နှုတ်ဆက်စကားတွေကိုချည်း……
ရွေး ရွေးပြီးမပြောပါနဲ့ ညီမလေးရယ်။
ရနံ့မရှိတဲ့ပန်းက မျက်နှာငယ်လွန်းလှ
ခဏခဏ…. ငိုင်မနေပါရစေနဲ့။
ခဏခဏ…. ငိုင်မနေပါရစေနဲ့။
ခုဆို ငါ့ရယ်သံတွေကို ငါပြန်ရှာလို့မရ
ငါ့တက်ကြွမှုကို ငါပြန်ရှာလို့မရ
ပတ်ဝန်းကျင်မှာ ငါတစ်ယောက်တည်းပျောက်ရှ
ငါနဲ့….. ငါကပဲ အဝေးဆုံးဖြစ်နေခဲ့တယ်။
ငါနဲ့….. ငါကပဲ အဝေးဆုံးဖြစ်နေခဲ့တယ်။
ညသန်းခေါင်ထဲက ရူးကြောင်ကြောင်အတွေးအောက်မှာ
တစ်ယောက်တည်း ဆွံ့ဆွံ့အအ
အိပ်မက်ထဲမှာတောင် ညီမလေးအပြုံးကိုမြင်ရမယ်မထင်ဘူး။

လက်ရှိညီမလေးကမ္ဘာကို
ခဲခဲယဉ်းယဉ်း…….
ငါလေ တကယ့်ကို ခဲခဲယဉ်းယဉ်း ရှာခဲ့ရတာပါ။
မီးလျှံပေါင်းတစ်သိန်း အဲဒီမျက်လုံးစိမ်းတွေနဲ့လည်း
မကြည့်ပါနဲ့ ညီမလေးရယ်။
အဲဒီလို မကြည့်လိုက်ပါနဲ့ ညီမလေးရယ်။
ရနံ့မရှိတဲ့ပန်းက…….
မျက်နှာငယ်လွန်းလှ………။ ။
Thursday, January 29, 2009
SBTV (စုဘူးတီဗီ) အစီအစဉ် ၂၄. ၆. ၂၀၀၈ (အင်္ဂါနေ့)
Author ► သူရဿဝါ Time ► Thursday, January 29, 2009 File Name ► စုဘူးတီဗီ 0 Comments
SBTV (စုဘူးတီဗီ)
ဒီတစ်နေ့တာအတွက် SBTV ရဲ့ ဖျော်ဖြေရေးအစီအစဉ်များကို တင်ဆက်ဖို့ အချိန်ကျရောက်လို့ လာခဲ့ ပြန်ပါပြီ။ အစီအစဉ်တင်ဆက်သူများအဖြစ်ကတော့ ထုံးစံအတိုင်း ကျနော် “သူရဿဝါ”နဲ့ ကျမ “တခါတခါလှတဲ့ ၀ါဝါမ” တို့ကပဲ ဆက်လက်တာဝန်ယူသွားမှာဖြစ်ပါတယ်။
SBTV ဘောလုံးပွဲတိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်
သိပ်မကြာတော့တဲ့ အချိန်အတွင်းမှာပဲ စုဘူးဖန်ကလပ်(ရန်ကုန်)အသင်းနဲ့ စုဘူးဖန်ကလပ်(မန္တလေး) အသင်းတို့ရဲ့ ချစ်ကြည်ရေးခြေသရမ်းပွဲကြီးကို စတင်တော့မှာဖြစ်ပါတယ်ခင်ဗျ။ အထူးတန်းပွဲကြည့်စင် ညောင်ပင် ခွကြားမှာတင်မက ရိုးရိုးတန်းပွဲကြည့်စင် လမ်းဘေးမှာပါ လာရောက်ကြည့်ရှုသူတွေများလှပါတယ်ခင်ဗျ။ ဒီပွဲဟာ အလွန်ထူးခြားတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်ခင်ဗျ။ ဒီပွဲကို ရန်ကုန်စုဘူးအသင်း က သုဝဏ္ဏကွင်းထဲမှာ ကျင်းပစေ ချင်သလို မန်းစုဘူးအသင်း ကလည်း ဗထူးကွင်းမှာကျင်းပစေချင်တယ်ဆိုပြီး ငြင်းခုံကြရာကနေ ဘောလုံးမကန် ခင် လူချင်းကန်ကုန်ကြမှာစိုးတဲ့အတွက် ဒိုင်လူကြီးဖြစ်တဲ့ ကိုကီလိုက ရန်ကုန်-မန္တလေး မိုးယိုလေယို အဝေးပြေး လမ်းမကြီးပေါ်မှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်ခင်ဗျ။
ကျနော်ကြေငြာနေတဲ့အချိန်မှာပဲ နှစ်သင်းစလုံး ဖုတ်ဖက်ခါပြီး လမ်းမပေါ်တက်လာကြပါတယ်ခင်ဗျ။ အဲ… နှစ်သင်းစလုံးကလည်း အဖြူရောင်တွေချည်းပဲ ၀တ်ဆင်ထားကြပါတယ်ခင်ဗျ။ အကျီင်္လည်း ဘယ်သူမှ ပြန် မလဲကြပါဘူးခင်ဗျ။ အဲဒီမှာ ဒိုင်လူကြီးကိုကီလိုက အိတ်ထဲက နှစ်ဆယ်တန်နှစ်ရွက်ကို ထုတ်တယ်ခင်ဗျ။ ပြီးတော့ နှစ်ဘက်အသင်းခေါင်းဆောင်တွေကို အနိုင်အရှုံးဘူကြီးပွတ်ခိုင်းတယ်ခင်ဗျ။ ခုဆို ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အရ ရန်ကုန်စုဘူးအသင်းက အကျီင်္ချွတ်ကန်မှာဖြစ်ပြီး မန်းစုဘူးအသင်းကတော့ ဘောင်းဘီချွတ်ကန်မှာဖြစ်ပါတယ်ခင် ဗျ။
အဲ…. စပါပြီခင်ဗျ။ ရန်ကုန်စုဘူးအသင်းက ဖာနန်ဒိုဒတ်ကလော့ ဆွဲတယ်ခင်ဗျ။ ထပ်ဆွဲတယ်ခင်ဗျ။ ဘောလုံးကိုမဆွဲပဲ မန်းစုဘူးအသင်းက မာဘရာဟီဇေဗစ်ရဲ့ဆံပင်ကို သွားဆွဲတာပါခင်ဗျ။ ဒိုင်လူကြီးကိုကီလိုက အ၀ါကဒ်ထက်ပိုထိရောက်တဲ့ ဓါးမကြီးပြပြီး သတိပေးပါတယ်ခင်ဗျ။ မာဘရာဟီဇေဗစ် ကုန်တင်တယ်ခင်ဗျ.. အဲ လေ.. ကန်တင်တယ်ခင်ဗျ။ အဲဒီဘောလုံးကို ရန်ကုန်စုဘူးအသင်းက ပင်နယ်လ်ဒင်ဂွင်းက လည်ပင်းနဲ့ဖမ်းထိန်း တယ်ခင်ဗျ။ အသေသတ်ပါတယ်ခင်ဗျ…. အဲ.. သေသပ်ပါတယ်ခင်ဗျာ။ ဒါပေမယ့် လည်ဇလုပ်ကြီး အထဲဝင်သွား တဲ့အတွက် ပင်နယ်လ်ဒင်ဂွင်း သတိလစ်သွားပါတယ်ခင်ဗျာ။ ဒိုင်လူကြီးကိုကီလိုက ဘာဂျာမှုတ်ပြီး “ဖဲပလေး… ဖဲပလေး” လို့အော်တယ်ခင်ဗျ။ ရန်ကုန်စုဘူးအသင်းက လူစတီယာနိုလိန်နယ်လ်ဒိုက ဖဲထုပ်ချပြီး ကုလားဖန်ထိုး ပါတယ်ခင်ဗျ။ ဒါကို ဒိုင်လူကြီးက ဖဲပလေးဆိုတာ ဖဲကစားခိုင်းတာမဟုတ်ဘဲ (Fair Play) လို့ပြောတာဆိုပြီး လူစတီယာနိုလိန်နယ်လ်ဒိုကို အုတ်နီခဲပြပြီး သတိပေးထားပါတယ်ခင်ဗျ။ အခုဆို မန်းစုဘူးအသင်းက အန်ဒီနီမြဲ ကန်တယ်ခင်ဗျ။ နောက်တစ်ချက်ကန်တယ်။ ထပ်ကန်ပါတယ်ခင်ဗျား။ ဒါပေမယ့် ဘောလုံးကိုကန်တာမဟုတ်ဘဲ ဖာနန်ဒိုဒတ်ကလော့ကို ဆောင့်ကန်တာကြောင့် ဒိုင်လူကြီးက ထောင့်ကန်ဘောမဟုတ်တဲ့ ဆောင့်ကန်ဘော ပေး ထားပါတယ်ခင်ဗျ။ အဲဒီဘောလုံးကိုကန်ဖို့ ပင်နယ်လ်ဒင်ဂွင်းက တည်ထားပါတယ်ခင်ဗျ။ အဲ.. မာစီဒီးစ်က ၀င်ကန် တယ်။ အဲဒါကိုမှ ကွန်တိန်နာကြီးက ထပ်ကန်ပါတယ်ခင်ဗျာ။
ကျနော်ကြေငြာနေစဉ်အချိန်အတွင်းမှာပဲ အဝေးပြေးလမ်းမကြီးပေါ်ကို ကားတွေတစ်စီးပြီးတစ်စီး ဖြတ် လာနေကြပြီဖြစ်တဲ့အတွက် ဒိုင်လူကြီးကိုကီလိုက ပွဲကိုရပ်နားတဲ့အနေနဲ့ ပွဲသိမ်းဘာဂျာမှုတ်ထားလိုက်ပါပြီ ခင်ဗျား။
SBTV မီးသတိပေးသီချင်းအစီအစဉ်
ဒီတစ်ခါ အကျိုးပြုမီးသတိပေးသီချင်းကိုဆိုဖို့ အလှည့်ကျလာတာကတော့ ဂျူးမြစ်လေးရဲ့ ဆိုအော်နို ဖြစ် ပါတယ်ခင်ဗျန်။
“မင်္ဂလာပါရှန်…. မီးက မီးသတိပေးတဲ့အနေနဲ့ မီးသတိပြုသီချင်းလေးကို ဆိုပြပါရစေရှန်…..”
“မီးဘေးရှောင်လို့…. မလောင်ခင်ရှို့ကြပါ…အဲလေ….မလောင်ခင်တားကြပါ…. ရန်သူထိုမီးကို အကြွင်း အကျန်ထားရင် မှားကြတော့မှာ…. အမှိုက်ကစ လောင်တတ်တာမို့ အိမ်တွင်းအိမ်ပြင် ရေဖျန်းစေချင်တာ…. လူတိုင်း လူတိုင်း မီးမြှိုက်ကြပါရှန်…. အဲလေ… မီးသတိပြုပါရှန်…..ဒန်.. ဒန်…”
SBTV ဗေဒင်အစီအစဉ်
အခုထပ်မံတင်ဆက်မယ့် အစီအစဉ်ကတော့ နာမည်ကျော်ဗေဒင်ဆြာမ ဘော့စနီးယားပြန် မြိုင်မဟာချမ်း ချမ်းလေးရဲ့ ဟိုလွဲဒီပြင် ရွှေဗေဒင်ကဏ္ဍပဲ ဖြစ်ပါတယ်။ ရှုစားတော်မူကြပါ ခင်ဗျန်။
“ဟုတ်ကဲ့… တမီးလ်ကတော့ သူပုန်ဖြစ်ပါတယ်….အဲ…ချောတီး… တမီးကတော့ ဘော့စနီးယားပြန် မြိုင်မ ဟာ ချမ်းချမ်းလေး ဖစ်ပါတယ်။ ထုချိန်ကစပီး ခုနစ်ရက်တားတမီးဗေဒင်ကို ဟောပါတော့မယ်….
တနင်္ဂနွေတားတမီးတွေအတွက်…. အထူးကံကောင်းတဲ့လ ဖစ်ပါတယ်… မသေရုံတမယ်လေး ကားတိုက် ခံရရုံနဲ့ လျော်ကြေးသိန်းချီပီး ရနိုင်ပါတယ်…. ဆောင်ထားသင့်တဲ့အဆောင်ကတော့…. ဓါတ်ကြိုးဖစ်ပါတယ်…. ယတြာကတော့… ညောင်ပင်အောင်မှာ ရှူရှူးပေါက်ပါ….
တင်္နလာတားတမီးတွေလည်း …. ကံကောင်းပါတယ်…..အထူးတဖြင့် နိုင်ငံဂျားဆွေမျိုးသားချင်းတွေဆီက မမျှော်လင့်တဲ့လက်ဆောင်မျိုး ရနိုင်ပါတယ်….. ဆောင်ထားသင့်တာကတော့ ဂုံနီအိတ်ဖြစ်ပါတယ်…. ယတြာက တော့ အိမ်ရှေ့ဖြတ်သွားတဲ့ ဈေးသည်မှန်သမျှကို လာပါဦးလို့ထော်လိုက်ပါ..
အင်္ဂါတားတမီးတွေကတော့…. တော်တော်ကြီးကို ကံဆိုးနေတဲ့အချိန်ဖစ်ပါတယ်…. ခြေထောက်ပေါ် မီးပူ ပြုတ်ကျကိန်းချိပါတယ်…. ဒီထက်ပိုပြီးကံဆိုးရင်… အဲဒီခြေထောက်ကြီးပုပ်ပြီး ဖြတ်ပစ်ရကိန်းရှိပါတယ်….. ဒီထက် ထပ်ပြီး မဟားဒယားကံဆိုးရင်တော့…. ဆရာဝန်က ပုပ်တဲ့ခြေထောက်နဲ့ ကောင်းတဲ့ခြေထောက်ကို မှားဖြတ်ပစ်မိ ပါလိမ့်မယ်….. ဆောင်ထားသင့်တာကတော့…. ထီးစုတ်ဖစ်ပါတယ်…. ယတြာပေးရမယ်ဆိုရင်တော့ ဘတ်စ်ကား မှတ်တိုင်မှာ ကားခမရှိဘူး..ကားခမရှိဘူးလို့ ခပ်ကျယ်ကျယ် ဆယ်မိနစ်ခန့်အော်ပါ…
ကျန်တဲ့ ကြာတာပတေး၊ သောကြာ၊ စနေ၊ ဗုဒ္ဓဟီး တားတမီးတွေကိုတော့ အာရုံမရတေးတဲ့အတွက် မဟောသေးပါဘူးရှင်….. ဘော့စနီးယားကနေ နောက်တစ်ခေါက် ပြန်လာရင်ဟောပါမယ်…..”
SBTV နောက်တစ်နေ့အစီအစဉ်
ဒီကနေ့တော့ ဘောလုံးပွဲလွှင့်ရင်းနဲ့ပဲ အချိန်ကုန်သွားလို့ ကျန်အစီအစဉ်များကို နောက်တစ်နေ့အစီအ စဉ်ထဲ ထည့်လိုက်ပါတယ်။ နောက်တစ်နေ့အစီအစဉ်များကိုတော့ အင်တာနက်ဖိုးရှိရင် လွှင့်မှာဖြစ်ပြီး အင်တာ နက်ဖိုးမရှိရင် မလွှင့်ပါဘူးဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျန်။

Wednesday, January 14, 2009
SBTV (စုဘူးတီဗီ) အစီအစဉ် ၂၃. ၆. ၂၀၀၈ (တနင်္လာနေ့)
Author ► သူရဿဝါ Time ► Wednesday, January 14, 2009 File Name ► စုဘူးတီဗီ 0 Comments
အခုအချိန်ကစပြီး အွန်လိုင်းဖျော်ဖြေရေးချယ်နယ်လ်တစ်ခုဖြစ်တဲ့ SBTV (စုဘူးတီဗီ) ကနေပြီး ဖတ်ရှုသူ ပရိသတ်အပေါင်း မျက်စိညောင်းပြီး၊ စိတ်ပါနောက်သွားရလေအောင် ရည်ရွယ်ပြီး လိုင်းပေါင်းစုံဖျော်ဖြေရေးများကို စတင် တင်ဆက်ပါတော့မယ်။ အစီအစဉ်တင်ဆက်သူ (Presenter) အဖြစ် ကျနော် “သူရဿဝါ”နဲ့ ကျမ “တခါတခါလှတဲ့ဝါ၀ါမ” တို့က တာဝန်ယူပါမယ် ခင်ဗျန်။ (မှတ်ချက် - ခင်ဗျာနှင့်ရှန် နှစ်သံပေါင်းထွက်ရာမှ ခင်ဗျန် ဖြစ်သွားရခြင်းဖြစ်ပါသည်)
SBTV သတင်းအစီအစဉ်
သတင်းခေါင်းစဉ် - မိုင်စုဘူးဒေါ့ကွန်းမှ အွန်လိုင်းအလွမ်းဘုရင်ကိုဖြိုးနွယ်၏ သတ်ပုံမှားသည့်ပါး။
သတင်းမစုံမလင်မှာ … အဲလေ သည်းခံတော်မူပါခင်ဗျန်…. သတင်းအစုံအလင်မှာ….. ယမန်နေ့ညနေ အရုဏ်တက်ရှစ်နာရီလောက်က ၄င်းချစ်ကြိုက်နေသည့်ကောင်မလေးအား ရည်းစားစာပေးရန်အလို့ငှာ ကိုဖြိုးနွယ် တစ်ယောက် သူမ၏အိမ်သို့ရောက်ရှိခဲ့ပါသည်။ မော်ဒန်ကဗျာဆရာတစ်ဦးဖြစ်သည်နှင့်အညီ သူရေးသည့်စာကို ပင် သူနားမလည်ပဲ…. အဲ … သည်းခံတော်မူပါခင်ဗျန်…. မော်ဒန်ကဗျာဆရာတစ်ဦးဖြစ်သည်နှင့်အညီ ဖွဲ့နွဲ့မနေဘဲ “မင်း ကိုယ့်ကိုဘယ်လောက်မုန်းမုန်း ကိုယ်ကတော့ ဘယ်တော့မှမမုန်းပါဘူး ညရေးရယ်” ဟူ၍ တကြောင်းတည်း ရေးထားသောစာကို ပေးလိုက်ပါသည်။ ထိုစာကိုဖတ်အပြီးတွင် အံ့အားသင့်ဖွယ်ရာ ကိုဖြိုးနွယ်အား သူ၏ချစ်တုံး လေးမှ အသံအောင်စွာဖြင့် “ဖြောင်”ခနဲ ချစ်အဖြေပေးလိုက်ပါတော့သည်။ အဘယ်ကြောင့်ဆိုသော် ညကမူးမူး ဖြင့်ရေးရသောကြောင့် (ခေါင်းမူးတာပြောပါတယ်)ဲ “ဟထိုး”နှင့် “တချောင်းငင်” မှားကာ “မင်း ကိုယ့်ကိုဘယ် လောက်မှန်းမှန်း ကိုယ်ကတော့ ဘယ်တော့မှမှန်းပါဘူး ညရေးရယ်” ဟု ဖြစ်သွားသောကြောင့်ပင်ဖြစ်ပါသည်။ ဤ တွင် သတင်းများကို ကြေငြာလို့ပြီးပါပြီခင်ဗျန်။ ။
SBTV တေးဂီတအစီအစဉ်
ယခုတဖန် တင်ထွက်ဖို့ အဲ… တင်ဆက်ဖို့အလှည့်ကျလာတာကတော့ ကာလကတ္တားမှာ ဂီတဂရမ်မီ အုတ်နီခဲဆုပေါင်း ၃၇၈ ဆုတတိတိရယူလာခဲ့တဲ့ အဆိုတော်မလေး ဆမာဆူချွတ်ကရီးပဲဖြစ်ပါတယ်ခင်ဗျန်။ စိတ်ပျက်ရှုစားတော်….. အဲလေ…. ဆက်လက်ရှုစားတော်မူကြပါခင်ဗျန်။
“အမာတခါ…… စဒီးမားဒန်……….. အဒယ်….. ဟရေး……. ချာပါတီဂျလေဘီ…….” (ထိုသို့ ငါးမိနစ်ခန့် ဆွဲဆွဲငင်ငင်အော်ပြီးမှ) “အင်ထဒိုဝင်လို့ ပီးဘာဘီချင်….. သီချင်းစဆိုပါဒေါ့မယ်…. နားဆင်ဒေါ်မူကြဘာချင်…..”
“ဆမာဆူ့ဆာရီဖိုး ပါနီရှာရဒယ်….. ကန်ကလေးချာပါတီဖိုး ပါနီရှာရဒယ်….. ဟရေး မိသားစုခါနာဖိုး ပါနီရှာ ရတယ်…… x + ၀ = @ # $ * + ၀ x ”
(ထို့နောက် ဆမာဆူချွတ်ကရီးက ဆက်၍) “သီချင်းလေးထဲက ပရိသတ်ကြီးမတိဘူးလို့ ထင်ဒါလေးဒွေ ပြောပြပါမယ်ချင်….. ပါနီက ပိုက်ဆံဖြစ်ပါတယ်၊ ကန်ကလေးဆိုတာက အားကြီးချစ်ဖို့ကောင်းဒဲ့ ချစ်ချစ်ဖြစ်ပါဒယ်၊ ခါနာကတော့ ထမင်းဖြစ်ပါတယ်……. ကျေးဇူးတင်ဘာဒယ်ချင်…..”
SBTV ကြော်ငြာအစီအစဉ်
“လိန်လိန်တို့ကတော့ အိုးတိုက်ဖွဲပြာနဲ့တိုက်တဲ့ မိန်းကလေးကိုပဲ ယူ…… မှာ…..”
(ကုန်ပစ္စည်းအမည် - လိန်လိန်ငယ်ငယ် အိုးတိုက်ဖွဲပြာ
သရုပ်ဆောင် - လူလိန်)
“ဇေဇေးရဲ့အသားလေး ဒီလိုမည်းပြောင်ပျောက်ရှနေတာ ဟောဒီ Perfume တံဆိပ် အသားပွဆပ်ပြာကို မှန်မှန်တိုက်လို့ပါ။ ဒီဆပ်ပြာဟာဆိုရင် ခွေးလှေးယားသီးကနေဖော်စပ်ထားတဲ့ ယားနာပါဖွန်း အမျိုးအစားပါ။ တိုက်လေ…. ယားလေ… ယားလေ…. တိုက်လေနဲ့ ထူးခြားတဲ့ စပ်ဖျင်းဖျင်းအရသာမျိုးကို ခံစားစေရပါမယ်။ ဒါ့ပြင် ကြွက်ချစ်စေတဲ့ ၀က်သားနံ့ဆပ်ပြာအဆီကိုလည်း အသစ်စီမံထုတ်လုပ်ဖို့ ကြံစည်နေကြောင်း သတင်းကောင်းပါး အပ်ပါတယ်”
(ကုန်ပစ္စည်းအမည် - Perfume အသားပွဆပ်ပြာ
သရုပ်ဆောင် - မာဇေး)
SBTV ပဟေဠိရမ်းဆော်အစီအစဉ်
ဒီအစီအစဉ်လေးမှာ ဒီနေ့ပါဝင်ဆင်နွှဲဖို့ အလှည့်ကျလာတာကတော့ မောင်လေးဝိုင်ဖြစ်ပါတယ်ခင်ဗျန်။ ဒီ အစီအစဉ်ကို အဓိကကူညီပံ့ပိုးပေးတဲ့ Main Sponsor ကတော့ ရွှေဘုန်းလူနှင့် မယားပါသားများ ဇာဘော်လီ ဖြစ်ပါတယ်။ ဒီပဟေဠိရမ်းဆော်အစီအစဉ်မှာ မေးခွန်းလေးကိုမှန်အောင်ဖြေနိုင်ရင် ဆုရွေးချယ်ခွင့်ကို ရရှိမှာဖြစ်ပါ တယ်။ ကဲ…. စလိုက်ကြရအောင်။
“ဒီနေ့ရဲ့မနေ့က တနင်္ဂနွေနေ့ဖြစ်ပြီး ဒီကနေ့ရဲ့ဖိန်းနွဲခါရဲ့ သန်ဘက်ခါက စနေနေ့ဖြစ်တယ်ဆိုရင် ဒီနေ့ ဘာနေ့ဖြစ်မလဲ….. သေချာစဉ်းစားပြီးဖြေပါ”
“အင်း …. ဒီနေ့ဟာ ရုံးတက်ရက်ဖြစ်ပါတယ်”
“မှန်ပါတယ်ကွယ်…. မောင်လေးဝိုင်ရဲ့အဖြေ သောက်သောက်လဲကို မှန်ပါတယ်…. ဒီတော့ ရွှေဘုန်းလူနှင့် မယားပါသားများ ဇာဘော်လီကချီးမြှင့်မယ့်ဆုတွေကို ရွေးချယ်ခွင့်ရှိသွားပါပြီနော်…. မောင်လေးနဲ့အတူ ကူညီရွေး ချယ်ပေးဖို့ မငယ်ကိုလည်း ဖိတ်ခေးထားပါတယ်။ ပြီးတော့ Presenter အဖြစ် ကိုဇော်ဝင်းမြတ်က မေတ္တာမဲ့ ကူညီ ပါလိမ့်မယ်…. ရွေးနည်းကတော့ သိမှာပါနော်… ပေးထားတဲ့ဆုတွေထဲက တစ်ခုချင်းဖယ်ထုတ်သွားပြီး တစ်ခုမှမကျန်ရင် အိမ်ပြန်လို့ရပါပြီ… အဲလေ… နောက်ဆုံးကျန်တဲ့တစ်ခုက မောင်လေးအတွက်ပါ… မောင်လေး ကံကောင်းပါစေကွယ်”
(ကူရွေးမည့် မငယ်က ၀ိုင့် ဘေးနားသို့ကပ်လာပြီး)
“မောင်လေး…. ဘာမှမပူနဲ့သိလား…. မမကူရွေးပေး မှာပေါ့…. ညှင်းညှင်းညှင်း….”
(Presenter ကိုဇော်ဝင်းမြတ် တက်လာပြီး)
“ကဲ… ညီလေး စလိုက်ကြရ … ရ….”
“ကလင် ကလင် ကလင်”
“ခဏလေးနော်ညီ…. ဖုန်းလာလို့….”
(ဖုန်းကိုကောက်ကိုင်လိုက်ပြီး)
“ဟယ်လို… ဟုတ်ကဲ့…. ဟုတ်ကဲ့…. မေးကြည့်လိုက်မယ်လေ…”
(ဖုန်းချလိုက်၍ ၀ိုင့်ဘက်လှည့်လိုက်ပြီး)
“ကဲ… ညီလေး… တစ်ခုမှမရွေးဘဲ ခုကတည်းကရပ်လိုက်မယ်ဆိုရင် ညီလေးကို အိမ်ပြန်ဘတ်စ်ကားခနဲ့ ရေခဲရေဖိုးချီးမြှင့်ပါမယ်တဲ့…. ဘယ်လိုလဲ”
“ဟမ်… မရပ်ပါဘူး… ရွေးမှာပေါ့”
(ထို့နောက် မငယ်နှင့် ၀ိုင် အနည်းငယ်တိုင်ပင်၍)
“နံပါတ် ၃ ကိုအရင် ပယ်မယ်”
“ဟုတ်ပါပြီ …. ညီလေးပယ်လိုက်တာကို ကြည့်ရအောင်…. ကဲ.. ညီလေးပယ်လိုက်တာကတော့ အထူးဆု ဖြစ်တဲ့ စပရိန်စိန်စီဇာဘော်လီပါတဲ့ဗျား”
(ထိုအခါ မငယ်က ၀ိုင့်ဘက်သို့ ဒေါသတကြီးလှည့်၍ ခေါင်းကိုလှမ်းခေါက်ပြီး)
“ဟင်… နင်တော်တော် အသုံးမကျတဲ့ကောင်… နင်တော်တော် လပ်ကီးမရှိတဲ့ကောင်”
(၀ိုင်က မသိချင်ယောင်ဆောင်၍)
“နံပါတ် ၂ ထပ်ပယ်တယ်”
“ဟုတ်ပါပြီ… ညီလေး ထပ်ပယ်လိုက်တာကတော့ သံယောဇဉ်နှင့် ဥစ္စာစောင့်များရွှေဆိုင်က ချီးမြှင့်တဲ့ သိန်းသုံးထောင်တန် ရွှေသွားကြားထိုးတံပဲဖြစ်ပါတယ်….. ကဲ… နောက်ဆုံးကျန်တဲ့နှစ်ဆုထဲက တစ်ဆုကိုပယ်ပါဦး ညီလေးရေ….”
(မငယ်က ၀ိုင့် ခေါင်းကိုထပ်ခေါက်၍)
“ဟင်….. နင်တော်တော် အသုံးမကျတဲ့အကောင်…. နင်တော်တော်ခေါင်းမရှိတဲ့အကောင်…. နင်တော် တော် လပ်ကီးမရှိတဲ့အကောင်….. ငါရွေးပြမယ်ကြည့်ထား….. နံပတ် ၄ ပယ်မယ်”
“ဟုတ်ပါပြီဗျာ ဒီတစ်ခါထပ်ပယ်လိုက်တာကတော့ မာမီစိုးမိုးနှင့် အချော်တကောက်များ အလှပြုပြင်ရေးမှ ချီးမြှင့်တဲ့ ငွေသားစစ်စစ် ချည်မျှင်ဆံပင်တု ဖြစ်ပါတယ်…. နောက်ဆုံးကျန်တဲ့ဆုဟာ …. ညီလေးရမယ့်ဆုဖြစ်သွား ပါတယ်….. အဲဒီဆုလေးကိုကြည့်ရအောင်….. ကဲ…. ညီလေး ၀ိုင် ရသွားတာကတော့ ဘာမှမပါကံစမ်းမဲ ပါတဲ့ဗျား ဒါကြောင့် ညီလေး….. အိမ်ပြန်ချင်ပြန်လို့ရပါပြီ….. ညီလေး ၀ိုင် ကို ကူညီချောက်တွန်းပေးခဲ့တဲ့ မငယ်ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်…… နောက်လာမယ့်အစီအစဉ်တွေမှာလည်း ခုလိုအချိန်ကုန်လူပန်းပြီး ဗလာဆုလေး တွေ ရယူဖို့ ကျနော်တို့ရဲ့ ပဟေဠိရမ်းဆော်အစီအစဉ်မှာပါဝင်ကြပါလို့ တိုက်တွန်းရင်း…..”
SBTV နောက်တစ်နေ့အစီအစဉ်
ကျနော်တို့ SBTV (စုဘူးတီဗီ) ရဲ့ (၂၄. ၆. ၂၀၀၈) မနက်ဖြန်အစီအစဉ်များကို လွှင့်ချင်လွှင့်မယ်၊ မလွှင့်ချင်မလွှင့်ဘူးဆိုတဲ့အကြောင်း ကြိုတင်ကြေငြာအပ်ပါတယ်။ SBTV (စုဘူးတီဗီ) နဲ့ ပူးပေါင်းပါဝင်ပြီး အစီအ စဉ်သစ်တွေကို ထုတ်လွှင့်ချင်တယ်ဆိုရင်တော့ ThuRaThaWah's Profile (Mysuboo.com) ကို ဆက်သွယ် အကြောင်းကြားနိုင်တယ်လို့ သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျန်။

Saturday, January 3, 2009
တမလွန်၏ အနားစွန်းဝယ်
Author ► သူရဿဝါ Time ► Saturday, January 03, 2009 File Name ► ကဗျာ 0 Comments
မမြင်ရတဲ့ကောင်က
ရှေ့ကို…. တရွေ့ရွေ့တိုးလာတယ်။
ပကတိ သိုသိပ်နက်နဲစွာ….
တခါတခါ လှစ်ခနဲချောင်းကြည့်တယ်၊
တခါတခါ ကိုယ်ထင်ပြသတိပေးတယ်၊
သေချာမကြည့်ရင်…..
အစွယ်တွေပါမှန်းမသိရဘူး။
ဒီကောင့်မှာ…… လက်ချောင်းတွေရှိတယ်။
ပစ္စည်းဥစ္စာကို မမှုတဲ့….
တောင့်တင်းသော ကိုယ်ခံအားကိုမမှုတဲ့….
ထုထည်ကြီးကြီးလက်ချောင်းတွေ ရှိတယ်။
လက်ယပ်ခေါ်လိမ့်မယ်…. တဖြည်းဖြည်းချင်း
ဒီကောင်က……. ကိုယ်ဖျောက်တတ်တယ်။
ခါးသလား.. ချိုသလား…
ညိုသလား…မည်းသလား….
သည်းသလား…. ပါးသလား…..
ကျုပ်တို့မမြင်ရအောင် ခပ်ဝှက်ဝှက်နေတယ်။
ဒါပေမယ့်….. အနီးကပ်ဆုံး။
ဒီကောင့်မှာ…. မေးခွန်းတွေရှိတယ်။
ဘာလုပ်ခဲ့သလဲ….
ဘာလုပ်နေသလဲ….
ဘယ်ကိုသွားချင်လဲ…..
အထပ်ထပ်မေးနေကျ မေးခွန်းတွေရှိတယ်၊
ဒါပေမယ့်…. အဖြေတစ်ခုတည်းပဲ
ထပ်တလဲလဲ လက်ခံပြန်တယ်။
“မင်းပြုသမျှက မင်းကုသလ” ပဲ။
မမြင်ရအောင် ကိုယ်ဖျောက်ပြီး………
လက်ချောင်းမည်းမည်းကြီးတွေကို သုံးပြီး…….
အစွယ်တွေကို (တခါတခါ) လှစ်ပြပြီး………..
မေးခွန်းတွေမေးပြီး………
ကျုပ်တို့နားကို တဖြည်းဖြည်းချင်း…
ဒီကောင်တိုးလာတော့တယ်။
အဲ့ဒီနောက်…… အရာရာ တိုးတိတ်မှောင်မိုက်စွာ……………….။ ။

လူအကြောင်း
Author ► သူရဿဝါ Time ► Saturday, January 03, 2009 File Name ► ကဗျာ 0 Comments
အားမနာတမ်းပြောရရင်
မင်းတို့သစ္စာတရားက ခြေသံမလုံတော့ဘူး။
လိပ်ပြာဖြူဖြူတွေ မင်းတို့ကိုယ်ထဲမရှိတော့ဘူး။
ဒီကမ္ဘာခမျာလည်း မောပန်းရှာရော့မယ်။
ငါသိချင်တာက
တိုက်စားခံနေရသော စာနာထောက်ထားမှုတွေအကြောင်း
ပြောကြကြေးဆို
မီးဘေး ရေဘေး...
သဘာဝဘေးအန္တရာယ်မဟုတ်ကြောင်း
ရဲရဲဝံ့ဝံ့ ငါကျမ်းကျိန်မယ်။
သေချာနေခဲ့တာက
အဲဒါ အတ္တရဲ့ဘေးထွက်ပစ္စည်းပဲ။
ကမ္ဘာလည်တိုင်း
မင်းတို့လိုက်မလည်ချင်ကြပါနဲ့။
တကယ်ဆို...
လူတွေရဲ့အသိမှာ
လူတွေပဲ ထိပ်ဆုံးကရှိနေကြဖို့ကောင်းတယ်။

ကျနော်လန့်တဲ့ ပေတိပေကပ်ကောင်မလေး
Author ► သူရဿဝါ Time ► Saturday, January 03, 2009 File Name ► ဟာသ 1 Comments
ဒီပိုစ့်လေးကတော့ ဟိုးအရင်က ကျနော်အရမ်းချစ်တဲ့ကောင်မလေးနဲ့ မပြတ်ခင်ရေးထားခဲ့တာပါ။ ရယ်စရာလေးမို့လို့ရေးခဲ့တာပါ။ ဒါပေမယ့် ခုတော့ သူနဲ့ပြတ်ပြီးတဲ့နောက် ပြန်တင်ဖို့ဖြစ်လာတယ်။ အင်း...... ကျနော့်အတွက်တော့ အမှတ်တရလေးတစ်ခု၊ လွမ်းစရာလေး တစ်ခုပါဗျာ။ ဖတ်ကြည့်ပေး ကြပါဦး။
ကျနော်လန့်တဲ့ ပေတိပေကပ်ကောင်မလေး
ကျနော့်မှာ (ထုံးစံအတိုင်းပြောရရင်) သိပ်ချစ်ရတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူက ပေကပ် ကပ်နိုင်တဲ့ ကောင်မဆိုးလေးပေါ့။ ကျနော်ဆိုးတာထက်ကိုသူက အဆ၂၀တိတိ ဆိုးပါတယ်။ ဘယ်လိုဆိုးလဲတော့ မမေးကြနဲ့ပေါ့ဗျာ။ ကိုယ့်ရည်းစားမကောင်းကြောင်းကို ကျနော်က ဘာလို့ပြောရမှာလဲနော့။ ကျနော်နဲ့ မကြိုက်ခင် ကတည်းက ကျနော်က သူ့ကိုလန့်ပါတယ်။ စဉ်းစားကြည့်လေ။ ကျနော့်ကိုပြန်ကြိုက်မယ်တဲ့။ ဒါပေမယ့် သူက ကျွန်တော့်“ကိုကို”လုပ်ပြီး ကျနော်ကသူ့ရဲ့ “၀ါ” လုပ်ရမယ်တဲ့ဗျာ။ မလန့်ပဲနေမလား။ သူများတွေကို အမြဲတမ်း ကြပ်လာခဲ့တဲ့ကောင်က သူနဲ့ပထမဆုံး စတွေ့တဲ့နေ့မှာတင် လိမ့်နေအောင်ခံရပါတော့တယ်။ အဲဒီအကြောင်း စဉ်း စားမိရင်လည်း ရယ်ချင်တယ်။
အဲဒီနေ့က သူနဲ့ကျနော်နဲ့ အပြင်မှာတွေ့ဖို့ ပထမဆုံးချိန်းကြတယ်။ သူတို့အိမ်နားက ကားမှတ်တိုင်ရှေ့မှာ တွေ့ကြမယ်ပေါ့။ ချိန်းထားတဲ့အချိန်ထက် ၁၅ မိနစ်လောက်ကြိုပြီး အဲဒီမှတ်တိုင်ကို ကျနော်ကရောက်နေပါတယ်။ ဖြစ်ချင်တော့ ကျနော့်ဘယ်ဘက်ဘေးက ကောင်မလေးက သူနဲ့တော်တော်ကိုတူတာ။ ဒါပေမယ့် ကျနော်ကသူ့ကို ဓါတ်ပုံပဲမြင်ထားဖူးတော့ ဟုတ်မဟုတ်မသေချာဘူး။ ဇဝေဇ၀ါနဲ့ပဲ အကဲခတ်ရပါတယ်။ အဲလိုအကဲခတ်နေရင်း ဘာထပ်ဖြစ်လဲဆိုတော့ ကျနော့်ညာဘက်ကို ထပ်ရောက်လာတဲ့ ကောင်မလေးကလည်း ဓါတ်ပုံထဲကလို ပုံစံမျိုးပါ ပဲ။ နှစ်ယောက်လုံးက သူနဲ့တူနေတော့ ကျနော်ဒုက္ခရောက်တာပေါ့။ ဘယ်ပြေးရမလို၊ ညာပြေးရမလိုနဲ့ ရှာပုံတော် မင်းသားကြီးလည်း ဗျာများရပါတော့တယ်။ ပိုဆိုးတာက အဲဒီကောင်မလေးနှစ်ယောက်လုံးကလည်း ကျနော့်လိုပဲ တစ်ယောက်ယောက်နဲ့ ချိန်းထားလားမသိပါဘူးဗျာ။ ဟိုကြည့်ဒီကြည့်နဲ့ ဂနာမငြိမ်ဘူး။ အဲ.. ဘယ်ဘက်က ကောင်မလေးကတော့ နည်းနည်းပိုသေချာတယ်။ ဘာလို့လည်းဆိုတော့ သူကလည်း ကျနော့်ကို ကွက်ကြည့် ကွက်ကြည့်လုပ်နေတာကိုး။ ညာဘက်ကကောင်မလေးကိုကျတော့လည်း သံသယရှိတဲ့စာရင်းထဲကနေ ထုတ်ပစ် လို့မရပြန်ဘူး။ ကျနော်ကလည်း နှစ်ယောက်လုံးကို သွားမခေါ်ရဲတော့ အလယ်ကနေပဲ တိတ်တိတ်လေး စူးစမ်းရ တော့တာပေါ့။ စိတ်ထဲကလည်း စဉ်းစားနေမိတယ်။ “အင်း… ညာဘက်ကကောင်မလေးက နည်းနည်းဝတယ်၊ သူ များဖြစ်နေရင် ငါတော့သွားပြီပေါ့၊ အဲ… ဘယ်ဘက်က ကောင်မလေးကျတော့လည်း အရပ်ကပုပုလေး၊ သူနဲ့ဆို လည်း မတော်ဘူး..အဲ..အဲ.. မဖြစ်ဘူး” ဆိုပြီးတော့ပေါ့လေ။
ချိန်းထားတဲ့အချိန်ကလည်း ဆယ့်ငါးမိနစ်လောက် ကျော်လာပြီ။ ဘယ်ရော၊ ညာရော နှစ်ယောက်လုံးက လည်း ပိုပြီးလှုပ်လှုပ်ရှားရှားဖြစ်လာတယ်။ အဲဒီမှာတင် ကျနော်အကြံကောင်းတစ်ခု ရပါတယ်။ ကျနော့်မှာက သူ့ကိုပေးဖို့ တိပ်ခွေတစ်ခွေပါလာတယ်လေ။ သူ့ကိုချိန်းတော့လည်း အဲဒီအခွေပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချိန်းခဲ့တာကိုး (တကယ်တော့ အခွေပေးချင်တာက နည်းနည်းပါ၊ ဟဲဟဲ သိတယ်မဟုတ်လား)။ ဒီကောင်မလေး နှစ်ယောက်ထဲက တစ်ယောက်ယောက်ကတော့ ဒီအခွေကိုမြင်ရင် ကျနော်မှန်းသိပြီးခေါ်မှာပဲပေါ့လို့ တွက်လိုက် တယ်။ အဲဒါနဲ့ပဲ လွယ်အိတ်ထဲကနေ အခွေကိုထုတ်လိုက်တယ်။ ပြီးတော့ အခွေကို ဘယ်ဘက်လက်ကကိုင်ပြီး ပျင်းကြောဆန့်သလို ဘာလိုလိုနဲ့ ဘယ်ဘက်ခြမ်းကကောင်မလေးမြင်သာအောင် လက်ကိုဆန့်လိုက်ပါတယ်။ ပြီး တော့ တဆက်တည်း အခွေကို ညာဘက်ပြောင်းကိုင်ပြီး ညာဘက်ကိုတစ်ခါ ဆန့်ရပါတယ်။ အဲဒါလည်း ဘာမှ မထူးပါဘူးဗျာ။ တစ်ယောက်မှလည်း ထူးခြားတဲ့အမူအယာမပြဘူး။ ဘေးကလူတွေကသာ ကျနော့်ကို ဟိုဘက် လက်မြှောက်လိုက်၊ ဒီဘက်လက်မြှောက်လိုက်နဲ့ ရူးနေတယ်လို့ထင်ကုန်ကြတာ။ ကျနော်လည်းတွေးမိပါတယ်။ “အင်း….သူမြင်ရဲ့သားနဲ့ ရှက်လို့များမခေါ်တာလား” ပေါ့။ အဲဒါနဲ့ ဗျူဟာတစ်မျိုးထပ်ပြောင်းဖို့ ကြံရပါတော့တယ်။
ပထမစဉ်းစားမိတာက နှစ်ယောက်လုံးကို တလှည့်စီပြုံးပြလိုက်ရင် ကောင်းမလားလို့။ ဒါပေမယ့် အဲဒီ အကြံကိုလက်လျှော့လိုက်ရပါတယ်။ တော်ကြာ နှာဘူးကြီးလို့ ပတ်ဝန်းကျင်က ထင်ကုန်မှာစိုးလို့လေ။ ဒါနဲ့ နောက်တစ်မျိုးထပ်စဉ်းစားတယ်။ ဘယ်လိုမှစဉ်းစားမရဘူး။ နောက်ဆုံး “ ဖြစ်ချင်ရာဖြစ်ကွာ၊ ကောင်းသူထိပ် မ ကောင်းသူထိပ်ပဲ၊ နံကြားထောက်ပြီးရွေးမယ်၊ ကျတဲ့သူကို စကားသွားပြောပစ်မယ်” လို့ မိုက်မိုက်ကန်းကန်း ဆုံးဖြတ်ပစ်လိုက်တယ်။ အဲဒါနဲ့ နံကြားထောက်ဖို့ ပြင်နေတုန်းမှာ ကံကောင်းစရာတစ်ခုဖြစ်လာပါတယ်။ အဲဒါကတော့ ညာဘက်ခြမ်းက ကောင်မလေးက ဘတ်စ်ကားပေါ်တက်သွားတာပါပဲ။ အင်း …. ဒါဆို ဒီကောင်မ လေးမဖြစ်နိုင်တာ သေချာသွားပြီ။ ဘာလို့လည်းဆိုတော့ သူကဒီနားမှာတင်နေတာ။့ ဘတ်စ်ကားပေါ်တက်သွား တယ်ဆိုကတည်းက မဟုတ်တာသေချာပြီ။ ဒါဆို… ဒါဆို… ဘယ်ဘက်က ကောင်မလေးပဲ ဖြစ်ရမယ်။ ချိန်းထား တဲ့အချိန်ကလည်း နာရီဝက်နီးပါးကျော်နေပြီ။ အဲဒီကောင်မလေးကလည်း နာရီကိုကြည့်လိုက်၊ ကျနော့်ကိုကြည့် လိုက်၊ လမ်းမပေါ်ကြည့်လိုက်နဲ့။ ဟား ဟား ကျိန်းသေသွားပြီ။ သူပဲဖြစ်ရမယ်။ ဒါနဲ့ ကျနော်သူ့ကို စကားပြောဖို့ အ နားကပ်သွားလိုက်တယ်။ အဲဒီကောင်မလေး ဒီဘက်ကိုလည်း လှည့်လာရော…. ကျနော်က လက်ဦးမှုယူပြီး ပြုံးပြ လိုက်တာပေါ့။ ပြီးတော့ သူ့ကိုတဆက်တည်း မေးလိုက်တယ်။ “ဟိုလေ…ဟို…. ချမ်းလားဟင်”လို့။ (ကျနော်က သူ့ကို ချမ်းလို့ခေါ်နေကျကိုး)။ အဲဒီမှာတင် ပြဿနာတက်တော့တာပါပဲဗျာ။ ပထမတော့ အဲဒီကောင်မလေး ကြောင်သွားပုံရတယ်။ ပြီးလည်းပြီးရော….. ကျနော့်ကို ဘုကြည့်ကြည့်ပြီး ပြောတော့တာပဲ။ “ဘာလို့ချမ်းရမှာလဲ၊ ဒီလောက်ပူအိုက်နေတာကို၊ တကတည်း… စကားမရှိစကားရှာပြီး လူကိုအကြောင်လာရိုက်နေတယ်၊ ရုပ်ကိုက ပြောင်ချော်ချော်စပ်ဖြီးဖြီးနဲ့…. ဟွန်း…..” တဲ့ဗျာ။ ကျနော့်မှာ အဲဒီနားကပဲ ထွက်ပြေးရတော့မလိုဖြစ်ပါလေရော။ ဒါ ပေမယ့် သူကပဲ အရင်ထွက်သွားပါတယ်။ ဒါတောင် သွားခါနီး ကျနော့်ကိုမျက်စောင်းတွေချည်းပဲ လှိမ့်ထိုးသွား တာ ၇၆၅ ခါလောက်ရှိတယ်။ ပါးစပ်ကလည်း ပွစိပွစိပြောသွားသေးတယ်။ ကျနော့်မှာ မျက်နှာတွေပူလိုက်တာ ပြောမနေပါနဲ့တော့။
နောက်ထပ် ငါးမိနစ်လောက်ကြာတော့မှ ကျနော့်ရဲ့ ပေါ်တော်မူလေးက ချီချီကြွကြွနဲ့ ထီးကောက်ကြီးဆွဲ ပြီး ကားမှတ်တိုင်ကို ရောက်လာပါတော့တယ်။ ဒါတောင် ကျနော်ကသူ့ကိုမြင်မြင်ချင်း သူမှန်းမသိပါဘူး။ ဓါတ်တိုင် မှာကပ်ထားတဲ့ရောင်ပြန်စတစ်ကာကြီးလွင့်လာတာများလားလို့ ထင်တာ။ ထင်မှာပေါ့….. သူဝတ်လာတဲ့ အကျီင်္က ပြောင်ပြောင်လက်လက်ဖြစ်နေတာကိုး။ အနီးကပ်လာမှ သူမှန်းသိတာ။ ဒီတစ်ခါတော့ မမှားနိုင်တော့မှန်း သေချာ သိလိုက်တယ်။ ဟဲဟဲ…. ကိုယ်ချစ်ရတဲ့သူပဲ…. ခံစားကြည့်ရုံနဲ့တင်သိတာပေါ့နော် (ဒါက ဖားတာ)။ စတစ်ကာပြား က…အဲလေ….သူက ကျနော့်ကို မမြင်သေးပါဘူး။ ကားမှတ်တိုင်နောက်က အအေးဆိုင်ထဲ ခုန်ဆွခုန်ဆွနဲ့ ၀င်သွား ပါတယ်။ ကျနော်လည်း ဘာလုပ်မလဲလို့ ဆက်ကြည့်နေတာပေါ့။ ခဏနေတော့ မုန့်တွေဆွဲပြီးထွက်လာတယ်။
ဆိုင်ပေါက်ဝကနေ အပြင်ကိုလှမ်းကြည့်တယ်။ ကျနော်ကလည်း သူ့ကိုပြန်ကြည့်တာပေါ့။ (ရုပ်ရှင်ရိုက်လို သူများ၊ ၀တ္ထုရေးလိုသူများ… အဲဒီမင်းသားနဲ့မင်းသမီးရဲ့ ဇာတ်ဝင်ခန်းကို အသုံးပြုလိုပါက ခွင့်ပြုချက်တောင်းပါ)။ သေချာပြီဆိုတော့ ကျနော်ကလည်း အိုက်တင်နဲ့ သူ့နားကိုလျှောက်သွားတာပေါ့။ သူကလည်း ကျနော့်ကို မေး တယ်။ “၀ါ…လားဟင်”တဲ့။ တယ်…. “စကားမရှိစကားရှာပြီး လူကိုအကြောင်လာရိုက်နေတယ်၊ ရုပ်ကိုက ပေတေ တေမှုန်ကုပ်ကုပ်နဲ့” လို့ ပြန်ပြောလိုက်ရမကောင်းပဲရှိတော့မယ်။ (အဲလိုမျိုးတောင် စိတ်မကူးမိပါဘူး…အဟိ)။ အဲလို… အဲလိုပဲ… သူနဲ့ကျနော် ဇာတ်လမ်းစခဲ့တာပါပဲ။
ခုတော့လည်း သံယောဇဉ်တွေ ပိုတိုးပြီး ဖြတ်ချင်တာတောင် ဖြတ်လို့မရတော့ပါဘူး….အဲ..မှားလို့… မချစ်ပဲနဲ့ကို မနေနိုင်တော့ပါဘူး။ သူနဲ့ကျနော်နဲ့ စပြီးကြိုက်ကြတော့လည်း သူငယ်ချင်းတွေမသိအောင် တိတ်တိတ်လေးနေကြမလို့ပါပဲ။ ဘာလို့လည်းဆိုတော့ အဲဒီအကြောင်းကိုသိရင် မုန့်ကျွေးရမယ့် အောင်သွယ်တွေ က သုံးယောက်လောက်ရှိလို့ပါ (ဟိုအကောင်တွေ… နာတစ်ခါတည်း ပြောလိုက်ပြီနော် ဟိဟိ)။ ဒါပေမယ့်လည်း ကြော်ငြာအားကောင်းတဲ့ ဒေ၀ဒတ်မ (စိုးမိုးအောင်) ရဲ့အစွမ်းကြောင့် ကြိုက်ပြီးဘယ်လောက်မှမကြာဘူး… အကုန်လုံးနီးပါးသိကုန်ကြတော့တာပါပဲ။ အခုအချိန်မှာတော့ သူကလည်းကျနော့်ကိုချစ်၊ ကျနော်ကလည်းသူ့ကို ချစ်နဲ့ နှစ်ယောက်လုံးအစင်းရာတွေချည်းပါပဲ..အဲ.. နှစ်ယောက်လုံး အဆင်ပြေနေကြပါတယ် သဗ္ဗူရိသနွယ်ဝင် သူတော်ဆင် သူတော်ခေါင်း သူငယ်ချင်းအပေါင်းတို့ခင်ညား။

လေလိုစိတ်ကူးတွေ
Author ► သူရဿဝါ Time ► Saturday, January 03, 2009 File Name ► ကဗျာ 0 Comments
စိတ်ကူးကို လေလိုလွှင့်ထားလိုက်တဲ့ခဏ….
အရောင်စွန်းခဲ့တဲ့ အင်္ကျီဖြူဖြူလေးကိုမြင်တယ်
မနေ့က ပြန်မရောက်ခဲ့တဲ့ ရပ်ကွက်ကလေးကိုမြင်တယ်
ဟိုး အဝေးနယ်က မေမေ့မျက်နှာကိုမြင်တယ်
ရှေ့မှာရှိနေသမျှ
မြင်ရက်စရာမကောင်းတဲ့ မျက်နှာအတုတွေချည်း
ပူလောင်နေကြ
မာနတက်နေကြ
အားလုံးဟာ စနစ်တကျ (ဒါမှမဟုတ်)
ဖရိုဖရဲ မှားယွင်းလို့နေတယ်
မာယာရောင်စုံကြားထဲ
ငါ့ကိုယ်ငါ လိပ်ပြာမသန့်တော့တဲ့အခါ……
ထွက်ပြေးလို့မရသေးတဲ့အခါ…..
အရောင်စွန်းသွားတဲ့ အကျီင်္ဖြူဖြူလေး…
ပြန်မရောက်နိုင်သေးတဲ့ ရပ်ကွက်ကလေး…
ဟိုးအဝေးက မေမေ့မျက်နှာလေး…..
အဲဒါတွေကိုပြန်မြင်ဖို့
စိတ်ကူးတွေကို လေလိုပဲ
အထိန်းအချုပ်မဲ့စွာ လွှင့်တင်ထားလိုက်မိတော့တယ်။ ။

ခရီးဆောင်စိတ်ဓါတ်
Author ► သူရဿဝါ Time ► Saturday, January 03, 2009 File Name ► ကဗျာ 0 Comments
မင်းက
ကျိုးလွယ်ကြေလွယ်စိတ်ဓါတ်တွေမွေးထား
အဲဒါကိုသယ်ပြီး မင်းလျှောက်သွားနေရတာ
မလေးလှဘူးလားကွာ….
ဘ၀ဆိုတဲ့ကောင်ကို
မင်း မထီတရီကြည့်တတ်မှ
သရော်တော်တော်ပြုံးတတ်မှ
မင်းနဲ့အဆင်ပြေလိမ့်မယ်
ဒီနေ့ခေတ်ရဲ့ သူရဲကောင်းဟာ
ဓါးတွေ.. လှံတွေ တမြေ့မြေ့သွေးမနေဘူး
မလိုအပ်ဘူး…
ကျန်နေခဲ့တဲ့ အရှိုးရာကို
သွေးအေးအေးထိုင်ကြည့်
ကိုယ်ခံအားကောင်းကောင်းစိတ်ဓါတ်ဆိုတာ
၉၆ ပါးရောဂါကိုပါ နိုင်တယ်
တကယ်တော့
နေ၀င်တယ်ဆိုတာလည်း
နေပြန်ထွက်ဖို့ အားယူနေတာ………….
ကျိုးလွယ်ကြေလွယ်စိတ်ဓါတ်တွေမွေးထား
အဲဒါကိုသယ်ပြီး မင်းလျှောက်သွားနေရတာ
မလေးလှဘူးလားကွာ….
ဘ၀ဆိုတဲ့ကောင်ကို
မင်း မထီတရီကြည့်တတ်မှ
သရော်တော်တော်ပြုံးတတ်မှ
မင်းနဲ့အဆင်ပြေလိမ့်မယ်
ဒီနေ့ခေတ်ရဲ့ သူရဲကောင်းဟာ
ဓါးတွေ.. လှံတွေ တမြေ့မြေ့သွေးမနေဘူး
မလိုအပ်ဘူး…
ကျန်နေခဲ့တဲ့ အရှိုးရာကို
သွေးအေးအေးထိုင်ကြည့်
ကိုယ်ခံအားကောင်းကောင်းစိတ်ဓါတ်ဆိုတာ
၉၆ ပါးရောဂါကိုပါ နိုင်တယ်
တကယ်တော့
နေ၀င်တယ်ဆိုတာလည်း
နေပြန်ထွက်ဖို့ အားယူနေတာ………….
အလင်းစကား
Author ► သူရဿဝါ Time ► Saturday, January 03, 2009 File Name ► ကဗျာ 0 Comments
အလင်းစကား
မကြာခင်လာမယ့် အလင်းကိုကြိုဖို့
မီးအိမ်တွေ ငြှိမ်းသတ်ပစ်ကြ...
ငါ့အတွက် ကြောင့်ကြမဲ့သော လှမ်းလာခြင်းမျိုးဖြစ်စေ။
လက်ခုပ်သံတဖြောင်းဖြောင်းမလိုဘူး။
ခရာမှုတ်သံ....
အားပေးသံတွေလည်း မလိုဘူး။
မလိုတမာမျက်လုံးတွေကို တဆိတ်သိမ်းထားပေးရင်တော်ပြီ။
ဟေး....လောက
ငါ့ကိုသေချာကြည့်ပါ
အရာအားလုံး ဒူးထောက်ခွေစင်း
အဲဒီ.... အနိုင်အထက် သင့်ခြေရင်းမှာ
အလင်းဆိုတဲ့..... ငါမပါဘူး။ ။

မင်းမသိသေးတဲ့ မင်းအကြောင်း
Author ► သူရဿဝါ Time ► Saturday, January 03, 2009 File Name ► ကဗျာ 0 Comments
မင်းရဲ့စိတ်ဓါတ်က
မင်းရှိုက်ဖွာလိုက်တဲ့ စီးကရက်မီးလို
လောင်လောင်ကျွမ်းကျွမ်း…..
ငါတို့အမြင်မှာတော့
မင်းကိုယ်တိုင်ကိုက မင်းထွေးပစ်လိုက်တဲ့ ကွမ်းတံတွေးပဲ။
တခါတခါ…
မင်းသိတယ်ထင်သော မင်းမသိတဲ့အရာများအကြောင်း
ပြောလားပြောရဲ့။
တခါတခါ…..
ငါတို့မသိဘူးထင်သော မင်းသိတယ်ထင်တဲ့တဲ့အရာများအကြောင်း
ပြောလားပြောရဲ့။
အဲဒီလိုမျိုး ဘောင်ဘင်ခတ်ကြွားဝါမှုတွေ..
အထက်စီးနင်းစကားလုံးတွေနဲ့ တည်ခင်းသော
မင်းရဲ့လက်ဖက်ရည်ပွဲက ငါတို့အတွက်မချို…
ငါတို့ …. မပါဝင်လိုဘူး။
မင်းရဲ့ပါးစပ်ဖျားမှာ မင်းက…
ရာသက်ပန်မင်းသား၊ ရာသက်ပန်သန်းကြွယ်သူဋ္ဌေး၊
ရာသက်ပန်စွန့်ဦးတီထွင်၊ ရာသက်ပန်အတတ်ပညာရှင်၊
အဲလိုဆိုပြန်တော့
မင်းရဲ့မှောင်မှောင်မဲမဲ အသိဥာဏ်မှာ
တသမတ်တည်းလောကဓံက အနိမ့်အမြင့်မရှိရှာဘူး။
နိမ့်စရာအကြောင်းမရှိသောမင်းရဲ့မြေမှာ
စိုက်ဝင်စရာလှံလည်းရှိမလာနိုင်ဘူးလို့ မင်းကထင်တယ်။
ဖြစ်သင့်တာက
မင်းကိုယ်မင်းသေချာပြန်ကြည့်
ပြီးရင်ငါတို့ကိုကြည့်
မင်းဟာ လောင်ကျွမ်းနေတဲ့ ဆေးလိပ်မီးဖြစ်ကြောင်း
ဖြတ်သွားဖြတ်လာလမ်းပေါ်က ကွမ်းတံတွေးဖြစ်ကြောင်း
မင်းမသိခင်ကတည်းက ငါတို့သိနေခဲ့ပြီးသားဆိုတာ
မင်းမြင်လာပေလိမ့်မယ်။

Subscribe to:
Posts (Atom)