မျှော်လင့်ခြင်းတွေ….
ညတာအတိုအရှည်တွေ….
စကားလုံးရှားပါးမှုတွေကို ဆန့်ထုတ်ဖြာကျက်၊
နင့်အတွက်ကဗျာကို ငါစရေးပါမယ် ဧပရယ်လ်…….
တို့နှစ်ယောက်
တစ်ဦးကိုတစ်ဦး မှီခိုပေါက်ရောက်ကြကြေး၊
ငါ့ပခုံးပေါ်မင်းက ခေါင်းမှီထားရင်
ငါ့လက်ဖ၀ါးကလည်း မင်းလက်ဖ၀ါးပေါ်ထပ်လျှက်သား
တစ်ခရီးတည်းသွားကြစို့ရဲ့ ဧပရယ်လ်……..
ငါ့အတွက်တော့ မင်းက…
ကိုဖြိုးနွယ်ရေးဖူးသလို ဧပရယ်လ်မှာသာတဲ့လ၊
တစ်ညလုံးထိုင်ငေးနေချင်ခဲ့တာ…..
ငါ့မျက်လုံးထဲ ယိုဖိတ်လဲ့ကျ
(အဲဒီ) အလင်းလှလှကလေးက မင်းပဲဧပရယ်လ်……..
ငါဆိုတဲ့ကောင်ကလည်း
မင့်ရယ်သံချိုချိုတွေအောက်မှာမှ ရင့်မှည့်တတ်တဲ့
ကမ္ဘာ့အထူးဆန်းဆုံးသစ်သီး
ချီးကျူးစရာကောင်းတဲ့မင်းက
ငါ့ဥယျာဉ်မှူးပေါ့ ဧပရယ်လ်………
သတိတရညည်းမိသော သီချင်းမှာတောင်
ငါ့အသံတုန်ခါမှုက လွမ်းဆွတ်နေမှုနဲ့အချိုးကျ၊
မင်းက….
ငါ့ရဲ့ ဖော်ကျူးမှုအနုပညာဖြစ်နေပြန်တယ် ဧပရယ်လ်………
မင်းက… ငါ့ရဲ့နှိုးစက်နာရီ၊
မင်းက… ငါ့ရဲ့နေ့လည်နေ့ခင်းစာစောင်၊
မင်းက… ငါ့ရဲ့ညနေရီရှုခင်း၊
အဲဒီလို… ငါ့ရဲ့ တစ်နေ့တာအချိန်ဇယားကလည်း
မင်းပဲဖြစ်နေပြန်တော့………
…………………………………
သေချာပါတယ်။
ဒီညလည်း မင်းကိုငါအိပ်မက်မက်လိမ့်ဦးမယ် ဧပရယ်လ်………..
Tuesday, June 10, 2008
ကို့ရဲ့ အိပ်မက်ပျိုလေးအကြောင်း
Author ► သူရဿဝါ Time ► Tuesday, June 10, 2008 File Name ► ကဗျာ 0 Comments
သိပ်မကြာသေးခင် ကာလတစ်ခုတုန်းက ကျနော့်စိတ်ဓါတ်တွေ ဆိုးဆိုးဝါးဝါးကို ယိုင်နဲ့ပြိုလဲကျ နေခဲ့ဖူး တယ်။ ပတ်ဝန်းကျင်မှာ ရှိသမျှလူတွေအကုန်လုံးကို မကောင်းဆိုးဝါးတွေလို ကြည့်နေခဲ့မိတယ်။ ပြီးတော့ လူတွေ ဟာ ဘာလုပ်ဖို့အသက်ရှင်နေကြသလဲဆိုတဲ့ အတွေးမျိုးတွေပါဝင်ပြီး ကိုယ့်စိတ်ဓါတ်ကိုယ် ပြန်ထူထောင်လို့မရ အောင်အထိ ဖြစ်ခဲ့ဖူးပါတယ်။ ဘယ်လောက်ထိလဲဆိုရင် ကျနော်အရမ်းဝါသနာပါတဲ့ ကဗျာရေးတဲ့၊ စာရေးတဲ့ အ လုပ်ကိုတောင် စွန့်လွှတ်လိုက်တော့မယ်ဆိုတဲ့အတွေးမျိုး၊ ကျနော်အရမ်းမြတ်နိုးတဲ့ သူရဿဝါ ဆိုတဲ့ ကလောင် နာမည်…. အဲဒါတွေကအစ မြေမြှပ်ပစ်လိုက်ဖို့အထိ တွေးခဲ့ဖူးတယ်။
အဲလို စိတ်ဓါတ်တွေ မြေကြီးအောက်ရောက်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုလှည့်စားတဲ့အနေနဲ့…. သူရဿဝါ ဆိုတဲ့နာမည်အစား တခြားနာမည်နဲ့ ကဗျာတွေရေးနေခဲ့မိတယ်။ လူတွေရဲ့ စိတ်ဓါတ်တွေအကြောင်း၊ ဖမ်းဆုပ်ထားလို့မရတဲ့ လေလေလွင့်လွင့်စိတ်ဓါတ်တွေအကြောင်း… ရေးခဲ့တယ်။ ခုတော့ ကျနော်… ပုံမှန်အတိုင်း ပြန်ဖြစ်နေပါပြီ။ ကျနော့်သူငယ်ချင်းတွေအားလုံးရဲ့ ဖေးကူမှုတွေကြောင့်ပါပဲ။ အဲဒါကြောင့်လည်း ကျနော့် ၁၀၀ ပြည့်တဲ့ပိုစ့်တုန်းက သူငယ်ချင်းတွေကို ကျေးဇူးတင်တဲ့အကြောင်း သီးသန့်ရေးဖြစ်ခဲ့တာပါ။
အခု အဲဒီတုန်းက ရေးခဲ့တဲ့ကဗျာတွေထဲက တစ်ပုဒ်ကိုပြန်တင်ချင်ပါတယ်။ ဖတ်ဖူးတဲ့သူတွေလည်း ဖတ်ဖူးကြပါလိမ့်မယ်။ ကဗျာလေးက ကျနော်အရမ်းချစ်ရတဲ့…. ကောင်မလေးအကြောင်း…… သူ့ဆီက အဖြေရ တဲ့နေ့တုန်းက ရေးခဲ့တာပါ။ ကျနော်စိတ်ဓါတ်ကျနေတဲ့အချိန်မှာ သူကျနော့်ကိုပေးခဲ့တဲ့ အဖြေက ကျနော့်အတွက် အင်အားတစ်ခုပြန်ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ အခုအဲဒီကဗျာလေးကို အမှတ်တရအနေနဲ့ အရင်ဆုံးပြန်တင်ပေး ချင်ပါတယ်။ နောက်ရက်တွေကျမှ တခြားကဗျာတွေကို ပြန်တင်ပေးပါ့မယ်။
ကဗျာနာမည်က “ ကို့ရဲ့အိပ်မက်ပျိုလေး”
ဧအိမ် ဆိုတဲ့နာမည်သုံးပြီး ရေးခဲ့ဖူးတဲ့ကဗျာပါ။ ခုနက ပြောခဲ့သလို….. စိတ်ဓါတ်တွေ ဗုန်းဗုန်းလဲကျနေခဲ့ တုန်းက တစ်ပုဒ်တည်းသော ကြည်နူးဆွတ်ပျံ့ဖွယ်ရာ ကဗျာလေးပါ။ ဖတ်ကြည့်ကြပါဦး။
ကို့ရဲ့ အိပ်မက်ပျိုလေး
နံနက်ခင်းအလင်းဝါ၀ါတွေ
အခန်းတံခါးပေါက်ကို
တဒေါက်ဒေါက် မခေါက်သေးခင်ကအစ
ပျိုးပျိုးပျပျလင်းနေနှင့်တဲ့ `ကို့´ရဲ့အိပ်မက်ပျိုလေး
လေညင်းညင်းမြူကြားက
နုနယ်လွန်းသော မျက်နှာကလေးဟာလည်း
`ကို့´အတွက် ခွဲခွာရခက်သော ပစ္စုပ္ပန်
တကယ်တော့ အချစ်ဆိုတာ
အာဒံနဲ့ဧ၀ရဲ့ ပန်းသီးမဟုတ်ဘူး
ပေးဆပ်ခြင်းတွေ ရယူခြင်းတွေမဟုတ်ဘူး
`ကိုနဲ့မင်း´ကလွဲပြီး
အချစ်ဟာ ဘာမှမဖြစ်နိုင်ဘူး
တွယ်တွယ်ငင်ငင်နမ်းဖူးတဲ့ ပါးပြင်လေး
အဲဒီညနေခင်းထဲက
`ကို့´ရဲ့ ပျိုပျိုငယ်ငယ် မိန်းမရွယ်လေး
…………
ချစ်တယ်။
`ကို့´ကို…
နှောင်နှောင်ဖွဲ့ဖွဲ့ ချည်ပါ
အနားနားတိုးထိုင်ပါ
ခဏခဏ ချစ်တယ်လို့ပြောပါ
ဒါဟာ `ကို့´အတွက်
ပြီးပြည့်စုံသော ပျိုမြစ်နုနယ်ဆေးဖြစ်တယ်။
မတွေ့ဖြစ်ကြတဲ့ ဝေးကွာခြင်းရက်စွဲတိုင်းမှာ
တစ်ခါ..
နှစ်ခါ..
အခါခါ အထပ်ထပ် အမှတ်ရနေမိ
ညတာရှည်လွန်းသော နေ့တွေ
လွမ်းတယ်။
ဒါဟာ… ကဗျာ
`ကို့´အတွက်.. မင်းအတွက်…
မြတ်နိုးခြင်းတွေအတွက် ကဗျာ
ပြုံးနေတဲ့နှုတ်ခမ်းအစုံက တဖွဖွဖတ်ကြည့်သင့်တဲ့
အဲဒီကဗျာထဲက….
အိပ်မက်ပျိုလေးအတွက် အနမ်း
အိပ်မက်ပျိုလေးအတွက် အလွမ်းတွေ……..

Tuesday, June 3, 2008
ကျွန်တော့်ရဲ့ ၁၀၀ ပြည့်ပိုစ့်....
Author ► သူရဿဝါ Time ► Tuesday, June 03, 2008 File Name ► Mysuboo Fanclub, ကျေးဇူးတင်လွှာ 0 Comments
ဒီပိုစ့်လေးဟာ ကျနော်စုဗူးမှာရေးခဲ့တဲ့ ဘလော့ဂ်ပိုစ့်ပေါင်း ၁၀၀ ပြည့်တဲ့ အမှတ်တရပါ။ အဲဒီပိုစ့်တွေကို အကြောင်းပြုပြီး အရမ်းခင်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေ၊ အစ်ကိုတွေ၊ အမတွေ အများကြီးရခဲ့တယ်။ ဒီပိုစ့်တွေကို ကျနော်က ရေးခဲ့တယ်ဆိုရင် ကျနော့်ကို သူရဿဝါဆိုတဲ့ နာမည်ဖြစ်အောင် ရေးပေးခဲ့ကြတာလည်း အဲဒီ သူငယ်ချင်းတွေပါပဲ။ ကျနော်ဘာအကြောင်းအရာကိုရေးရေး အားပေးကြတယ်၊ ဖတ်ပေးကြတယ်။ အဲဒီအတွက် လည်း အရမ်းဝမ်းသာရပါတယ်။ နောက်ပြီးတော့ ကျနော်ဝမ်းသာရတာတစ်ခုက ကျနော်ရေးခဲ့တဲ့ ပိုစ့်တော်တော် များများမှာ ကျနော်ပေးချင်တဲ့ Message လေးတွေကို နည်းနည်းပါးပါးပေးနိုင်ခဲ့တဲ့အတွက်ပါ။ အကယ်ဒမီရတဲ့ မင်းသားတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျေးဇူးတင်တဲ့သူတွေကို ရွတ်ပြပါ့မယ်။
ပထမဆုံးကျေးဇူးတင်ချင်တာက ကျနော်ရေးသမျှ ပိုစ့်တွေကို နားလည်လည်းဖတ်၊ နားမလည်လည်း ခေါင်းကုတ်ဖင်ကုတ်ပြီးဖတ်ပေးတဲ့ ကျနော့်ရဲ့ပါရမီဖြည့်ဘက်လေးကို ကျေးဇူးတင်ပါတယ်။ အဲဒီလိုသာ ကျနော်ရေးလိုက်ရင် ၀ိုင်းဆဲကြမှာသေချာလို့ အဲလိုမရေးတော့ပါဘူး။ ပထမဆုံးကျေးဇူးတင်ချင်တာက ကျနော်နဲ့ စုဗူးထဲမှာရော၊ အပြင်မှာပါ စာရေးဖော်ရေးဖက်တစ်ယောက်ဖြစ်တဲ့ အမ မဟီပါ။ စုဗူးထဲမှာ ကျနော်စာရေးဖြစ် အောင် သူလုပ်ပေးခဲ့တာပါ။ အဲဒါကြောင့် မဟီ့ကို ကျေးဇူးတင်ပါတယ်။
ပြီးတော့ ကျနော့်ပိုစ့်တိုင်းလိုလိုကို အရင်ဆုံးဖတ်ပြီး အမြဲတမ်း Comment ရေးပေးတတ်တဲ့ အမလိုတမျိုး အမေလိုတမျိုး ခင်ရပါသော မငယ်၊ အစ်ကိုတစ်ယောက်လိုရော ယောက္ခမတစ်ယောက်လိုပါ ချစ်ရတဲ့ ကိုကြီးကိုလူလိန်၊ ကျနော့်ပိုစ့်တွေဖတ်ပြီးတိုင်း ကောင်းတယ်လို့ပြောတဲ့ ကိုဖြိုးနွယ်၊ အမ Ice River ၊ ကျနော်နားပူတိုင်း စိတ်မညစ်ပဲနားထောင်ပေးတတ်တဲ့ အမ perfume၊ အွန်လိုင်းထဲမှာ ပေါ်လာလိုက် ပျောက် သွားလိုက်နဲ့ တူတူပုန်းတမ်းဆော့နေတတ်တဲ့ အမ Melodymiss ( May Thansin)၊ ကျနော့်ကိုတွေ့တိုင်း မိန့်မိန့်ကြီးပြုံးပြီး (အကြောလိုက်နေတာလည်း ဖြစ်နိုင်ပါတယ်) `ကောင်မ´လို့ ခေါ်တတ်တဲ့ သူငယ်ချင်းဝိုင်၊ အတည်ပေါက်ကြီးနဲ့ ရယ်စရာတွေပြောတတ်တဲ့ စိုးမိုး၊ ကျနော်နဲ့ ရန်ဖြစ်ဖော်ရန်ဖြစ်ဖက် ညီမလေး ဆာမူရိုင်း၊ လမ်းလျှောက်ရင် ဖိုက်တာလိုလို ဂေါ်ဇီလာအသေးစားလို ကျားကျားလျားလျား ဆင်ဝယဉ်သာလေးလှမ်းတတ်တဲ့ သံယောဇဉ်၊ ကျနော့်ပိုစ့်တွေဖတ်ပြီး `မင်းတော့ကွာ မင်းတော့ကွာ´နဲ့ အမြဲအားပေးတတ်တဲ့ ကိုကြီး ကိုဇော်ဝင်းမြတ်၊ စုဗူးက ရွှေဥာဏ်တော်စူးရောက်လှစွာသော စုံထောက်ကြီး ဆားပုလင်းပိုးကောင်၊ ကျနော့်ကိုတွေ့ရင် အသံပြဲကြီးနဲ့ `၀ါဝါ´လို့ ခေါ်တတ်တဲ့ ညီမလေးမိုးပြေးတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ပိုစ့်တွေအမြဲတမ်းဖတ်ပြီး ဝေဖန်ပေးတဲ့ သူငယ်ချင်း ဝေေ၀၊ ဒေါ်ငြိမ်းချမ်း၊ အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ အင်း… ဆက်ရေးနေရင် လက်ညောင်း မှာဖြစ်တဲ့အတွက် အဲ.. မှားလို့ ဆက်ရေးနေရင် လူတွေအများကြီးဖြစ်ကုန်တော့မှာမို့လို့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်လို့ပဲပြောချင်ပါတယ်။ ကျနော်ကျေးဇူးတင်ဖို့ အကြောင်းကြောင်းကြောင့်ကျန်ရစ်ခဲ့တဲ့ သူငယ်ချင်းတွေလည်း ခွင့်လွှတ်ကြပါ။
အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။

ငါက.... အဲဒီလိုကောင်ဖြစ်တယ်
Author ► သူရဿဝါ Time ► Tuesday, June 03, 2008 File Name ► ကဗျာ 0 Comments
ငါက… စကားပုံထဲကအတိုင်း
ရလေလိုလေ ဆိုတဲ့ကောင်စားမျိုး
တစ္ဆေတစ်ကောင်ဖြစ်ရဲ့။
ငါ့ရဲ့စိတ်က
ငါနဲ့အတူ ဘယ်တော့မှအိမ်ပြန်မလိုက်တတ်၊
မင်းရဲ့အနားပဲ တ၀ဲဝဲ….လည်
အိမ်ခြေယာမဲ့တစ်ဦးလည်းဖြစ်သေးရဲ့။
ကြိုးတန်းတွေကြားမှာ
မင့်အသံကိုပဲ လောဘတကြီးလိုက်ဖမ်း
ကိုယ့်ကိုယ်ကို ပြန်အရူးလုပ်နေတတ်တဲ့
လူကြီးလူကောင်းဆန်သော ဖုန်းသရဲတစ်ကောင်လည်းဖြစ်ပေတယ်။
အမြဲတစေ ငါ့အပေါ်ပျော်ဝင်တွယ်ငြိနေစေဖို့ရာ
စကားလုံးပိုက်ကွန်ပေါင်းများစွာနဲ့
မင့်ချစ်ခြင်းကို ပစ် ပစ်ဖမ်းတတ်တဲ့
ခေတ်ပေါ်မုဆိုးတစ်ယောက်လည်း ဖြစ်ပြန်ရဲ့။
တစ္ဆေတစ်ကောင်လို ကပ်တွယ်မှီခိုမှုမျိုးနဲ့………
အိမ်ခြေယာမဲ့တစ်ဦးလို ဦးတည်ရာမျိုးနဲ့………
ဖုန်းသရဲတစ်ကောင်လို ရူးသွပ်မိုက်မဲမှုမျိုးနဲ့….
မုဆိုးတစ်ယောက်လို မျှော်လင့်ချက်မျိုးနဲ့…..
အဲဒီလို အရိုင်းဆန်ပုံပေါက်တဲ့ ငါက
တခါတခါကျပြန်တော့
မင်းမျက်နှာလေးအကြောင်း တစိမ့်စိမ့်တွေး
“ညီမလေး”ကဗျာတွေ ထိုင်ရေးနေတတ်တဲ့
သိမ်မွေ့နူးညံ့မှုလွန်ကဲသော ကဗျာဆရာတစ်ယောက်လည်းဖြစ်နေခဲ့ပြန်တယ်။ ။

စဉ်းစားနေဆဲ
Author ► သူရဿဝါ Time ► Tuesday, June 03, 2008 File Name ► ကဗျာ 0 Comments
ကဗျာရေးဖို့ စဉ်းစားမိတယ်။
စကားလုံး.. နိမိတ်ပုံ… မော်ဒန်အယူအဆ…
လရောင်လဲ့လဲ့… အသက်ရှူသံခပ်ပါးပါး…
တစ်ခုနဲ့တစ်ခု ရှုပ်ထွေးတင်းကျပ်တဲ့ညမှာ
ကဗျာရေးလို့မရဘူး…. စဉ်းစားနေဆဲ…
စိတ်ကို… အသေးဆုံးအလွှာထိခွဲဝင်ပြီး
ကဗျာရေးဖို့ အကြောင်းရှာကြည့်တယ်။
လူနေမှုအဆင့်အတန်း… ချစ်သူအကြောင်း..
ပတ်ဝန်းကျင်ထိန်းသိမ်းရေး…….
ဘာကိုမှ မြဲမြဲစွဲစွဲတွေးမရတဲ့ညမှာ
ကဗျာရေးလို့မရဘူး… စဉ်းစားနေဆဲ….
ဘ၀မှာရော….
စဉ်းစားလို့မရခဲ့တဲ့… စဉ်းစားဖို့ချန်ထားတဲ့…
စဉ်းစားနေခဲ့တာတွေ ဘယ်လောက်များခဲ့ပါပြီလဲ။
စဉ်းစားဆဲ…
လှိုင်းလုံးထန်ထန် လောကဓံမြစ်ထဲ ရဲရဲလွင့်လွင့်ကူးခတ်ဖို့…..
လူ့သဘာဝနဲ့ လူ့ပတ်ဝန်းကျင်ကြား
သံခင်းတမန်ခင်းဆန်ဆန် ပေါင်းကူးတတ်ဖို့….
စဉ်းစားဆဲ…
မျက်တောင်တစ်ချက်မခတ်တဲ့သတ္တိနဲ့
သေခြင်းတရားဆီ မျက်နှာမူဖို့….
သူလိုငါလို အရပ်သုံးမဟုတ်တဲ့
အမှန်တရားကို စာလုံးပေါင်းမှန်ဖို့….
စဉ်းစားဆဲ…
စဉ်းစားနေဆဲ…
အဲဒီလိုနဲ့….
စကားလုံးများအောက်.. စဉ်းစားခြင်းများအောက် …
ပိတ်မိလှောင်မွန်းတဲ့ညမှာ…
ဟောဒီကဗျာကိုပဲ ရှေ့ဆက်ဖို့စဉ်းစားရင်း
ရှေ့ဆက်လို့မရဘူး။
စဉ်းစားနေဆဲ…..

အဝေးနေ့စွဲ
Author ► သူရဿဝါ Time ► Tuesday, June 03, 2008 File Name ► ကဗျာ 0 Comments
နှုတ်ဆက်ပြီဆိုကတည်းက
အနည်းဆုံးတော့ ခဏပဲဖြစ်ဖြစ် ခွဲခွာကြရမယ်။
သိနေခဲ့လည်း
ကြေကြေကွဲကွဲ နှုတ်ဆက်ဖြစ်တယ်။
ရင်ချင်း ပါးချင်း ခဏလောက်ထိကပ်ထားရုံလေး
တစ်ယောက်မျက်လုံးကို တစ်ယောက်
လွင့်လွင့်ဝေးဝေး ငေးကြည့်မိကြရုံလေး
ဒီထက်လည်း မပိုခဲ့ပါဘူးကွယ်။
ငါတို့ကြားမှာ…
ချောက်ကမ္ဘားအထပ်ထပ်ခြားသလို
မြေအလွှာလွှာခြားသလို
လွဲချော်မှုသင်္ကေတတွေနဲ့သာ ယဉ်ပါး
လွဲမှားနေခဲ့ရတယ်။
ဝေး… ဝေး…
ဝေးပြီးရင်းဝေး
ငါ့ရင်မှာလည်း
သွေးတွေချင်းချင်းနီမလောက် ပေါက်ထွက်နေခဲ့။
…………………………………….
…………………………………….
ရိုးရာတေးတွေအားလုံး
အရှုံးတွေသာ ဖုံးခဲ့တယ်။

ငါတို့ရဲ့ “ရှေ့သို့”
Author ► သူရဿဝါ Time ► Tuesday, June 03, 2008 File Name ► ကဗျာ 0 Comments
ဆွံ့အခြင်း... ငြိမ်သက်ခြင်းကငါတို့လူစုနဲ့ ခပ်ဝေးဝေးမှာမိုးတွေရွာလည်း ရှေ့ဆက်ကြမယ်နေပူပူထဲလည်း ရှေ့ဆက်ကြမယ်ငါတို့ဆောင်ပုဒ်ကိုက “ရှေ့သို့” ဖြစ်ရဲ့။အကြင်နာများ.. ဖေးကူမှုများ...ရိုင်းပင်းကူညီခြင်းများ....မြင့်မြတ်သိမ်မွေ့သော လူငယ်စိတ်များနဲ့ငါတို့ခရီးကို ငါတို့ရွက်လွှင့်မယ်လေဆန်လည်းမကြောက်ပါဘူးကွယ်။ပြုံးနေကြတယ်ငါတို့အားလုံး... ပြုံးနေခဲ့ကြတယ်။သွေးသားမတော်စပ်လည်းညီရင်းအစ်ကိုလို.. မောင်ရင်းနှမလို...ငါတို့ နှုတ်ခမ်းလွှာတွေ တူတူညီညီကွေးညွတ်ရွှန်းစိုနေခဲ့ကြတယ်။ထက်သန်သော ပရဟိတများနဲ့ငါတို့ရဲ့ တူမျှသော အနာဂတ်စကားဟာ“ရှေ့သို့” သာဖြစ်တယ်။
(၁၈.၅.၂၀၀၇ ဒလလေဘေးဒုက္ခ အလှူပွဲလေးနှင့် သူငယ်ချင်းညီအစ်ကိုမောင်နှမစုဗူးများ အားလုံးကို ဒီကဗျာနှင့် ဂုဏ်ပြုအပ်ပါသည်)
(၁၈.၅.၂၀၀၇ ဒလလေဘေးဒုက္ခ အလှူပွဲလေးနှင့် သူငယ်ချင်းညီအစ်ကိုမောင်နှမစုဗူးများ အားလုံးကို ဒီကဗျာနှင့် ဂုဏ်ပြုအပ်ပါသည်)
တခုတ်တရအနာများ
Author ► သူရဿဝါ Time ► Tuesday, June 03, 2008 File Name ► ကဗျာ 0 Comments
မေ့ထားပေမယ့် ဖျောက်ပစ်လို့မရခဲ့တဲ့အနာတွေ...
ရင်ဘတ်ထဲက အမာရွတ်ဆိုပြန်တော့
ကိုယ်ကလွဲလို့ ဘယ်သူမှလည်းမမြင်နိုင်ခဲ့ဘူး။
မိုးတွေ... မိုးတွေရွာတယ်
ဒိထက်ပို...
ကိုယ့်မျက်လုံးထဲမိုးတွေရွာခဲ့တယ်။
တဖြည်းဖြည်းတိုဝင်သွားတဲ့ဖယောင်းတိုင်လို...
ဂတ်ဗိုလ်မရှိတဲ့ရထားတွဲလို....
ကိုယ်တို့ စနစ်တကျကိုလွဲမှားခဲ့ကြ။
ထိန်းချုပ်ဖို့.. ကန့်သတ်ဖို့...
ကြိုတင်နိမိတ်တွေကိုမှမသိနိုင်ခဲ့တာပဲကွယ်။
အားလုံးရဲ့နားက ကိုယ်ဝေးကွာသွား
ကိုယ့်ရဲ့နားက အားလုံးဝေးကွာသွား
ကျောခိုင်းကြတဲ့အခိုက်မှာ
မင်းအရိပ်လေးကိုတောင် နှုတ်ဆက်ဖို့မဖြစ်နိုင်ဘူး။
အိမ်လေးတစ်လုံး ၊ ဆိတ်ငြိမ်ရပ်ကွက်၊
ဂျပန်ဘီးအမည်းရောင်လေး......
မိုးတွေကပဲ အဲဒီအရာတွေကို မိုးပစ်ခဲ့တာ.....
နာကျင်ရင်း..... ခံစားရင်း.... လွမ်းနေရင်းကပဲ
မကျက်နိုင်တဲ့အနာတွေကို
တခုတ်တရ မွေးမြူထားဖြစ်ခဲ့တယ်။

ကျနော်သိသလောက်လေး... ပြောချင်တာလေးတွေ.... (၂)
Author ► သူရဿဝါ Time ► Tuesday, June 03, 2008 File Name ► ဘာသာရေး, ဆောင်းပါး 2 Comments
ကျနော်ကြားဖူးတာတစ်ခုရှိပါတယ်။ ပုဂံရာဇ၀င်အကြောင်း ပြောကြတဲ့အခါ တကယ်ပြောကြပြီဆိုရင် တုတ်ထမ်းဓါးထမ်းပြောရတယ် ဆိုတဲ့စကားပါ။ ဘာလို့လဲဆိုတော့ သမိုင်းသုတေသီတွေရဲ့ အချက်အလက် အထောက်အထားတွေဟာ ကွဲလွဲချက်တွေသိပ်ကိုများလွန်းလို့ပါတဲ့။ အဲဒီလိုပါပဲ.. ဘာသာရေးအကြောင်းကို တကယ်ပြောကြပြီဆိုရင်လည်း အခြေအတင်ငြင်းခုံဆွေးနွေးရတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ တစ်ဦးနဲ့တစ်ဦး ယုံကြည်သက်ဝင်ပုံချင်း၊ သဘောပေါက်နားလည်မှုချင်း မတူညီတတ်ကြလို့ပါပဲ။ ဘာသာရေးနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေကို ပြောရင်း အချစ်ဆုံးသူငယ်ချင်းတွေတောင်ရန်သူလို မခေါ်နိုင်မပြောနိုင် ဖြစ်ကုန်ကြတဲ့အခြေအနေထိ ဖြစ်သွားကြတာမျိုး မြင်ဖူးပါတယ်။ ကျနော်တောင် ဒီခေါင်းစဉ်ကို ရေးပြီး နောက်တစ်ခုထပ်မရေးဖို့အထိ စဉ်းစားခဲ့မိပါတယ်။ ပထမတစ်ခေါက်တုန်းက တရားထိုင်ခြင်းနဲ့ ပုတီးစိပ်ခြင်းအပေါ် ကျနော်တို့ရဲ့ လွဲမှားနေတဲ့ ခံယူချက်တွေအကြောင်း ကျနော်လက်ခံမိတဲ့ ပုံစံနဲ့ ရေးခဲ့ပြီးပါပြီ။ နောက်တစ်ပုဒ်ထပ်ရေးဖို့ကျတော့ ခုနကပြောခဲ့သလိုတွေ ဖြစ်မှာစိုးလို့ ထပ်မရေးဖြစ်ခဲ့ဘူး။ ဒါပေမယ့်လည်း ကိုယ်သိနေတာလေးတွေ မပြောပဲနဲ့ကျတော့လည်း မနေနိုင်ပြန်ဘူး။ ဒါကြောင့်ပဲ ဒီတစ်ပုဒ်ကို ဆက်ရေးဖြစ်ပြန်ပါတယ်။ ပထမပိုစ့်တုန်းကလိုပဲ ကြိုပြီးစကားခံထားချင်တာကတော့ ဘယ်လိုဝေဖန်မှုမျိုးမဆို ကြိုဆိုပါတယ်လို့။ ဒီတစ်ခါပြောချင်တာကလည်း လွဲမှားနေတဲ့ယုံကြည်မှုတွေအကြောင်းပါပဲ။ ဟိုရှေ့ တစ်ရက်က ကျနော်တို့ရဲ့ လမ်းထိပ်မှာရှိတဲ့ ရပ်ကွက်ဓမ္မာရုံကို ခဏရောက်ဖြစ်ပါတယ်။ ဓမ္မာရုံထဲမှာက အသက် ၈၀ လောက်ရှိမယ့် အဘိုးကြီးတစ်ဦးက ဦးဆောင်ပြီး သက်ကြီးရွယ်ကြီးတွေ အတော်များများနဲ့ ဘုရားတရား အကြောင်းတွေ ပြောနေကြပါတယ်။ ကျနော်လည်း ခဏလေးရပ်ပြီးတော့ နားထောင်ကြည့်မိတယ်။ ပြီးတော့ အဲဒီအဘိုးကြီးကို ကျနော်သိပ်သနားသွားပါတယ်။ ဘာလို့လည်းဆိုတော့ သူပြောနေတာတွေကြောင့်ပါပဲ။ သူက ဘယ်လိုပြောသလဲဆိုတော့ သူဟာ မြတ်စွာဘုရားရှင်ကို အလွန်ပဲသက်ဝင်ယုံကြည်ပါတယ်ဆိုတဲ့အကြောင်း၊ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဂါထာတော်တွေကလည်း အရမ်းကိုထိရောက် အကျိုးရှိကြောင်း၊ ဘယ်လိုအန္တရာယ်ကင်း ဂါထာက ဘယ်လောက်အန္တရာယ်ကင်းကြောင်း၊ ဘယ်လိုငွေဝင်ဂါထာက ဘယ်လောက်ထိငွေဝင်ကြောင်းတွေ ပြောနေရှာပါတယ်။ ပြီးတော့ ပုတီးဘယ်နှပတ်တိတိစိပ်လိုက်လို့ သိန်းထီဘယ်နှစ်ကြိမ်ဆက်ပေါက်သွားတာ ဆိုတဲ့ အဘွားကြီးအကြောင်း ကြားဖူးနားဝတွေ၊ မြတ်စွာဘုရားရှင်ကို သက်ဝင်ယုံကြည်စိတ်နဲ့ ဘယ်အရွယ်လောက်ကတည်းက သက်သတ်လွတ်စားခဲ့တာဆိုတာတွေ ပြောနေတာပါ။ အဲဒီစကားတွေကြားပြီး ကျနော်သူ့ကိုသနားသွားပါတယ်။ သူအရမ်းကိုလမ်းလွဲနေခဲ့တာပဲ ဆိုပြီးတော့ပေါ့။ ပြီးတော့ သူ့ရဲ့ လမ်းလွဲနေတဲ့ ယုံကြည်သက်ဝင်မှုတွေအတွက် သူပေးထားခဲ့ရတဲ့ အချိန်တွေကိုလည်း နှမြောမိပါတယ်။ မြတ်စွာဘုရားရှင်ကို သူတကယ်ပဲ ရိုရိုကျိုးကျိုး ယုံကြည်ပူဇော်နေခဲ့တာ ကတော့ အမှန်ပါပဲ။ သူဟာ မိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ယောက် အဆင့်မှာတော့ မကျန်ရစ်ခဲ့ပါဘူး။ ဒါပေမယ့် တကယ့်ထေရ၀ါရဗုဒ္ဓဘာသာဝင်ဘောင်ထဲကိုလည်း ရောက်မလာခဲ့ဘူး။ သူ့ရဲ့အသိဟာ တကယ့်နိဗ္ဗာန်ရောက်ကြောင်းတွေ မဟုတ်ပဲ အမြင့်ဆုံးအဆင့် ဈာန်သမာပတ်လောက်အထိပဲ ရောက်နိုင်တယ်ဆိုတာကို သူမသိခဲ့တာကတော့ အရမ်းကိုသနားဖို့ကောင်းနေတဲ့ အချက်ဖြစ်ပါတယ်။ သူပြောခဲ့တဲ့အထဲက မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တယ်ဆိုတဲ့ အန္တရာယ်ကင်းဂါထာတွေ၊ ငွေဝင်လာဘ်ရွှင်ဂါထာတွေဆိုတဲ့ အချက်ကိုအရင်ပြောပါမယ်။ တကယ်တော့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သုတ္တံတွေ၊ ၀ိနည်းတော်တွေကလွဲလို့ အဲဒီလိုဂါထာမျိုးတွေကို ဟောကြားခဲ့ခြင်းမရှိပါဘူး။ ဒီဂါထာကိုရွတ်ရင် ဒီလိုကျိန်းသေဖြစ်ရမယ်ကွ လို့လည်း အာမခံချက်မပေးခဲ့ပါဘူး။ ပရိနိဗ္ဗာန်စံဝင်တော်မူခါနီးအထိ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတဲ့ ကံ၊ ကံ၏အကျိုးကိုသာ နှုတ်တော်ဖွဖွမှာကြားခဲ့တာ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က သူဟာ ကယ်တင်ရှင်မဟုတ်ဘူး ၊ သူ့ကိုထိုင်ရှိခိုးနေရုံနဲ့ ကုသိုလ်တွေရမှာမဟုတ်ဘူး၊ သူဟာ ညွှန်ပြသူသာဖြစ်တယ်၊ သူလမ်းညွှန်ပြခဲ့တာတွေကို ကျင့်သုံးနိုင်သလောက် အကျိုးတရားပွားများနိုင်တယ် ဆိုတာကိုပဲ ဟောပြောတော်မူခဲ့ခြင်းဖြစ်ပါတယ်။ ခုနကပြောသလို ဂါထာမျိုးတွေရွတ်လို့ ဒီလိုဖြစ်လာတယ်၊ ပုတီးတွေစိပ်လိုက်တာ ဘယ်နှပတ်ပြည့်တော့ ဘာတွေဖြစ်လာတယ်ဆိုတာကတော့ ရှင်းရှင်းပြောရရင် ၀ိဇ္ဇာလမ်းဖြစ်နေပါပြီ။ ဒါဟာ မဂ်၊ဖိုလ် နိဗ္ဗာန်ရောက်ကြောင်းတွေ မဟုတ်ပါဘူး။ နောက်တစ်ခုက သက်သတ်လွတ်စားတယ်ဆိုတဲ့အချက်။ ကိုယ်နဲ့မတည့်လို့၊ မကြိုက်လို့၊ ဒါမှမဟုတ် ကျန်းမာရေးရှုထောင့်ကနေကြည့်ပြီး သက်သတ်လွတ်စားတယ် ဆိုတာမျိုးကလွဲရင် ဘာသာရေးသက်ဝင်ယုံကြည်မှုနဲ့ သက်သတ်လွတ်စားတယ်ဆိုတာကို ကျနော်လုံးဝလက်မခံနိုင်ပါဘူး။ အရေးကြီးတာက အဲဒီအစားအစာပေါ်မှာ ရသာတဏှာမကပ်ဖို့ပါပဲ။ သက်သတ်လွတ်စားတယ်လို့ ကြွေးကြော်ပြီး အဲဒီသက်သတ်လွတ်ကိုမှ ကောင်းလိုက်တာ၊ မြိန်လိုက်တာဆိုတဲ့ တဏှာကပ်ပြီးစားရင် ပိုတောင်အကျိုးယုတ်ပါသေးတယ်။ မြတ်စွာဘုရားရှင်ကလည်း သက်သတ်လွတ်စားဖို့ ဘယ်တုန်းကမှ မဟောကြားခဲ့ပါဘူး။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်တောင် မြင်သား၊ ကြားသား၊ ရည်သားကလွဲရင် ဆက်ကပ်လှူဒါန်းသမျှအသားဟင်းလျာကို ပံ့သကူအနေနဲ့ လက်ခံဘုဉ်းပေးတော်မူခဲ့တာချည်းပါပဲ။ အထင်ရှားဆုံး မြင်လွယ်မယ့်ဖြစ်ရပ်တစ်ခုပြောပါ့မယ်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခါနီးမှာ နောက်ဆုံးဘုဉ်းပေးတော်မူခဲ့တဲ့ ဆွမ်းဟာ စုန္ဒဒါယကာ ကပ်လှူတဲ့ ၀က်ပျိုသားဟင်းနဲ့ပဲ ဖြစ်ပါတယ်။ အဲဒီဝက်ပျိုသားဟင်းကို ဘုဉ်းပေးတော်မူအပြီး ပရိနိဗ္ဗာန်စံဝင်တော်မူခါနီးမှာပဲ ၀မ်းတော်လားရှာပါတယ်။ အဲဒီအခါ ဘုရားရဲ့တပည့်သားသံဃာတော်အချို့က မြတ်စွာဘုရား ၀မ်းတော်လားတာဟာ စုန္ဒဆက်ကပ်လှူဒါန်းတဲ့ ၀က်ပျိုသားဟင်းကြောင့်ဖြစ်တယ်ဆိုပြီး စုန္ဒဒါယကာကို ပြစ်တင်ပြောဆိုကြပါတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားရှင်က သူဝမ်းတော်လားတာဟာ ဘုရားမဖြစ်မီ နုစဉ်ဘ၀ကပြုလုပ်ခဲ့မိတဲ့ အကုသိုလ်ဝိပါတ်ကြောင့်သာဖြစ်ပြီး စုန္ဒဒါယကာကပ်လှူတဲ့ ၀က်ပျိုသားဟင်းကြောင့်မဟုတ်ကြောင်း၊ ပြီးတော့ အဲဒီဝက်ပျိုသားဟင်းဟာ ဘုရားဖြစ်တော်မူခါနီး သုဇာတာသတို့သမီးကပ်လှူတဲ့ ဂဏှာနိျု့ဆွမ်းနဲ့ အကျိုးအာနိသင်ချင်း၊ မွန်မြတ်တာချင်း အတူတူဖြစ်ကြောင်း ရှင်းလင်းဟောကြားတော်မူခဲ့ပါတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင် သက်သတ်လွတ်စားခြင်းကို ပြုလုပ်ခိုင်းခဲ့တာမဟုတ်ပါဘူး။ ဒီထက်ပိုပြီးပြောရရင် သက်သတ်လွတ်စားတယ်ဆိုတဲ့ သူတွေဟာ ဗြဟ္မဏဖြစ်နေပြီဆိုတာ သူတို့ကိုယ်သူတို့တောင် သိကြရဲ့ လားမသိပါဘူး။ နောက်ထပ်တစ်ချက်က မြတ်စွာဘုရားရှင်ရဲ့ ယောက်ဖတော် ဒေ၀ဒတ်ဟာ မြတ်စွာဘုရားလိုအရှိန်အ၀ါမျိုး၊ လူသူကိုးကွယ်ကြည်ညိုတာမျိုးကိုခံချင်တဲ့အခါမှာ သက်သတ်လွတ်စားခြင်းဆိုတဲ့ ခေါင်းစဉ်ကိုသုံးပြီး သံဃာဂိုဏ်းခွဲခဲ့ခြင်းဖြစ်တယ် ဆိုတာပါပဲ။ ရှင်ဒေ၀ဒတ်က ရဟန်းတွေကို သက်သတ်လွတ်စားခိုင်းပါလို့ မြတ်စွာဘုရားကိုလျှောက်ထားပါတယ်။ အဲဒီလျှောက်ထားချက်ကို မြတ်စွာဘုရားက လက်မခံဘဲ ပယ်ချတော်မူတဲ့အခါ သူကိုယ်တိုင်ဘုရားအဖြစ်ကိုယူပြီး တစ်စင်ထောင်မယ့် အကြံနဲ့ ဒေ၀ဒတ်က မနူးမနပ်သံဃာတော်တွေကို စည်းရုံးပြီး သံဃာဂိုဏ်းခွဲခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီတော့ အခုလို ဘာသာရေးအကြောင်းပြုပြီး သက်သတ်လွတ်စားနေကြတယ်ဆိုတဲ့ သူတွေဟာ ဒေ၀ဒတ်လမ်းစဉ်ထဲကို ရောက်မှန်းမသိေ၇ာက်နေကြတာပါ။ အဲ. ဒါဟာ ဗြဟ္မဏဆိုသူတွေရဲ့ အလုပ်ပါ။ တကယ့်ကိုအပြစ်ကြီးလှပါတယ်။ အဲဒီအချက်ကို သေချာစဉ်းစားစေချင်တယ်။ စဉ်းစားကြပါ။ ဆင်ခြင်ကြပါ။ ဘ၀င်မကျတဲ့အချက်တွေပြောလိုက်တာ ကျနော်လည်းမောသွားပါပြီ။ ဒါတောင် ပြောမယ်ဆို အများကြီးကျန်ပါသေးတယ်။ ဒါပေမယ့် ဒီဆောင်းပါအစမှာပြောခဲ့သလိုပဲ။ တုတ်ထမ်းဓါးထမ်းပြောရမှာမျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် နိဂုံးချုပ်လိုက်ပါတယ်။ ဒီေိဆာင်းပါးနဲ့ပတ်သက်ပြီးတော့လည်း ဝေဖန်ချင်တာ၊ ဆွေးနွေးချင်တာတွေကို ကြိုဆိုပါတယ်လို့ ထပ်ပြောချင်ပါတယ်။ ပြီးတော့ ဒီဆောင်းပါးခေါင်းစဉ်လေးကို သဘောကျမိပြီး ဆက်ရေးချင်တဲ့အတွက် ဒီခေါင်းစဉ်ကိုပဲယူပြီး အခန်းဆက်ရေးပါ့မယ်။ ဒါပေမယ့် ဘာသာရေးအကြောင်းမဟုတ်ပဲ ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့အဖြစ်တွေ၊ လူ့သဘာဝတချို့ကို့ပဲ ဒီခေါင်းစဉ်လေးအောက်မှာ ရေးသွားပါ့မယ်။ ခါတိုင်းလိုပဲ စောင့်ဖတ်ကြပါဦး။ ကျေးဇူးတင်ပါတယ်။
Subscribe to:
Posts (Atom)