထောင်တစ်သောင်းပြေးမလွတ်ဘူးပဲ ဟဲဟဲ။
လမ်း ၃၀ ရောက်လာရော ဆိုပါတော့။ သူပြောတဲ့အိမ်ရှေ့မှာ ကားထိုးရပ်ပေးလိုက်တယ်။ ကောင်မလေးက ကားပေါ်က ဆင်းပြီးပိုက်ဆံအိတ်ထုတ်တယ်။ ပြီးတော့ မပေးသေးဘူး။ ဟိုဟိုဒီဒီတစ်ချက်ကြည့်တယ်။ ကျနော့်အနားကပ်လာပြီးတော့ ဘာပြောတယ်မှတ်သလဲ။
`ကိုကြီး ဒီလိုလုပ်ပါလား သမီးနဲ့လိုက်ခဲ့လေ ဒါသမီးသူငယ်ချင်းအိမ်ပဲ သမီးကို ခြောက်ထောင်ပဲပေးဟုတ်လား ကိုကြီးကားခက လေးထောင်ဆိုတော့ ပြန်ရင်သမီးကို နှစ်ထောင်ပဲပေးခဲ့ပေါ့.. နော်.´
အာ.. ကျနော်ခေါင်းနပန်းကြီးသွားတယ်။
`ဟဲ့ ဟဲ့ ငါ့များဘာထင်နေလဲ မရဘူး ကားခပဲပေးဟာ ငါကားဆက်ဆွဲရဦးမှာ´
`အမယ်..ကိုကြီးကလည်း ပဲကုလားဟင်းတွေ မွှေနေပြန်ပြီ.. အဟိ ကဲ.ကဲ.. ငါးထောင်ပဲပေးကွယ်နော်.. ရတယ်မဟုတ်လား ပိန်းကြာရွက်ပေါ်ရေမတင် ၀ဒူး ၀ဒူးကြတာပေါ့နော်.. နော်လို့…´
သူကအဲလိုပြောလေ ကျနော်ကတော့ အိမ်ကဘုတ်ပြဲကြီးမျက်နှာကြောကို ထင်းကနဲမြင်လေလေပဲ။ အဲလိုအကြာကြီး အခြေအတင်ဖြစ်နေတော့ ကျနော်လည်း စိတ်ကတိုလာရော။ တနေကုန်အဆင်မပြေတဲ့ကြားထဲ ဒီဟာမလေးကတမှောင့်။
`ကဲ.. အာရုံမနောက်နဲ့ ပေးဟာ သွားမယ်´
`အော်.. ကိုကြီးကဒီလိုလား အေးဆေးပြောတာမရဘူးပေါ့လေ တွေ့မယ်´ ဆိုပြီး လမ်းမဘက်လှည့်ပြီး ကျုံးအော်တော့တာပဲ။
`ဟော ဒီမှာလာကြပါဦး ကျမကိုမဖွယ်မရာတွေလာပြောနေတယ် အဟင့် အဟင့်´
တောက်.. သေရောကွာ။ နေ၀င်ဝင်နေထွက်ထွက် မအိပ်ကြဘူးလားမသိတဲ့ ကာလသားအပေါင်း ဇီးကွက်ခေါင်းတွေကလည်း ဘယ်ကဘယ်လိုထွက်ချလာလဲ မသိဘူး။ အများကြီးပဲ။ ပြေးတော့ပေါ့ ဒါပဲရှိတော့တာ။ လာထား…။ အမလေး အမျိုးကောင်းအဆွေကောင်းကားကလည်း ဒါမျိုးကျ ၀ူးခနဲ။ သိပ်စိတ်ချရတယ်။ တောက် .. သွားပြန်ပြီကွာ တစ်ခေါက်။ စိတ်ပျက်လက်ပျက်နဲ့ ဗိုလ်တထောင်ဆိပ်ကမ်းမှာပဲ သွားအိပ်တော့မယ်စဉ်းစားလိုက်တယ်။ ဒါနဲ့ ကားကိုဆက်လှိမ့်လာလိုက်တယ်။ အဲ..အဲ.. ရှေ့မှာတားနေပြန်ပြီ။ ကောင်မစုတ်တွေဆိုလို့ကတော့ ဆောရီးပဲ။ အော်.. မဟုတ်ဘူးဟ။ အဒေါ်ကြီးတစ်ယောက် ။ လက်ထဲမှာလည်း အထုပ်အပိုးတွေနဲ့။ အင်း.. တစ်ကြောင်းလောက်ရလည်း မနည်းပါဘူးလေ။
`အဒေါ် ဘယ်ကိုသွားမလဲဗျ´
`ဟီး မောင်လေးသွားချင်တဲ့နေရာသွားလေ မကတော့ လိုက်ဖို့အဆင်သင့်ပဲ ခိခိ´
သောက်ကျိုးကိုနည်းရော။ တောက်.. ဒီလောက်တောင်ဖြစ်လှတာ အိမ်ပြန်မယ်ကွာ။ တပြားတချပ်မှ မရလည်း နေကွာ။ စိတ်ဆင်းရဲမခံဘူး။ ဒီလောက်စိတ်ပျက်ဖို့ ကောင်းတဲ့နေ့ကတော့ တခါမှကို မကြုံဖူးခဲ့တာ အမှန်ပါပဲဗျာ။
အဲလိုနဲ့ ကြားထဲမှာ သုံးရက်လောက် လည်တည်လည်တည်နဲ့ အဆင်ပြေလိုက် မပြေလိုက် ကားဆွဲတာ သုံးရက်လောက်ကြာသွားပြီး နောက်တစ်နေ့။ ထုံးစံအတိုင်းပေါ့။ ကားစုတ်ကို ကန်ကျောက်ခုန်ပေါက်ပြီး အတင်းဆွဲထုတ်လာ ရတဲ့ တစ်နေ့ပဲပေါ့။ သုဝဏ္ဏဘက်ရောက်သွားတယ်။ ရှေ့မှာ လူရုတ်ရုတ်သဲသဲပါလား။ ဘာပါလိမ့်ဟ။ ကားလေးလှိမ့်ရုံလှိမ့်ပြီး စပ်စုလိုက်သေးတယ်။ အော… ရုပ်ရှင်ရိုက်နေကြတာပဲ။
ဟင်….. ရိုက်ကွင်းထဲကလူတွေ ဘာဖြစ်တာပါလိမ့်။ ငါ့ကိုတွေ့တာများ မင်းသားကျနေတာပဲ။ ၀မ်းသာအားရကြီး ကြည့်ကြတာ။ အဲ.. မန်နေဂျာလားဘာလားမသိတဲ့ ကတုံးတစ်ကောင်က ပြေးထွက်လာပြီး ကားကိုပါတားတယ်။ အင်း … မင်းသားမင်းသမီး တစ်ယောက်ယောက်တော့ ကားပျက်နေပြီထင်တယ်။ ငမိုက်သားကျနော်ပေါ့ ကိုယ့်ကားအစုတ်နဲ့ နှိုင်းပြီး တွေးမိတာ အဲဒီလူပြောမှပဲ ရှက်ရကောင်းမှန်းသိတော့တယ်။
`အစ်ကိုကြီး ကားကိုရော အစ်ကိုကြီးကိုရော… ဗီဒီယိုထဲထည့်ရိုက်ချင်လို့ ကူညီပါဗျာ´တဲ့။
`အာ.. မောင်ရင်ရ ငါ..ငါ.. မဖြစ်ပါဘူးကွာ မင်းကလည်း ´
`အစ်ကိုကြီးကလည်း တစ်ခန်းထဲပါဗျာ.. မင်းသားရှေ့ကနေ အစ်ကိုကြီးဖြတ်မောင်းပြရုံပဲ. ဘာမှမလိုဘူး လုပ်ပါဗျာ.. အလကားမဟုတ်ပါဘူး ခဏလေးပဲ သုံးထောင်ပူဇော်မယ်နော်… ကူညီပါဗျာ´
အလဲ့.. မဆိုးဘူးဟ။ ခဏလေးဖြတ်မောင်းတာ သုံးထောင်ဆိုတော့ တန်သကွာ။ ဒီလိုမှန်းသိ သုံးခန်းလောက် ရိုက်ပေးရမလား မေးလိုက်ပါတယ်။ အဲလိုနဲ့ သူတို့ပေးတဲ့ထိုင်ခုံလေးမှာထိုင်ပြီး ကိုယ့်အခန်းမရောက်ခင် ရိုက်ကွင်းကို ထိုင်ကြည့်နေလိုက်တယ်။ အမယ်…. ဟိုမင်းသမီးအမေလုပ်တဲ့ မိန်းမကြီးက ခန့်ခန့်ညားညားလှလှကြီးဟ။ စုဗူးထဲက မငယ်နဲ့တောင် တူသေး။ မင်းသမီးသူငယ်ချင်းလုပ်တဲ့ လူရွှင်တော်မတွေလည်း ပါသဟ။ သူတို့ကျတော့.. ဆမူဆာတို့ သံယောဇဉ်တို့နဲ့ မျက်နှာပေါက်ချင်းဆင်တယ် ဟိဟိ။ အဲ..အဲ.. ခါတိုင်းဗီလိန်လုပ်တဲ့ကောင်ကျတော့လည်း ဟန်းချိန်းကြီး တကားကားနဲ့ လမ်းသလားနေပါလား။ အမယ်.. ဒင်းကျတော့ မိုက်မိုက်နဲ့တူနေပြန်ရော။ မင်းသမီးကိုမိတ်ကပ်လိမ်းပေးနေတဲ့ မာမီကြီးလည်း တူတာပဲဟ။ ဟို ငြိမ်းချမ်းဆိုတဲ့ ကောင်မလေးနဲ့။ အရပ်ရှည်တာကအစ။ အော်… မင်းသားလည်းရောက်လာပြီ။ သူကျတော့ ကိုလူလိန်နဲ့တူသား။ အမယ် … အိမ်ကတည်းက အပြည့်အ၀မုဒ်သွင်းလာတာကိုး။ မိတ်ကပ်တွေဘာတွေနဲ့ ရုပ်ချလာတာ .. တကယ့်ကို ဂီလာနရုပ်ပဲ။ အင်းလေ.. မင်းသားကလည်း ဒီကားထဲမှာ နာတာရှည်လူမမာ လုပ်ရမှာဆိုတော့ တခါတည်းပြင်လာတာနေမှာ။ မဆိုးဘူး ။ အကုန်ကြိုးစားကြသားပဲ။
`ဟာ… ရိုက်တော့မယ်ဆို သွားပြီကွာ´
အန်..ဘာလဲဟ။ ဒါရိုက်တာကြီးက ဘာထဖောက်တာတုန်း။
`အာ.. ဒီ Lighting နဲ့ကတော့ကွာ တသက်လုံးလုပ်စားလို့ရမှာမဟုတ်တော့ဘူး´
သူတို့ဟာတွေကလည်း ဘာတွေမှန်းလဲမသိဘူး။ လိုက်တင်တာတွေရော.. ဘာတွေရော။ မန်နေဂျာလေးကို တိုးတိုးမေးကြည့်ဦးမှဆိုပြီး ခေါ်မေးရတယ်။ ရိုက်မယ်ဆိုမှ လိုချင်တဲ့နေရောင်ထွက်မလာသေးတာတဲ့ဗျာ။ အင်းလေ… ဒီလောက်တော့ရှိမှာပေါ့။ သုံးထောင်….သုံးထောင်။ ငြိမ်ငြိမ်လေးထိုင်နေပြီး သုံးထောင်ရတာနည်းမှတ်လို့။ ဟိုဟိုဒီဒီ ဆက်ငေးနေလိုက်တာပေါ့။
နေရင်းနေရင်းကနေ နေ့လည်ကျော်လာတော့ နည်းနည်းပေါက်ကွဲလာတယ်။ ဟိုမန်နေဂျာကောင်ကို ခေါ်မေးဦးမှ။
`ဟိတ် ညီလေး မင်းတို့ကလည်း မရိုက်သေးဘူးလာကွ´
`အဟဲ ကိုကြီး လိုက်တင်လေ လိုက်တင် မရသေးလို့ဗျာ အဟီး´
`အာ… ခက်သကွာ မင်းတို့နဲ့ ငါဘာမှရသေးတာမဟုတ်ဘူးကွ… မနက်ကတည်းက ထိုင်နေတာ ကြာပြီ… ´
`ခဏလေးပါ အစ်ကိုကြီးရယ်.. ရိုက်တော့မှာပါ လေးထောင်ယူဗျာ နော်.. လေးထောင်´
အင်းလေ။ စောင့်လက်စနဲ့တော့ မထူးတော့ဘူးပေါ့။ အဲဒီကနေ နောက်ထပ် တစ်နာရီလောက်စောင့်ပြီးမှ ဒါရိုက်တာကြီးက ကားရိုက်လို့ရပြီ ရယ်လဒီတွောဘာတွေ ထအော်တယ်။ ဘယ်ရမလဲ။ ချက်ခြင်းကားပေါ်တက်ပြီး မင်းသားရှေ့ကနေ ဝေါခနဲဖြတ်မောင်းပြလိုက်တာ ကံကောင်းလို့ မင်းသားခြေထောက်မကျိုးတယ်။ ဟင်း ဟင်း ပိုက်ဆံက ကိုယ့်လက်ထဲရောက်ပြီးသားလေ။ တစ်ခါတည်းဖြတ်မောင်းပြပြီး ပြန်လာလိုက်တာပေါ့။ ရီဟာဇယ်တွေ ငိုဟာဇယ်တွေ လာမပြောနဲ့။ မသိဘူးပဲ။ ဘာဖြစ်ဖြစ်လေ။ အဲဒီနေ့ကလည်း တနေသာကုန်သွားတယ်။ ညနေစောင်းအိမ်တစ်ခေါက်ပြန်တော့ ပိုက်ဆံလေး လေးထောင်ပိုက်ပြီး ငုံ့ငုံ့ငယ်ငယ်ပြန်လာခဲ့ရပြန်တာပဲ။
နောက်နေ့ကြုံရတာလည်း တစ်ခုရှိသေးတယ်ဗျ။ ဒီတစ်ခါတော့ ကျနော့်အလွဲမဟုတ်တော့ဘူး။ ကျနော့်ကားကို ငှားစီးတဲ့ကောင်လေးတွေ အချင်းချင်းပြောကြတာကို ပြန်ပြောပြချင်လို့ပါ။ ဒီလိုလေ။ မြို့ထဲကနေ ကောင်လေးသုံးယောက် ကျနော့်ကားကို ငှားစီးကြတယ်။ ကောင်လေးတွေက လူကုံထန်သားသမီးလေးတွေနဲ့ တူပါတယ်။ ဟမ်းဖုန်းလေးတွေကိုယ်စီနဲ့၊ ကားပေါ်မှာ ကောင်လေးတစ်ယောက်က ကျန်တဲ့သူ့သူငယ်ချင်းကောင်လေးနှစ်ယောက်ကိုပြောတယ်။
`ဟိုတလောကကွာ ဖားသားကြီးပေါ့.. မာဆက်သွားတယ်တဲ့ကွာ… သွားတဲ့မာဆက်ကလည်း တစ်ဆက်ရှင်ကို တစ်သိန်းခွဲတဲ့… နှိပ်တာက မြန်မာမတွေမဟုတ်ဘူး ကိုရီးယားမတွေတဲ့ကွ… အဲဒါ အိမ်က မားသားကြီးက သိသွားတော့ နှစ်ယောက်သား နောင်ဂျိန်ပလေးကြတာပေါ့… အဘိုးကြီးကိုတော့ ငါလုံးဝမကျေနပ်ဘူးကွာ´
အဲဒီကောင်လေးက တိုင်တိုင်တည်တည်ပြောတော့ ကျန်တဲ့နှစ်ကောင်ကလည်း ၀ိုင်းပို့တယ်။
`အေးကွ ဒါတော့ဟုတ်တယ် မင်းဖားသားကြီးလုပ်ပုံက မမိုက်သေးဘူး မင်းမားသားကြီးနဲ့ ပူလည်းပူချင်စရာပဲ အပြင်ကိုသာ အဲဒီသတင်းထွက်သွားရင် မင်းဖားသားကြီးရာထူးနဲ့ နာမည်ပျက်မှာ ဟုတ်တယ်.. မင်းမကျေနပ်တာလည်း မှန်တယ်´
`အာ… မင်းတို့ကလည်း ညစ်ရတဲ့ကြားထဲ လာစားနေပြန်ပြီ ငါမကျေနပ်တာအဲဒါမဟုတ်ဘူးကွ မင်းတို့ကလည်း ဝေးလိုက်တာ အဘိုးကြီးကကွာ ဒီလောက်ကောင်းတဲ့ မာဆက်သွားတာတောင် သားအဖချင်း တစ်ချက်လေး လက်မတို့လို့ ပေါက်ကွဲနေတာ… ဒီလောက်ကောင်းတဲ့ မာဆက်ကိုငါလည်း သွားချင်တာပေါ့ကွ´တဲ့။
သူ့သူငယ်ချင်းကောင်လေး နှစ်ကောင်ကတော့ ၀ိုင်းဆဲကြပါလေရော။ ကျနော်ကတော့ ရယ်ချင်တာပေါ့။ ဒီကောင်လေးတွေနှယ်… ပေါက်ပေါက်ရှာရှာရယ်လို့ပေါ့။ ကိုယ့်ထက်ဆိုးတဲ့ ကောင်တွေနဲ့လာတွေ့နေတယ်။
ကဲ.. အဲလိုပါပဲ။ ကားသမားဘ၀ဆိုတာ။ အဖြစ်သနစ်စုံတယ်။ စိတ်ညစ်စရာ ၊ ရင်မောစရာ ၊ ရယ်စရာတွေနဲ့။ သူများတွေထက် အတွေ့အကြုံပိုစုံတယ်ဆိုတာလေ။ အဲဒါပါပဲဗျာ။ ဘ၀ဆိုတာ။ ကဲ… ကဲ… တော်သေးဘီ။ နောက်တစ်ခေါက် ကြုံတော့လည်း နောက်ထပ်လွဲဖူးတာလေးတွေ ထပ်ရေးပြရတာပေါ့။ ခင်ဗျားတို့အနေနဲ့ နားထောင်ချင်မယ်ဆိုရင်ပေါ့နော်။ တာ့တာဗျာ။ ကားထွက်ဆွဲလိုက်ဦးမယ်။