Showing newest 14 of 64 posts from March 2009. Show older posts
Showing newest 14 of 64 posts from March 2009. Show older posts

Friday, March 20, 2009

ပြာတာဝါ၀ါနှင့် ဆားပုလင်း.. အိုင်အိုဒင်း .. စုံထောက်ရှော်ကြီးများအမှု

0 Comments
တစ်နေ့သ၌ဟု စာရေးဆရာများသုံးစွဲလေ့ရှိသော တစ်နေ့သ၌တစ်ခု၏ နံနက်ခင်းတွင် နာမည်ကျော် စုံထောက်ကြီး ဆားပုလင်းပိုးကောင် အိပ်ရာမှနိုးထလာခြင်းကစသော အဖြစ်အပျက်များကို အခြေပြု၍ ယခု တင်ပြလတ္တံ့သော ဗမာ့ရာဇ၀တ်မှုသမိုင်းတွင် မကြုံစဖူးကြီးကျယ်ဂရက်ရိုက်ခဲ့သည့် ဤကိုယ်ကျိုးနည်း တက်တက်ပြောင်အမှုဆန်းကြီးအကြောင်း စတင်ဖော်ပြရပေမည်။

အထက်ပါ တစ်နေ့သ၌တစ်ခု၏ နံနက်ခင်းတွင် နာမည်ကျော်စုံထောက်ကြီး ဆားပုလင်းပိုးကောင် အိပ်ယာမှ မှုံတိမှုံမွှားယောင်ဝါးဝါးနှင့် နိုးထလာခဲ့လေသည်။ “ဆားပုလင်းပိုးကောင်နှင့် ငတက်ပြားစိုးမိုးအမှု” ၊ “ဆားပုလင်းပိုးကောင်နှင့် ဒတ်ကလော့လူသတ်သမားအမှု” ဟူ၍ပင် အထူးအရေးပေး မှတ်တမ်းတင်ထားရသော အမှုအခင်းအကြီးစားများကို ကံအားလျော်စွာဖော်ထုတ်ပေးနိုင်ခဲ့သည့် ဆားပုလင်းပိုးကောင်အား ပုလိပ်မင်းကြီး လူလိန်မှ ဂုဏ်ပြုမည့် ကော်ဖီပါတီပွဲရှိရာ ဦးညိုကြီးကာကာဆိုင်သို့သွားရောက်ရန် အိုင်ပီပင်ဂွင်းနှင့် ယနေ့နံနက် ချိန်းဆိုထားမိကြောင်း နိုးလျှင်နိုးချင်းပင် ဆားပုလင်းပိုးကောင် သတိရလေ၏။ ထို့ကြောင့်ပင် ဧည့်ခံပွဲတက်ရောက် ရန် ပြင်ဆင်ဖြီးလိမ်းရဦးမည့်အရေးကိုတွေးကာ အိပ်ယာမှ အလူးအလဲပြူးပြဲပြီး ထလာခဲ့လေသည်။ မနေ့ညက စွပ်ကျယ်လက်ပြတ်လေးဝတ်ပြီး အိပ်ယာဝင်ခဲ့မိခြင်းကြောင့်လားတော့မသိ။ အိပ်ယာမှ နိုးနိုးချင်းပင် ခန္ဓာကိုယ်မှ အေးစိမ့်သောအရသာတမျိုး ခံစားနေရကြောင်းကို (စုံထောက်ပီပီ) ဆားပုလင်းပိုးကောင် သတိပြုမိလေသည်။

“ဆားပုလင်းထိပ်ခေါင် မောင်ပိုးကောင် နှစ်လုံးထီထိုးရင်းပုဆိုးပေါင် ဒါ့ ဒါ ဒိ ဒီ ဒေါင်”

သီချင်းလေးတအေးအေးရွတ်ဆိုကာ မျက်နှာသစ်၊ သွားတိုက်ရန်အလို့ငှာ ရေချိုးခန်းအတွင်းသို့ ၀င်လာ ခဲ့လေသည်။ သူဖော်ထုတ်ပေးနိုင်ခဲ့သော ယခင်အမှုများအတွက် ပုလိပ်မင်းကြီးလူလိန်ကသူ့ကိုပါးလျက်နားလျက် ချီးကျူးရဦးမည့်အရေးကို မျက်လုံးမှိတ်ကာတွေးရင်း စိမ်ပြေနပြေသွားတိုက်နေမိလေ၏။ တဆက်တည်းမှာပင် သွားတိုက်ပြီးပြီးချင်း ရေပါချိုးလိုက်လျှင်ကောင်းလိမ့်မည်ဟု စိတ်အကြံရသဖြင့် အကျီင်္ချွတ်ရန်အတွက် လက်နှစ် ဖက်ဖြင့် စွပ်ကျယ်အကျီင်္ကို ဆွဲမလိုက်လေ၏။

“ဟင်… အလို… အို…” ဟူ၍သာ အံ့အားတသင့် မြည်တမ်းမိလေတော့သည်။ အကြောင်းမှာ မနေ့ညက ၀တ်အိပ်ခဲ့သော အကျီင်္မရှိတော့ချေ။ ဆားပုလင်းပိုးကောင် အလွန်ပင်ထိတ်လန့်ုသွားပြီး ကမန်းကတမ်း အောက်ငုံ့ ကြည့်သောအခါတွင် အလွန်တရာ ထိတ်လန့်အံ့သြဖွယ်ကောင်းသော အချင်းအရာကိုမြင်လိုက်ရလေသည်။ အဘယ်ကြောင့်ဆိုသော် မနေ့ညက သူဝတ်ဆင်အိပ်စက်ခဲ့သော စွပ်ကျယ်အကျီင်္နှင့် ရေလဲပုဆိုးပိုင်းတို့မှာ သူ၏ ကိုယ်ပေါ်၌ မရှိတော့ချေ။ ၄င်းတို့အစား သစ်ရွက်များဖုံးလွှမ်းအပ်သော မလုံ့တလုံလံကွတ်တီနှင့် ပိန်ချပ်ပြားကပ် ကာ ယခုခေတ်မော်ဒယ်လ်မိန်းကလေးများ အတုယူစရာကောင်းလှသည့် ဆားပုလင်းပိုးကောင်၏ ဗိုက်ပူနံကား လေးပေါ်တွင် ထင်ရှားစွာပေါ်နေသော စာကြောင်းများကိုသာ မြင်တွေ့လိုက်ရလေတော့သည်။

“ကိုင်း… ဘယ့်နှယ့်ရှိစ စုံထောက်ရှော်ကြီး မောင်ပိုးကောင်

သင်၏ အကျီင်္အ၀တ်အစားတို့အားချွတ်ယူပြီး အရှက်ရစေသော

ကျွန်ုပ်ကို အဘယ်သူဖြစ်ချိမ့်မည်ဟု အသင့်

ပိစိညှောက်တောက် ဖြုတ်ဦးနှောက်ဖြင့် တွေးတောဆင်ခြင်မိပါသနည်း ငှီးငှီး”

အလွန်တရာမှပင် သွေးပျက်ခြောက်ခြားအရှက်ရစရာတစ်ခုကို ခံစားလိုက်ရသူတို့၏ ထုံးစံအတိုင်း ဘာကိုမှ တွေးတောဆင်ခြင်နိုင်စွမ်းမရှိတော့ပဲ အာရုံကင်းလွတ်စွာဖြင့် အိမ်ရှေ့သို့သာ လံကွတ်တီစွပ်ရက်သား သွေးရူးသွေးတမ်း ပြေးထွက်လာမိလေသည်။ ထိုအခါကျမှပင် ထို့ထက်ပို၍ အံ့သြစရာကောင်းသောမြင်ကွင်းကို ဆားပုလင်းပိုးကောင်တစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားရလောက်သည်အထိ မြင်တွေ့ရလေတော့၏။ သူ့ အိမ်ဝင်းအတွင်းသို့ သူ့လိုပင် ကမူးရှူးထိုးပြေးဝင်လာသော အိုင်အိုဒင်းလုလင်။ သူ့လိုပင် လံကွတ်တီနှင့်၊ ဗိုက်မှာ စာတန်းကလေးနှင့်။

“ကိုင်း… ဘယ့်နှယ့်ရှိစ အိုင်အိုဖျင်းလုလင်

သင်၏ အကျီင်္အ၀တ်အစားတို့အားချွတ်ယူပြီး အရှက်ရစေသော

ကျွန်ုပ်ကို အဘယ်သူဖြစ်ချိမ့်မည်ဟု အသင့်

ပိစိညှောက်တောက် ဖြုတ်ဦးနှောက်ဖြင့် တွေးတောဆင်ခြင်မိပါသနည်း ငှီးငှီး”

အိုင်အိုဒင်းလုလင်၏ ဗိုက်မှစာကြောင်းမှာလည်း သူ၏ဗိုက်မှစာကြောင်းနှင့် ထပ်တူထပ်မျှနီးပါးပင် ဖြစ် ကြောင်းတွေ့ရှိရလေ၏။ ယခုကဲ့သို့ နိုင်ငံကျော်စုံထောက်ကြီးနှစ်ဦး၏ အ၀တ်အစားများကိုချွတ်ယူရုံမျှမက ၀မ်းဗိုက်တွင်ပါ မထီလေးစားဆန်သောစာမျိုးကို ရေးဝံ့သည်မှာ တော်ရုံသတ္တိကောင်းရုံမျှဖြင့်တော့ မဟုတ်နိုင်ချေ။ ဆားပုလင်းပိုးကောင်နှင့် အိုင်အိုဒင်းလုလင်တို့ တစ်ယောက်ကိုတစ်ယောက် ယူကျုံးမရစွာ ကြည့်ရှုငေးမောနေမိ ကြစဉ်မှာပင် သူတို့၏အထက်အရာရှိဖြစ်သူ အိုင်ပီပင်ဂွင်း ရောက်ရှိလာလေသည်။ နိုင်ငံကျော်စုံထောက်ကြီးနှစ်ဦး ၏ ထူးဆန်းထွေလာရယ်စရာအဖြစ်ကို မျက်ဝါးထင်ထင်မြင်လိုက်ရသော အိုင်ပီပင်ဂွင်းမှာလည်း ၄င်းတို့နှစ်ဦး ထက် မပိုသည့်တိုင်အောင် ၄င်းတို့ထက်မလျော့သော အံ့သြခြင်းမျိုးဖြင့် ပါးစပ်အဟောင်းသား ငေးမောကြည့်ရှုနေ မိလေသည်။

“ဟား…. ကိုယ့်ဆရာတို့ ပါတီတက်မယ့် ၀တ်စုံတွေက အထူးအော်ဒါလားဗျ ဟီးဟီး”

အသံနှင့်အတူ ထပ်မံရောက်ရှိလာသူကား ပြာတာဝါ၀ါပင်ဖြစ်လေသည်။ ဆားပုလင်းပိုးကောင်လည်း ရှက်ရမ်းရမ်းကာ ဒေါသတကြီးပြန်လည်အော်ဟစ်လေ၏။

“နေစမ်းပါကွာ ဒီမှာအရှက်တကွဲအကျိုးနည်းမယ့်ကိစ္စကြီး ကြုံနေရတဲ့ကြားထဲ မင်းကတမှောင့်၊ ကဲ… မင်းကကော ဘာလာလုပ်တာတုန်း”

“ပုလိပ်မင်းကြီးလူလိန် လွှတ်လိုက်တာဗျ ဟိုကဗျစ်တောက်ဗျစ်တောက်လုပ်နေပြီ၊ သူ့လို အထက်အရာ ရှိကြီးက ပေးအပ်တဲ့ဂုဏ်ပြုပွဲပါတီကိုတက်ရောက်ဖို့တောင် လူကလေးပိုးကောင်က ဘာကိစ္စနောကျနေရသလဲတဲ့ ဒါဟာ သူ့ကို မခန့်လေးစားလုပ်တဲ့ အပြုအမူဆိုရင်တော့ ဂုဏ်ပြုပွဲကနေ နအုံထုပွဲအစီအစဉ်ကို ပြောင်းသင့်ရင် ပြောင်းရလိမ့်မယ်လို့ မှာလိုက်တယ် အဲဒါလာပြောတာဗျ”

ထိုအခါကျမှပင် ဆားပုလင်းပိုးကောင်နှင့် အိုင်အိုဒင်းလုလင်တို့လည်း ၄င်းတို့နှစ်ဦး၏ အရှက်တကွဲ အကျိုးနည်းရသော ကိစ္စအလုံးစုံကို ပုလိပ်မင်းကြီးလူလိန်အား ပြန်လည်၍ “ဖွ” ခြင်း မပြုပါမည့်အကြောင်း အိုင်ပီ ပင်ဂွင်းနှင့် ပြာတာဝါ၀ါတို့အား အနူးအညွတ်ရှိခိုးဦးတင် တောင်းပန်ကြပြီးလျှင် ဂုဏ်ပြုပွဲကျင်းပမည့် ဦးညိုကြီး ကာကာဆိုင်သို့ အ၀တ်အစားများလဲလှယ်ကြပြီး သုတ်သီးသုတ်ပြာ ထွက်ခွာလာကြလေသည်။

အထက်ပါကိစ္စများ ဖြစ်ပွားပြီးနောက်တစ်ပတ်ခန့်အကြာတွင် CYG ရုံးခန်းအတွင်း၌ အိုင်ပီပင်ဂွင်း၊ အိုင်ပီ ပိုင်းရိတ်၊ ရာဇ၀တ်အုပ်ဝိုင်၊ အိုင်အိုဒင်းလုလင်နှင့် ဆားပုလင်းပိုးကောင်ဟူသော စုံထောက်ရှော်ကြီးများသည် အထက်အရာရှိမရှိခင် အတင်းချတတ်သော လက်အောက်ငယ်သားတို့၏ထုံးစံအတိုင်း မင်းကြီးလူလိန်မကောင်း ကြောင်း ရောက်တတ်ရာရာ အတင်းအဖျင်းပေါင်းစုံကို မင်းကြီးလူလိန် ရုံး၌မရှိခိုက် မြိန်ရည်ရှက်ရည် ပြောဆိုနေကြလေ၏။

အိုင်ပီပင်ဂွင်းက “ အိုင်ပီတို့ကြားဖူးရဲ့လား ကျုပ်တို့ရဲ့မင်းကြီးလူလိန်ဟာ CYG ကိုမရောက်ခင် အင်္ဂလန်မှာတုန်းက စတန်းဖိုဒ့်တံတားနားမှာ ဆိုက်ကားနင်းစားခဲ့တာဆိုပဲ” ဟု ပြောလေရာ ရာဇ၀တ်အုပ်ဝိုင်က “အာ… အိုင်ပီကလည်း ကောလဟာလတွေပြောနေပြန်ပြီ၊ တကယ်တော့ မင်းကြီးလူလိန်က ဆိုက်ကားနင်းစားခဲ့ တာမဟုတ်ဘူးဗျ၊ လန်ဒန်က ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ လိန်ဒေါ်နယ်လ်ဆိုတဲ့နာမည်နဲ့ မြေပဲပြုတ်ရောင်းခဲ့တာ၊ အဲဒါကို မက်ဒေါ်နယ်လ်ကုမ္ပဏီကသိသွားတော့ သူတို့ဟမ်ဘာဂါရောင်းတဲ့နာမည်ကို ဆင်တူရိုးမှားယူထားပါ တယ်လို့ တရားစွဲတော့မှ ကြောက်လန့်ပြီး ဗမာပြည်ကို ပြေးလာတာဗျ” ဟု ပြန်လည်ပြောဆိုလေ၏။

ထိုအခါ အိုင်ပီပိုင်းရိတ်ကလည်း အားကျမခံ “ အိုင်ပီတို့ကလည်းပြောရော့မယ် တကယ်တော့ မင်းကြီး လူလိန်က မြေပဲပြုတ်ရောင်းခဲ့တာလည်းမဟုတ်ဘူး၊ ဆိုက်ကားနင်းခဲ့တာလည်း မဟုတ်ဘူး၊ သူတကယ်လုပ်ခဲ့တာ က ကင်းဗရစ်ခ်ျတက္ကသိုလ်ဝင်းထဲမှာလည်ပြီး ကွမ်းယာရောင်းခဲ့တာဗျ” ဟု ဟုတ်သည်မဟုတ်သည်အပထား၍ တစ်ယောက်တစ်ပေါက် ပြောဆိုလျက်ရှိကြလေ၏။ စုံထောက်ကျော်ကြီး ဆားပုလင်းပိုးကောင်မှာမူကား တစုံတ ရာကို အလေးအနက်စဉ်းစားနေဘိသကဲ့သို့ မျက်လုံးအစုံကိုမှိတ်ကာ ပါးစပ်မှလည်း သွားရည်တတောက်တောက် ကျလျက် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်မောကျလျက်ရှိနေလေသည်။ ထိုအချင်းအရာကို မြင်သော အိုင်အိုဒင်းလုလင် က “ အင်း …. ကျုပ်တို့ကသာ တောင်စဉ်ရေမရလျှောက်ပြောနေတာ ဆားပုလင်းပိုးကောင်ကတော့ တကယ်ကို အေးဆေးလှချည်လားဗျဟင်” ဟု ပြောဆိုလိုက်လေ၏။

ထိုအခိုက်မှာပင် “ဒီလိုမဟုတ်ဘူး အိုင်ပီရဲ့ ဟိုလိုကျတော့လည်း မဟုတ်သေးဘူး” ဟူ၍ ဆားပုလင်း ပိုးကောင်ဆီမှ အသံထွက်လာလေသည်။ အိုင်ပီပိုင်းရိတ်တို့အဖွဲ့လည်း ရုတ်တရက်လန့်ဖျတ်သွားပြီး ဆားပုလင်း ပိုးကောင်အား လှမ်းကြည့်မိသောအခါတွင်မှ ဆားပုလင်းပိုးကောင်မှာ သူတို့အား စကားပြန်လည်ပြောဆိုခြင်း မဟုတ်ပဲ အိပ်ပျော်နေရင်းမှ ထ၍ယောင်ခြင်းဖြစ်သည်ကို တွေ့ရှိကြရလေသည်။ ထိုအခါမှပင် အိုင်ပီပင်ဂွင်းတို့ လည်း ဆားပုလင်းပိုးကောင်၏ အဖြစ်ကိုကြည့်၍ ရယ်မောလှောင်ပြောင်ကြလေတော့၏။ ထိုသို့အသံဆူဆူညံညံ အသံများကြားသောအခိုက်မှာပင် ဆားပုလင်းပိုးကောင်လည်း အိပ်နေရာမှ ၀ူးဝူးဝါးဝါးအသံပြုကာ ပြန်လည်နိုးထ လာလေတော့၏။ အိုင်ပီပင်ဂွင်းကလည်း “အိုင်ဆေးကိုပိုးကောင် ယူလှချည်လားဗျ၊ ဘယ်လောက်တိုးနဲ့တုန်း ဟဲ ဟဲ.. ဒါနဲ့ ကျွန်တော်တို့တတွေ မင်းကြီးလူလိန် CYG မရောက်ခင် အင်္ဂလန်မှာတုန်းက ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းကို ပြောနေကြတာဗျ၊ အဲဒါဟုတ်မဟုတ် ကိုပိုးကောင်က ပြောပါဦး၊ အိုင်ဆေးကိုပိုးကောင်က ကျွန်တော်တို့ထက်စာရင် ပိုပြီးစပ်စပ်စုစုရှိ…. အဲ.. ပိုပြီးအကြားအမြင်ဗဟုသုတရှိတယ်မဟုတ်လား” ဟူ၍ ဆားပုလင်းပိုးကောင်အား မြှောက်ပင့်သလိုလိုပြောပြီး အချွန်နှင့်မလေတော့သည်။

ထိုအခါကျမှပင် ဆားပုလင်းပိုးကောင်လည်း သူ၏ပါးစပ်မှ စီးကျနေသော သွားရည်များကို လက်ခုံဖြင့် ပွတ်၍ တ၀ါးဝါးသမ်းလိုက်လေသည်။ ထို့နောက် တစုံတရာအားပိုင်ပိုင်နိုင်နိုင်သိရှိနေသော သူတို့၏ထုံးစံအတိုင်း ဘာမှမပြောသေးဘဲ အားလုံးကိုဝေ့ကြည့်၍ သူသောက်နေကျ ရွှေဒူးယားစီးကရက်ကို မီးညှိဖွာရှိုက်နေလေသည်။ ဆားပုလင်းပိုးကောင်နှင့် ခေတ်ပြိုင်စုံထောက်တစ်ဦးဖြစ်သော အိုင်အိုဒင်းလုလင်မှာလည်း ဆားပုလင်းပိုးကောင် အိုက်တင်ခံနေပုံကိုကြည့်၍ “ တောက်.. ဒီဘဲက ပဲကိုများတယ်၊ သူ့ကိုအားကိုးမှန်းသိတာနဲ့ ရူပါကျွေးတော့တာပဲ၊ ပြောစရာရှိတာ မြန်မြန်မပြောဘူး ဟိုကြည့်ဒီကြည့်လုပ်နေတာ ထဘီသူခိုးကျနေတာပဲ” ဟူ၍ စိတ်ထဲမှကြိတ်၍ ဆားပုလင်းပိုးကောင်အား ကျိန်ဆဲလျက်ရှိနေလေသည်။

ရွှေဒူးယားစီးကရက်ကို တစ်ချက်မျှခပ်ပြင်းပြင်းဖွာရှိုက်လိုက်ပြီးနောက် ဆားပုလင်းပိုးကောင်က

“ တကယ်တော့ မင်းကြီးလူလိန်ဟာ အင်္ဂလန်မှာကတည်းက စစ်မှုထမ်းတစ်ယောက်ပဲ၊ စစ်ပွဲတစ်ခုမှာ သူတို့ရဲ့ရန်သူတပ်က သူတို့တပ်တစ်တပ်လုံးကို အပြတ်ချေမှုန်းခဲ့တာ၊ အဲဒီမှာ မင်းကြီးလူလိန်က ကံကောင်းချင် တော့ ရန်သူတပ်သားတွေက သူ့ကိုမြင်မသွားဘူး၊ တစ်တပ်လုံးမှာ သူတစ်ယောက်တည်းပဲ ကျန်ခဲ့တာ၊ ရန်သူ တပ်တွေကတော့ အားလုံးသေပြီထင်ပြီးပြန်ဆုတ်ခွာသွားကြတယ်။ မင်းကြီးလူလိန်လည်း ဘာလုပ်ရမှန်းမသိပဲ ကယောင်ကတန်းနဲ့ စစ်မြေပြင်မှာ ပြန့်ကျဲနေတဲ့ သေနတ်တွေကို လိုက်ကောက်နေမိတာ၊ အဲဒီအချိန်မှာ သူတို့ရဲ့ ဂျင်နရယ်လ်က ရောက်လာပါလေရော” ဟု ပြောပြီး စကားစကိုခဏဖြတ်ထားလိုက်လေသည်။

အိုင်ပီပင်ဂွင်းတို့လူစုမှာလည်း တခါမှမကြားဖူးသော အကြောင်းအရာကို နားထောင်ရသည်ကြရသည် ဖြစ်၍ ဆားပုလင်းပိုးကောင်အား ဆက်လက်၍ ပြောပါရန်တောင်းပန်ကြလေသည်။

“ဂျင်နရယ်လ်ရောက်လာတဲ့အချိန်မှာ မင်းကြီးလူလိန်က ပုခုံးမှာလည်း သေနတ်တွေလွယ်လို့၊ ရန်သူ တပ်သားတွေလည်း တစ်ယောက်မှမမြင်ရတော့ဘူး၊ အဲဒီမှာ ဂျင်နရယ်လ်က မင်းကြီးလူလိန်ကို အထင်ကြီးသွား တော့တာပဲ၊ ဂျင်နရယ်လ်က မင်းကြီးလူလိန်ဟာ တစ်ယောက်တည်းကျန်ပေမယ့် မကြောက်မရွံ့ပဲ ရန်သူတွေကို ပြန်လှန်တိုက်ထုတ်ခဲ့တယ် လို့ထင်သွားတာပေါ့၊ အင်္ဂလန်လည်းပြန်ရောက်ရော မင်းကြီးလူလိန်ကို သာမာန် ရဲဘော်လေးဘ၀ကနေ ချက်ခြင်းရာထူးတိုးပြီး အရာရှိခန့်လိုက်တော့တာပဲ” ဟု ဆားပုလင်းပိုးကောင်က ဆက်၍ ပြောပြလေသည်။

ထိုအခါ အိုင်အိုဒင်းလုလင်က “အော်… ဒါဆို မင်းကြီးလူလိန်က အဲဒီရာထူးနဲ့ ကျုပ်တို့ CYG ကိုရောက် လာတာပေါ့နော်” ဟုပြောလေရာ ဆားပုလင်းပိုးကောင်က ခေါင်းကိုတွင်တွင်ခါ၍ “မဟုတ်ဘူး ကိုလုလင်ရဲ့ မင်းကြီးက ဒီကိုရောက်လာတာ ရာထူးကျပြီးရောက်လာတာ” ဟု ပြန်လည်ဖြေကြားလိုက်လေ၏။

အိုင်ပီပင်ဂွင်းတို့လည်း ဆားပုလင်းပိုးကောင်၏စကားကို နားမလည်နိုင်စွာဖြင့်ပင် ပြန်လည်မေးမြန်းကြ လေသည်။

“ဟင်.. အိုင်ဆေးကိုပိုးကောင်ပြောတော့ ရဲဘော်ဘ၀ကနေ ချက်ခြင်းအရာရှိဖြစ်တာဆို ဘယ်လိုဖြစ်လို့ ရာထူးကျပြီး ဒီရောက်လာတယ်လို့ ပြောရတာတုန်း”

“ဆက်ပြောပြပါ့မယ် မင်းကြီးလူလိန်ဟာ အရာရှိဖြစ်သွားတဲ့ အချိန်ကစပြီး အင်္ဂလန်မှာတော့ ပျိုတိုင်း ကြိုက်တဲ့ ပန်းဂေါ်ဖီဖြစ်လာတော့တာပဲ၊ မိန်းမပျိုလေးတွေကလည်း ရန်သူတစ်တပ်လုံးကို တစ်ယောက်တည်းခံချ လာတဲ့ သတ္တိခဲကြီးဆိုပြီးတော့ သူ့အနားမှာ ၀ိုင်းဝိုင်းလည်နေကြတာပေါ့၊ ဗြိတိန်ဘုရင်မကြီးကလည်း နန်းတွင်းမှာ လုပ်သမျှပါတီပွဲတိုင်း သူ့ကိုနေရာပေးပြီးဖိတ်လေ့ရှိတယ်၊ အဲ… မင်းကြီးလူလိန်ရာထူးကျခဲ့တာလည်း အဲလို ပါတီပွဲတစ်ခုမှာပဲပေါ့” ဟူ၍ ဆားပုလင်းပိုးကောင်က ပြောကြားလေသည်။

“အင်္ဂလန်နန်းတော်ထဲမှာလုပ်တဲ့ ပါတီပွဲတစ်ခုမှာပေါ့၊ ဘုရင်မကြီးရဲ့ဂါဝန်ကို သွားလှန်တဲ့အမှုနဲ့ မင်းကြီးလူလိန်ရာထူးကျသွားခဲ့တာလေ၊ အဲဒီနေ့က ပါတီပွဲမှာ မင်းကြီးလူလိန်ဟာ အတော်ကိုမူးနေခဲ့တယ်၊ ပိုဆိုး တာက ပါတီပွဲမှာ သူနဲ့တွဲကခဲ့တဲ့ မိန်းကလေးကိုလည်း သူကအရမ်းစွဲလမ်းသွားမိတာပဲ၊ မိန်းကလေးနဲ့ တွဲကနေ ရင်းပဲ မိန်းကလေးက အနောက်ဖက်ကိုထွက်သွားတယ်၊ မင်းကြီးကလည်း မိန်းကလေးနောက်ကိုလိုက်တာ၊ မိန်း ကလေးဝင်သွားတဲ့ အနောက်ခန်းထဲဝင်ဖို့ ခန်းဆီးလိုက်ကာကိုဆွဲမလိုက်တာ၊ မူးကလည်းမူးနေ ကံကလည်း ဆိုးချင်တော့ အဲဒီလိုက်ကာအရောင်နဲ့ ဘုရင်မကြီးဝတ်ထားတဲ့ဂါဝန်အရောင်က အတူတူဖြစ်နေတာပဲ၊ ဘုရင်မကြီးကလည်း အဲဒီလိုက်ကာနားမှာမှ ရပ်နေတာဆိုတော့ မူးနေတဲ့ မင်းကြီးလူလိန်က လိုက်ကာအမှတ်နဲ့ ဘုရင်မကြီးဂါဝန်ကိုဆွဲမ မိပါလေရော၊ ဘုရင်မကြီးကလည်း သူ့ကိုအရှက်ခွဲပါတယ်ဆိုပြီး မင်းကြီးလူလိန်ကို ရာထူးကနေချ၊ ပြီးတော့ CYG ကိုလွှတ်လိုက်တော့တာပါပဲ အိုင်ပီတို့ရာ” ဟု ဆားပုလင်းပိုးကောင်က ပြောလိုက် လေသည်။ အိုင်ပီပင်ဂွင်းတို့၊ အိုင်ပီပိုင်းရိတ်တို့မှာလည်း ဆားပုလင်းပိုးကောင်၏ အရာရာနှံ့စပ်သိမြင်မှုကို အံသြ ချီးကျူးကြလေ၏။ ထိုအချိန်မှာပင် မင်းကြီးလူလိန်ပြန်ရောက်လာသဖြင့် စုံထောက်ရှော်တစ်စုလည်း ရုံးစာရေးသ လိုလို၊ အမှုတွဲဟောင်းများ ပြန်ဖတ်သလိုလိုနှင့် သူတို့ဘာမှမပြောခဲ့သည့်အတိုင်း မရှိရှိသည့်အလုပ်ကို ရှာကြံ၍ လုပ်ဆောင်နေကြလေ၏။

ခဏကြာသောအခါ ပြာတာဝါ၀ါရောက်လာပြီး “ ကဲ… ဆရာတို့ မင်းကြီးကတော့ ကျိန်းနေပြီ အာရုံဆွမ်း ကပ်ဖို့သာပြင်ထားကြပေတော့ အားလုံးရုံးခန်းထဲကို ခဏလောက်ကြွခဲ့ကြပါဦးတဲ့ဗျား” ဟူ၍ စပ်ဖြဲဖြဲမျက်နှာပေး နှင့်လာရောက်ပြောဆိုလေတော့သည်။

ဆားပုလင်းပိုးကောင်တို့လူစုလည်း မင်းကြီးလူလိန်ရှိရာ ရုံးခန်းအတွင်းသို့ ကုပ်ချောင်းချောင်းဖြင့် တန်းစီ ၍၀င်သွားကြလေသည်။ ရုံးခန်းအတွင်းသို့ရောက်သောအခါ မင်းကြီးလူလိန်က အလွန်တရာခက်ထန်၍ ဒေါသအိုး ပေါက်ကွဲနေသော အမူအရာနှင့် စတင်ကြိမ်းမောင်းလေတော့သည်။

“လူကလေးတို့ စုံထောက်ရှော်တွေ အားကြီးလွန်လွန်းတယ်၊ သင်တို့ဟာ ဆိတ်သတ္တ၀ါတွေလိုပဲ၊ သင်တို့ရဲ့ပါးစပ်က အမြဲတမ်းပေါက်ပေါက်ရှာရှာတွေကို တမြုံ့မြုံ့ ပြောနေရုံကလွဲပြီး ဘာအရည်အချင်းမှ မရှိ ကြဘူး၊ အခုလည်း ကျွန်ုပ်မရှိတုန်း ကျွန်ုပ်ရဲ့အတင်းကို ပြောကြပြန်တယ်၊ ကျွန်ုပ်ဘာမှမသိဘူးလို့ လူကလေးတို့ မထင်နဲ့၊ သင်တို့ထက်လည်လို့ သင်တို့ရဲ့ အထက်အရာရှိလုပ်နေတာ၊ ဒီမှာကြည့်” ဟုဆိုကာ ဘယ်အချိန်က ဘယ်နားမှာထားသွားခဲ့မှန်းမသိသော အသံဖမ်းစက်ကလေးကိုဖွင့်၍ သူတို့လူစုပြောခဲ့သမျှကို ပြန်လည်၍ ဖွင့်ပြလေတော့သည်။ ဆားပုလင်းပိုးကောင်တို့လူစုလည်း လက်ပူးလက်ကြပ်မိနေသဖြင့် ဘာမှပြန်လည်ပြောဆို ခွင့်မရပဲ မင်းကြီးလူလိန်၏ ဆူပူကြိမ်းမောင်းမှုကို ဆက်လက်၍ ခံကြရလေတော့သည်။ မင်းကြီးလူလိန်က

“အားကြီးတရားကျဖို့ကောင်းတယ် ကျွန်ုပ်က မောင်မင်းတို့သွားရမယ့် အမှုအခင်းတစ်ခုကို သွားပြီး စုံစမ်းနေတဲ့အချိန်မှာ မောင်မင်းတို့က ကျွန်ုပ်အကြောင်းကို ပီပီပြင်ပြင်ထိုင်ပြောနေခဲ့ကြတယ်၊ မောင်မင်းတို့လို လက်အောက်ငယ်သားမျိုးနဲ့အတူ အလုပ်လုပ်ရတာဟာ ကျွန်ုပ်ခေါင်းကို မိုးကြိုးပစ်ချတာခံရသလိုပဲ၊ ဖားခရုပဲကွာ၊ အခုလည်း တာမွေဗလီမှာ အမှုအခင်းတစ်ခုပေါ်နေပြန်ပြီ၊ မောင်မင်းတို့ ဘာမှမသိကြဘူးမဟုတ်လား”

ထိုအခါ ရာဇ၀တ်အုပ်ဝိုင်က “အင်းလေ… မသိဆို မင်းကြီးကရုံးမှာ အင်တာနက်မှ တပ်မပေးထားတာ ကျွန်တော်မျိုးတို့က ဘယ်သိပါ့မလဲလို့” ဟု မရဲတရဲ ၀င်ရောက်ပြောဆိုလေသည်။ မင်းကြီးလူလိန်မှာလည်း နဂိုထက်ပို၍ ဒေါသအိုးပေါက်ကွဲသွားပြီး ထပ်မံအော်ဟစ်ကြိမ်းမောင်းလေတော့သည်။

“အိုးဂေါ့ဒ် မိုင်အဖ ဘုရားသခင် ကယ်တော်မူပါ၊ သင်တို့ စုံထောက်ရှော်တွေအားလုံးကိုတော့ ဖားခရုပဲကွာ၊ သင်တို့လို ဆိတ်သတ္တ၀ါတွေကို အင်တာနက်တပ်ပေးထားလို့ကတော့ ကျွန်ုပ်ရဲ့ CYG ကြီး ရှစ်စိတ် ကွဲဖို့ရှိသလို ကျွန်ုပ်လည်း အင်္ဂလန်ကို ဘင်သံတောင်မကြားရဘဲ ပြန်သွားရလိမ့်မယ် သိရဲ့လား၊ အခု တာမွေဗလီ နားမှာ အမှုတစ်ခုဖြစ်နေတယ်၊ ကုလားမလေး ဆမာဆူချွတ်ကရီးရဲ့ ဆာရီပျောက်သွားတယ်လို့ ကျွန်ုပ်ကို တိုင် ချက်လာဖွင့်သွားတယ်၊ အဲဒီအမှုကို လူကလေးတို့ အမြန်ဆုံးဖော်ထုတ်မပေးနိုင်ရင် သင်တို့အားလုံးကိုဖမ်းပြီး ထောင်ချပစ်မယ် ဒါပဲ ဂက်ဒေါက်” ဟူ၍ မျက်ထောင့်နီကြီးဖြင့် ကြိမ်းမောင်းလေတော့ရာ ဆားပုလင်းနှင်းမောင် ခေါင်းဆောင်၍ စုံထောက်ကျော်ကြီးများအားလုံး ထိုဆာရီပျောက်မှုကြီးကို အမြန်ဆုံးဖော်ထုတ်ရန်အတွက် တာမွေဗလီသို့ သုတ်သီးသုတ်ပျာ ထွက်ခွာသွားကြရလေတော့သည်။

တာမွေဗလီရှိ ကုလားမလေး ဆမာဆူချွတ်ကရီး၏ နေအိမ်သို့ရောက်သောအခါတွင်လည်း စုံထောက် ရှော်ကြီးများမှာ အမှုနှင့်မည်သို့မှ မသက်ဆိုင်သောအချင်းအရာများကိုသာ သူ့ထက်ငါဦးအောင် လုပ်ကိုင်ကုန်ကြ ခြင်းဖြင့် အမှုမှန်ပေါ်ပေါက်အောင် အားထုတ်ကြလေ၏။ အိုင်ပီပင်ဂွင်းက ဆမာဆူချွတ်ကရီး၏ အခန်းတွင်း၌ ရှုပ် ပွပြန့်ကျဲနေသော ထဘီပုံအောက်သို့ ခေါင်းထိုးကာ ဆာရီကိုအပူတပြင်းလိုက်လံရှာဖွေလေသည်။ ရာဇ၀တ်အုပ် ၀ိုင်ကမူ ဆာရီပျောက်သွားသောကြောင့် တရှုံ့ရှုံ့ငိုနေရှာသော ဆမာဆူချွတ်ကရီးအား ဆယ်တန်းဘယ်နှခုနှစ်က အောင်သလဲ၊ ဘယ်မင်းသားကိုကြိုက်သလဲ စသည်ဖြင့် အမှုနှင့်မည်သို့မျှမသက်ဆိုင်သော မေးခွန်းများကိုသာ တွင်တွင်မေး၍ သူ၏မှတ်တမ်းစာအုပ်ထဲသို့ အရည်မရအဖတ်မရအဖြေများကို ထည့်သွင်းရေးသား၍ အချိန်ကုန် စေလေသည်။

နောက်ထပ်တစ်နာရီခန့်ကြာသောအချိန်တွင်မှ ဆမာဆူချွတ်ကရီး၏ အစ်ကိုဖြစ်သော မိုဟာမက် ရန်ကနာဖြိုးနွယ်က ပျောက်ဆုံးသွားသည်ဟူသော ဆာရီကိုကိုင်ကာ ဒယီးဒယိုင်ဖြင့် သိုင်းကွက်နင်းကာ ပြန်လာ သည်ကို တွေ့ရှိလိုက်ကြရလေသည်။ ထိုအခါမှပင် ရန်ကနာဖြိုးနွယ်က အရက်သောက်စရာ ပိုက်ဆံမရှိ၍ ဆမာဆူချွတ်ကရီး၏ ဆာရီကို အပေါင်ဆိုင်တွင် တိတ်တိတ်လေးယူပေါင်ထားခြင်းဖြစ်ကြောင်း၊ ယနေ့မှ အရက်ပုလင်းအခွံများရောင်းရငွေဖြင့် ပေါင်ထားသော ဆာရီကို ပြန်ရွေးလာခြင်းဖြစ်ကြောင်း သိရှိကြရလေ၏။ အမှုတစ်ခုပြီးဆုံးသွားပြီဖြစ်၍ စုံထောက်ရှော်ကြီးများလည်း CYG သို့ ပြန်လည်ထွက်ခွာလာကြလေသည်။ ရုံးသို့ ရောက်သောအခါတွင်လည်း ပေါက်ကရလေးဆယ်ထိုင်ပြောနေရုံမှတပါး အခြားမရှိသဖြင့် ဆားပုလင်းပိုးကောင်၊ အိုင်အိုဒင်းလုလင်နှင့် အိုင်ပီပင်ဂွင်းတို့သုံးယောက်မှာ လက်ဖက်ရည်သောက်ရန်အလို့ငှာ ဦးညိုကြီးကာကာဆိုင် သို့ ထွက်ခွာလာကြလေ၏။

ဦးညိုကြီးကာကာဆိုင်တွင် လက်ဖက်ရည်သောက်ရင်းဖြင့် ၄င်းတို့သုံးယောက်မှာ တမြန်နေ့မနက်က ကြုံတွေ့ခဲ့ရသော ဆားပုလင်းပိုးကောင်နှင့် အိုင်အိုဒင်းလုလင်တို့၏ အရှက်ကွဲဖွယ်အဖြစ်ကို ပြန်လည်ပြောဆိုရင်း တရားခံမည်သူဖြစ်နိုင်သည်ဟု မှန်းဆနေမိကြလေ၏။ အိုင်ပီပင်ဂွင်းက ထိုသို့ဗိုက်တွင်စာလာရေးလောက်အောင် အစွမ်းထက်သူမှာ ရာဇ၀တ်မှုလောက၌ လက်ချိုးရေလို့ရအောင်ပင် ရှားပါးကြောင်း၊ သူ့အထင်ကတော့ ယခုကဲ့သို့ ပေါက်ပေါက်ရှာရှာလုပ်တတ်သူမှာ လူဆိုးကြီးမြိုင်ရာဇာမာဇေးပင်ဖြစ်မည်ဟုထင်ကြောင်း ပြောကြားလေ၏။ အိုင် အိုဒင်းလုလင်ကလည်း သူ့စိတ်ထဲတွင်ထင်မြင်မိသမျှသော သံသယရှိဖွယ်လူများစာရင်းကို တောင်စဉ်ရေမရ လျှောက်ပြောနေလေ၏။ ထိုသို့ပြောဆိုကြရင်းမှာပင် အသံကျယ်ကျယ်လောင်လောင်ဖြင့် အနည်းငယ်ဝသော လူ ကြီးတစ်ယောက် ကာကာဆိုင်ထဲသို့ဝင်လာကာ ဆားပုလင်းပိုးကောင်တို့ဝိုင်း၏ ဘေးချင်းကပ်ဝိုင်းတွင် ၀င်ထိုင်နေ လေသည်။ အိုင်ပီပင်ဂွင်းနှင့် အိုင်အိုဒင်းလုလင်တို့မှာမူ တရားခံဖြစ်နိုင်ခြေရှိသူများအကြောင်းကို စဉ်းစားနေရခြင်း ကြောင့် ထိုအချင်းအရာကို သတိမထားလိုက်မိချေ။ သို့သော်လည်း ဆားပုလင်းပိုးကောင်ကမူ ထိုလူကြီးက ကာ ကာဆိုင်စားပွဲထိုးအား စားစရာသောက်စရာမှာယူနေသည့်အချိန်ကတည်းက မျက်တောင်မခတ်တမ်း စိုက်ကြည့် နေလေ၏။ ခဏမျှကြာသောအခါတွင် အိုင်ပီပင်ဂွင်းနှင့် အိုင်အိုဒင်းလုလင်တို့က ဆားပုလင်းပိုးကောင်အား ယခု အမှုအတွက် သံသယဖြစ်ဖွယ်လူစာရင်းအား မိမိတို့နှစ်ယောက်တွေးတောမိပြီးဖြစ်၍ ထိုသူများအားဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးလိုက်သောအခါတွင် အမှုမှန်ပေါ်မည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သောကြောင့် ထိုသူများအား ယခုပင်သွားရောက်ဖမ်းဆီးကြရန်သင့်ကြောင်း ဆားပုလင်းပိုးကောင်အား ပြောဆိုလေသည်။ ဆားပုလင်း ပိုးကောင်က ဘာမှပြန်မပြောပဲ စီးကရက်ဘူးထဲမှ ရွှေဒူးယားတစ်လိပ်ကိုထုတ်၍ မီးညှိဖွာရှိုက်နေလေသည်။ ပြီးမှ “တရားခံက အဝေးကြီးသွားဖမ်းစရာမလိုဘူး အိုင်ပီရဲ့ ကျွန်တော်တို့နားမှာတင်ရှိတယ် အခုကျွန်တော်ဖမ်းပြမယ် ကြည့်နေ” ဟု ဆိုလိုက်လေတော့သည်။ ထို့နောက် သူတို့၏ဘေးတွင်ရှိသော ၀ိုင်းသို့ထသွားပြီး လက်ဖက်ရည် ထိုင်သောက်နေသောလူကြီးအား “ကဲ… ဟေ့လူ ခင်ဗျားကို ဆားပုလင်းပိုးကောင်နဲ့ အိုင်အိုဒင်းလုလင်တို့ရဲ့ အကျီင်္အ၀တ်အစားတွေကိုချွတ်ယူမှု၊ ဗိုက်မှာစာရေးသွားမှုတွေနဲ့ အခုပဲဖမ်းဆီးလိုက်ပါပြီ အသာတကြည်အဖမ်းခံ မယ်လို့မျှော်လင့်ပါတယ်” ဟု တရားခံဖမ်းမိသောကြောင့် ၀မ်းသာနေသော အသံဝါကြီးဖြင့် အော်ဟစ်ဖမ်းဆီးလေ တော့သည်။

မမျှော်လင့်ပဲ အဖမ်းခံလိုက်ရသဖြင့် ကြောက်လန့်နေသောလူကြီးမှာလည်း အထိတ်တလန့်ဖြင့် တရားခံ မှာသူမဟုတ်ကြောင်း၊ ဆားပုလင်းပိုးကောင်စွပ်စွဲသမျှအမှုများကိုလည်း သူမသိကြောင်း၊ ထို့အပြင် ဆားပုလင်း ပိုးကောင်ပြောသောအမှုများဖြစ်ခဲ့ချိန်၌လည်း သူသည်ဒီမှာမရှိကြောင်း၊ သူ၏ “အရိန္ဒမာသဘောင်္” ပေါ်မှ အလုပ် တာဝန်များပြီးဆုံးသွား၍ ယခုမှကမ်းပေါ်ပြန်တက်လာသော မာလိန်မှူးတစ်ဦးဖြစ်ကြောင်း၊ မယုံကြည်ပါက ဗိုလ် တစ်ထောင်ဆိပ်ကမ်းသို့ သွားရောက်၍ မာလိန်မှူးဇော်ဝင်းမြတ်ဟုမေးလျှင် အားလုံးသိကြောင်း အကြောက်အ ကန်ငြင်းဆန်သော်လည်း ဆားပုလင်းပိုးကောင်က သူ့အားလက်ထိပ်ခတ်၍ CYG ရုံးသို့ဖမ်းဆီးခေါ်ဆောင်သွား လေတော့သည်။

အထက်ပါအဖြစ်အပျက်များဖြစ်ပွားပြီး တစ်ပတ်ခန့်ကြာသောအခါတွင် ဆားပုလင်းပိုးကောင်နှင့် အိုင်အို ဒင်းလုလင်တို့အား ပုလိပ်မင်းကြီးလူလိန်မှ ဆင့်ခေါ်ကြောင်းသတင်းကြားသဖြင့် ဆားပုလင်းပိုးကောင်လည်း မာလိန်မှူးဇော်ဝင်းမြတ်အား ဖမ်းဆီးပေးနိုင်ခဲ့သောကြောင့် မင်းကြီးလူလိန်၏ ဂုဏ်ပြုချီးကျူးခြင်းကို ခံရဦးမည့် အရေးကိုတွေးကာ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် CNG ရုံးသို့ ထွက်ခွာလာခဲ့လေသည်။

CYG ရုံးသို့ရောက်သောအခါ ပုလိပ်မင်းကြီးလူလိန်၏ ရုံးခန်းအတွင်းသို့ ရင်ကော့ခေါင်းမော့ပြီး ၀င်ရောက်သွားလေ၏။ ထိုအခါကျမှပင် ပုလိပ်မင်းကြီးလူလိန်က အိုင်အိုဒင်းလုလင်အပါအ၀င် အခြားစုံထောက် များကို ဒေါသတကြီး ဆူပူကြိမ်းမောင်းနေကြောင်းကို အထင်နှင့်အမြင်တက်တက်စင်အောင် တွေ့မြင်လိုက်ရလေ ၏။ သူဝင်သွားသည်ကို မြင်သောအခါ ပုလိပ်မင်းကြီးလူလိန်က

“အိုး … လူကလေးပိုးကောင်… သိပ်သိပ်ကိုတော်တဲ့ ဆားပုလင်းပိုးကောင် မောင်မင်းရောက်လာပြီလား” ဟု ဆီး၍မေးမြန်းလေတော့သည်။ ဆားပုလင်းပိုးကောင်လည်း

“ဟုတ်ပါတယ်မင်းကြီး ကျုပ်ရောက်ရှိလာပါပြီ၊ မာလိန်မှူးဇော်ဝင်းမြတ်ကို ဖမ်းဆီးပေးနိုင်ခဲ့တဲ့ ကျွန်ုပ်နဲ့ အိုင်အိုဒင်းလုလင်ကို ဂုဏ်ပြုပွဲလုပ်ပေးဦးမယ်ထင်တယ် ဟုတ်လား” ဟု မေးမြန်းလိုက်လေ၏။ ထိုအခါ ပုလိပ် မင်းကြီးလူလိန်က နားလည်ရခက်သောရယ်ပုံမျိုးဖြင့် ကျယ်လောင်စွာရယ်မောလိုက်ပြီး

“ဟုတ်ပ မောင်မင်းနဲ့ လူကလေးလုလင်ကို ကျွန်ုပ်ဂုဏ်ပြုရပေမပေါ့၊ ဒါပေမယ့် ဒီမှာတော့မဟုတ်ဘူး၊ ကဒုံကနိမှာ ဂုဏ်ပြုမှာ” ဟု ပြောကြားလေသည်။ ဆားပုလင်းပိုးကောင်လည်း အံ့သြသွားပြီး…

“ဟင်… ကဒုံကနိမှာ… ဟုတ်လား… ဘာဖြစ်လို့လဲ” ဟုပြန်လည်မေးမြန်းလေ၏။ မင်းကြီးလူလိန်က အလွန်တရာ ဒေါသထွက်နေသောအသံဖြင့်

“ဟုတ်တယ် ကဒုံကနိမှာ ဂုဏ်ပြုမှာ၊ ဘာအပြစ်မှမရှိတဲ့ တရားခံကို စားနေသောက်နေတုန်း ခက်ခက်ခဲခဲကြီးဖမ်းဆီးလာနိုင်ခဲ့တဲ့ မောင်မင်းနဲ့ အိုင်အိုဒင်းလုလင်ကို ကဒုံကနိဂတ်ကို ရွှေ့ခိုင်းတဲ့ ဂုဏ်ပြုပုံမျိုးနဲ့ ဂုဏ်ပြုမှာ”

ထိုအခါ ဆားပုလင်းပိုးကောင်က အံ့သြတကြီးဖြင့် “မင်းကြီးနော်… လွန်..လွန်မယ်နော်… ကျုပ်ဖမ်းလာ တဲ့တရားခံက အမှန်ပဲဟာကို… မယုံရင်သူ့မေးကြည့်ပါလား” ဟူ၍ အကြောက်အကန် အထွန့်တက်ပြောဆိုလေ သည်။ မင်းကြီးလူလိန်က သရော်တော်တော်လေသံဖြင့်

“ရဒယ်မောင်မင်း ရဒယ်… သူု့ကိုမမေးခင် မောင်မင်းပိုးကောင်ကိုပဲ ကျုပ်အရင်မေးပါ့မယ် ဘယ်လိုအချက်အလက်တွေနဲ့ မာလိန်မှူးကြီးကို လူကလေးဖမ်းဆီးလာခဲ့သလဲဆိုတာ အရင်ပြောပါလေ”

ဆားပုလင်းပိုးကောင်လည်း သူ၏မာနကိုထိခိုက်သွားသဖြင့် ကက်ကက်လန်သောအသံဖြင့်

“ဒီမယ် မင်းကြီး ကျှုပ်ကမှားပြီးဖမ်းစရာ အကြောင်းမရှိဘူး၊ ဒီလူကြီးက ကာကာဆိုင်ထဲဝင်လာကတည်း က အော်ကြီးဟစ်ကျယ်နဲ့ ဗိုက်စာ၊ ဗိုက်စာ ဆိုတဲ့အကြောင်းပြောပြီးဝင်လာတာ၊ သူဆိုလိုချင်တာက ကျုပ်နဲ့ အိုင်အိုဒင်းလုလင်ရဲ့ ဗိုက်မှာသူစာရေးသွားတယ်ဆိုတဲ့အကြောင်းပဲ၊ သူကံဆိုးသွားတာက ဆိုင်ထဲမှာ ကျုပ်နဲ့ အိုင်အိုဒင်းလုလင်တို့ ဆိုင်ထဲမှာရှိတယ်ဆိုတာကို မသိလိုက်တဲ့အချက်ပဲလေ၊ ဒါ့ကြောင့် သူ့ကိုကျုပ်ဖမ်းလာနိုင်ခဲ့ တာပေါ့ မင်းကြီးရ၊ မဟုတ်ဘူးလား အိုင်အိုဒင်းလုလင်ရယ်…. နော်” ဟူ၍ သူတရားခံဖမ်းခဲ့သည့် ကွင်းဆက်ကို မင်းကြီးအားပြောပြရင်း အိုင်အိုဒင်းလုလင်ကိုပါ လှမ်း၍အဖော်ညှိလိုက်လေသည်။ ထိုအခါ အိုင်အိုဒင်းလုလင်က အသံတုန်တုန်ဖြင့်

“အင်း… အဲဒီနေ့ကတော့ ဟုတ်တယ် အိုင်ဆေးကိုပိုးကောင်ရဲ့၊ ဒီနေ့တော့ မဟုတ်တော့ဘူးဗျာ” ဟူ၍ အားငယ်စွာပြန်ပြောလေသည်။ မင်းကြီးလူလိန်က ဆက်၍

“ကဲ.. မောင်မင်းပိုးကောင်ဖမ်းလာခဲ့တဲ့ မာလိန်မှူးကြီးကိုခေါ်ပြီး မေးပြမယ် သေချာနားထောင်ထား” ဟု ဆိုကာ မာလိန်မှူးကြီးဇော်ဝင်းမြတ်အား ခေါ်လိုက်လေသည်။ မာလိန်မှူးဇော်ဝင်းမြတ်လည်း အပြင်သို့ရောက်လာ သည်နှင့် ဆားပုလင်းပိုးကောင်နှင့် အိုင်အိုဒင်းလုလင်အား နှစ်ပြားမတန်အောင် ပယ်ပယ်နယ်နယ်ကျိန်ဆဲရွတ်ဆို လေတော့သည်။ မင်းကြီးလူလိန်က မာလိန်မှူးဇော်ဝင်းမြတ်အား

“ကဲ.. မောင်မင်းကို သူတို့ဘယ်လိုဖမ်းလာကြတယ်ဆိုတာ ပြန်ပြောပါဦး” ဟူ၍ အားပေးအားမြှောက်ပြု လေသည်။ မာလိန်မှူးကြီးက ဆားပုလင်းပိုးကောင်တို့နှစ်ယောက်အား မျက်စောင်းတချက်ထိုးလိုက်ပြီး

“ကျွန်တော် အဲဒီနေ့က သင်္ဘောပေါ်မှာအလုပ်ပြီးလို့ ကမ်းပေါ်ပြန်တက်လာပါတယ်၊ မနက်ကတည်းက ဘာမှလည်း မစားရသေးလို့ ဗိုက်ဆာတာနဲ့ ဦးညိုကြီးကာကာဆိုင်ထဲမှာ တစ်ခုခုစားဖို့အတွက် ၀င်လာခဲ့ပါတယ်၊ အထဲရောက်တော့ ဗိုက်ဆာလွန်းလို့ဆိုပြီး စားပွဲထိုးလေးတွေကို စားစရာတွေအမြန်ယူလာဖို့မှာပြီး ဗိုက်ဆာတယ်၊ ဗိုက်ဆာတယ်လို့ အော်ဟစ်နေခဲ့ပါတယ်၊ အဲဒါကို ဒီစုံထောက်အစုတ်ပလုပ်နှစ်ကောင်က သေချာမစုံစမ်းပဲနဲ့ တရားခံဆိုပြီးဖမ်းကြတာပါ မင်းကြီးခင်ဗျား” ဟု ပြောဆိုတော့မှပင် ဆားပုလင်းပိုးကောင်လည်း ဗိုက်ဆာတယ် ဟူသောအသံကို “သူ၏ဗိုက်တွင်စာရေးသွားသူ” ဟုအမှတ်မှားပြီးဖမ်းမိခြင်းအကြောင်း သိမြင်သွားလေတော့၏။

ထိုအခါမှပင် ဆားပုလင်းပိုးကောင်လည်း ယခင်ကသူဖမ်းဆီးပေးခဲ့ဖူးသော အမှုများနှင့် အိုင်အိုဒင်း လုလင်ဖော်ထုတ်ပေးခဲ့သောအမှုများအား ငဲ့ညှာသောအားဖြင့် သူတို့နှစ်ယောက်အား ကဒုံကနိဂတ်သို့မပို့ဘဲ တစ်ကြိမ်တစ်ခါခွင့်လွှတ်ပေးပါရန် ခြေသလုံးဖက်မတတ် တောင်းပန်လေသည်။ ထိုစကားကြားသောအခါတွင် မင်းကြီးလူလိန်မှာ ပို၍ပင်ဒေါကန်သွားသောအမူအယာဖြင့် ဒေါသတကြီး အော်ဟစ်လေတော့၏။

“ဘာ… မောင်မင်းတို့ ဖမ်းပေးခဲ့တဲ့အမှုတွေကို ငဲ့ညှာသောအားဖြင့်… ဟုတ်လား၊ အရင်က မောင်မင်းတို့ ဖမ်းခဲ့တယ်ဆိုတဲ့အမှုတွေကလည်း သောက်တလွဲတွေချည်းပဲ၊ ကျွန်ုပ်က သင်တို့နှစ်ယောက်အကြောင်းကို ကောင်းကောင်းသိလို့ သင်တို့စုံထောက်နှစ်ယောက်ကို ပြန်ပြီးစုံထောက်ဖို့အတွက် လူငှားပြီးနောက်ယောင်ခံ လိုက်ခိုင်းခဲ့တာကြာပြီ၊ အဲဒီလူကလည်း နယ်နယ်ရရမဟုတ်ဘူး၊ စာရေးဆရာကြီး ဆာရိုက်ဒါဟတ်စ်ဂတ်ရဲ့ ၀တ္ထုဇာတ်ကောင်ဖြစ်တဲ့ မုဆိုးကျော်ကြီးအလန်ကွာတာမိန်းရဲ့ ဆရာအရင်းကို တောင်းတောင်းပန်ပန်ခေါ်ပြီး မောင်မင်းတို့နှစ်ယောက်နောက်ကနေ ရှဲဒိုးလုပ်ခိုင်းထားရတယ်ဆိုတာ မောင်မင်းတို့နားလည်ကြစမ်းပါ၊ ကဲ.. အလန်ကွာတာမိန်းရဲ့ ဆရာအရင်းကြီးရယ်… စုံထောက်ရှော်နှစ်ယောက်ကို နည်းနည်းပညာပေးလိုက်ပါဦး” ဟူ၍ ဖိတ်ခေါ်လိုက်လေတော့၏။

ထိုအခါကျမှပင် ပုလိပ်မင်းကြီးလူလိန်၏ နောက်ခန်းကန့်လန့်ကာနောက်မှ အလွန်တရာခန့်ညားလှပ သေသပ်ချောမော၍ ကျက်သရေမင်္ဂလာအပေါင်းနှင့်သာမက စိန်ခြူးကြာညောင်အပေါင်းနှင့်ပါ ပြည့်စုံသည့် ရုပ်ဆင်းအင်္ဂါကိုပိုင်ဆိုင်သော အနောက်တိုင်းဝတ်စုံကို သေသပ်ကျနစွာ ၀တ်ဆင်ထားသည့် လူရွယ်တစ်ဦး ထွက် လာလေသည်။ ထိုလူရွယ်၏ သေသပ်ခန့်ညားသော ပုံပန်းသဏ္ဍာန်ကို မြင်ရသည့်အခိုက်တွင် ဆားပုလင်း ပိုးကောင်အပါအ၀င် ရှိသမျှစုံထောက်ကျော်ကြီးများအားလုံး အသက်ရှူရန်မေ့လျော့နေကြသည့်အလား ရင်သပ် ရှုမောဝိုင်းဝန်းကြည့်ကြလေ၏။ ထို့နောက်တွင်မှ ဆားပုလင်းပိုးကောင်က တစ်စုံတစ်ရာကို မှတ်မိသွားသည့် အလား အလန့်တကြားထ၍ အော်ဟစ်လေတော့သည်။

`ဟင်…. ၀ါတာပြာပြာ.. အဲလေ.. ပြာဝါတာတာ.. အာ.. မဟုတ်သေးပါဘူး.. ပြာတာဝါ၀ါ…´

ဆားပုလင်းပိုးကောင်က ထိုသို့ထအော်သည့်အချိန်ကျမှပင် ကျန်စုံထောက်များလည်း အဖြစ်မှန်ကို ရိပ်မိ သိရှိကာ ၄င်းလူငယ်မှာ သူတို့ရုံးတွင် လက်တိုလက်တောင်းခိုင်းသော ပြာတာဝါ၀ါဖြစ်နေကြောင်းသိရှိကြရလေ၏။ ဆားပုလင်းပိုးကောင်လည်း လျှင်မြန်စွာဖြစ်ပျက်သွားသော အဖြစ်အပျက်များကို လိုက်၍မမှီနိုင်တော့သကဲ့သို့ ခေါင်းကိုတဗျင်းဗျင်းကုတ်၍ `ကယ်ကြပါဦးဗျာ… တစ်သက်လုံး ဟောက်စားလုပ်ချင်တိုင်းလုပ်လာခဲ့တဲ့ ပြာတာ ၀ါဝါက ဘယ်လိုဖြစ်ပြီး အလန်ကွာတာမိန်းရဲ့ ဆရာအရင်းကြီးဖြစ်နေရတာတုန်း မင်းကြီးလူလိန်ရယ်´ ဟူ၍ ပုလိပ်မင်းကြီးလူလိန်အား မေးလေတော့သည်။ မင်းကြီးလူလိန်က မိန့်မိန့်ကြီးပြုံးလိုက်ပြီး

`ဟုတ်ပ.. လူလေးတိှု့အထင်မကြီးခဲ့တဲ့ အဲဒီပြာတာဝါ၀ါဆိုတာ တကယ်တော့ မုဆိုးကျော်ကြီး အလန်ကွာတာမိန်းရဲ့ ဆရာအရင်း အလန်ဝါတာမိန်း (ခေါ်) အလန်ကွာတာဝါ၀ါပဲ မောင်မင်းတို့ စုံထောက်ရှော် ကြီးတွေရဲ့ ညံ့ကွက်၊ ချာကွက်တွေကို စုံစမ်းထောက်လှမ်းဖို့အတွက် ကျုပ်ကိုယ်တိုင် တောင်းတောင်းပန်ပန် ခေါ်ထားရတာပဲ ကိုင်း… ရှင်းကြပြီလား မောင်မင်းတို့´ ဟူ၍ ရှင်းလင်းပြောဆိုပြလေတော့သည်။ ထို့နောက် မင်းကြီးလူလိန်က အလန်ကွာတာဝါ၀ါအား ဖြစ်ပုံပျက်ပုံအလုံးစုံကို ပြောဆိုရှင်းပြခြင်းအားဖြင့် သနားစရာ စုံထောက်ရှော်ကြီးများအား ပညာအနည်းငယ်မျှပေးပါရန် တောင်းပန်စကားပြောကြားလေသည်။

အလန်ကွာတာဝါ၀ါလည်း ဆားပုလင်းလူစုကို သရော်တော်တော်အပြုံးဖြင့်တစ်ချက်မျှ ကြည့်လိုက်ပြီး ကျားပျံမကောက်ဆေးပြင်းလိပ်ကြီးကို ရှူးခနဲ မီးညှိ၍ အားရပါးရဖွာရှိုက်နေလေသည်။ ထို့နောက်မှ အလွန်တရာ ပီသကြည်မြ၍ သာယာနာပျော်ဖွယ်ကောင်းသော သြဇာပါသည့်အသံဖြင့်

`ပထမဆုံးစပြောရရင်တော့ ဆားပုလင်းပိုးကောင်တို့တွေ ဗိုက်စာအမှုနဲ့ လျှောက်ဖမ်းထားတဲ့ မာလိန်မှူး ဇော်ဝင်းမြတ်ကို ပြန်လွှတ်ပေးရမှာပဲ၊ တကယ်တော့ အဲဒီစာကို ဆားပုလင်းပိုးကောင်တို့ ဗိုက်တွေပေါ်မှာ လာရေး ခဲ့တဲ့သူဟာ ကျုပ်ပဲ၊ ဘာလို့လာရေးခဲ့သလဲဆိုတော့ ဆားပုလင်းပိုးကောင်နဲ့ အိုင်အိုဒင်းလုလင်တို့ရဲ့ အစွမ်းဘယ် လောက်ရှိသလဲဆိုတာသိချင်လို့ရယ်၊ ကျုပ်ရဲ့အစွမ်းအစကို နမူနာပြချင်တာကြောင့်ရယ်ကြောင့် လာရေးခဲ့တာပဲ ဖြစ်တယ်၊ ခုတော့ ကျုပ်ရှင်းရှင်းလင်းလင်းကြီးကို သိသွားပြီလေ၊ စုံထောက်ရှော်ကြီးနှစ်ယောက်ဟာ အမှုလိုက်ရာ မှာသိပ်ကိုတော်ကြပါတယ်။ သေးတဲ့အမှုကိုကြီးအောင်၊ ကြီးတဲ့အမှုကို သောက်ကျိုးနည်းအောင်၊ သောက်ကျိုး နည်းအမှုကိုကျတော့ မိုးမီးလောင်အောင် `ဖွ´တဲ့နေရာမှာတော့ တကယ့်ကိုပြိုင်စံရှားပဲဆိုတာ သိလိုက်ရတယ်၊ အင်း… သူများတွေရဲ့အမှုအခင်းကို လိုက်ဖို့မပြောနှဲ့ သူတှို့အ၀တ်အစားတွေ ချွတ်ယူပြီး ဗိုက်မှာစိမ်ပြေနပြေ စာရေးသွားတာတောင် ဘယ်သူမှန်းမသိတဲ့ စုံထောက်တွေကြောင့် CYG ဟာ မကြာခင်ကာလမှာ ခွေးလျက်တဲ့ ထန်းလျက်ခဲလိုပဲ လုံးပါးပါးတော့မှာပဲ´ ဟူ၍ လှောင်ပြောင်သံစွက်သော စကားလုံးများဖြင့် ဆားပုလင်းပိုးကောင် နှင့် အိုင်အိုဒင်းလုလင်တို့ကို နှိပ်ကွပ်လေတော့သည်။

ပုလိပ်မင်းကြီးလူလိန်ကလည်း ခေါင်းခါလည်ခါဖြင့် `အင်း .. ဖားခရုပဲကွာ၊ မောင်မင်းတို့လုပ်ရပ်ကြောင့် CYG ကြီးလုံးပါးမပါးခင် ကျွန်ုပ်ရဲ့ခေါင်းကဆံပင်တွေ အရင်ပါးကုန်လိမ့်မယ်၊ မဖြစ်ဘူး… လူကလေးတို့ လုပ်ရပ် တွေကြောင့် အင်္ဂလန်ကို ဘင်သံနဲ့ကျွန်ုပ်မပြန်ရခင် လူကလေးပိုးကောင်နဲ့ အိုင်အိုဒင်းလုလင်တို့ကို ရာထူးထပ်ချ ပြီး ကဒုံကနိဂါတ်ကို ပြောင်းရွှေ့မိန့်ချလှိုက်တော့မယ်၊ နောက်နေ့ကစပြီး လူကလေးတို့နှစ်ယောက် ဂတ်ဒေါက်ပဲ ၊ ကဒုံကနိဂါတ်ကို ပြောင်းဖို့ အထုပ်ပြင်ထားကြပေတော့´ ဟူ၍ တစ်ချက်လွှတ်ရာဇသံပေးလေတော့သည်။

နောက်တစ်နေ့မြန်မာနိုင်ငံထုတ်သတင်းစာတစ်စောင်ဖြစ်သော ခနော်နီခနော်နဲ့ သတင်းစာခေါင်းကြီးပိုင်း တွင် ဆားပုလင်းပိုးကောင်နှင့် အိုင်အိုဒင်းလုလင်တို့နှစ်ဦး၏ ဗိုက်တွင် သူရသတ္တိကောင်းစွာဖြင့် စာရေးသားခဲ့သော အလန်ကွာတာမိန်း၏ ဆရာအရင်းဖြစ်သူ အလန်ဝါတာမိန်း (ခေါ်) အလန်ကွာတာဝါ၀ါ၏ စွမ်းဆောင်ချက်များအကြောင်းကို ဝေေ၀ဆာဆာဖော်ပြကြသလို၊ စုံထောက်ရှော်ကြီှးနှစ်ဦးအား ပုလိပ်မင်းကြီး လူလိန်က ကဒုံကနိဂါတ်သို့ ပြောင်းရွှေ့လိုက်ပြီး ရှေ့လျောက်အမှုများကို ဖော်ထုတ်ရန်အတွက် အလွန်တရာ အရည်အချင်းရှိသော အလန်ကွာတာဝါ၀ါအား တာဝန်လွှဲပြောင်းပေးအပ်ကြောင်း သတင်းများကို ဝေဆာစွာ ဖော်ပြထားသည်ကို နိုင်ငံအ၀ှမ်းရှိပြည်သူများ ဖတ်ရှုကြရလေတော့သတည်း။

အလဲအထပ်အချို့ သွားလာလျှက်ရှိကြသည်

0 Comments
အိပ်ယာကနိုးတော့ မနက်ဆယ်နာရီထိုးနေပြီ။ မနေ့ညက အမေ့ရောဂါပြန်ထလာသောကြောင့် ပြုစုနေရတာနဲ့ အိပ်ယာဝင်နောက်ကျခဲ့ခြင်းဖြစ်သည်။ အိပ်ယာကို ကမန်းကတမ်းသိမ်းပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။ အမေ သက် သာရဲ့လားမသိ။ သွားကြည့်ရဦးမည်။ ပြီးရင် အမေ့ကိုဆေးတိုက်ပြီး စိတ်မချနိုင်စွာ ထားခဲ့ကာ အလုပ်ရှိရာသွားရဦးမည်ဖြစ် ၏။ ပြောမည့်သာပြောရသည်။ အခုတလော အလုပ်ကမရှိတစ်ရက်၊ ရှိတစ်ရက်။ အလုပ်မရှိသည့်နေ့ဆို ပိုက်ဆံကတစ်ပြား မှမရ။ သူ့အတွက် အဆင်မပြေပုံများ တစ်နေ့လုပ်တစ်နေ့စားဖို့မပြောနဲ့…. တစ်နေ့စားဖို့တောင် တစ်နေ့အလုပ်ကို လိုက်ရှာ ရသလိုဖြစ်နေသည်။ အမေ့ကိုဆေးတိုက်ဖို့ စရိတ်ပါဆိုလျှင် ပြီးပါလေရော။ အမေ့ရောဂါကလည်း အရင်ကထက်ပိုဆိုးလာ သည်။ နေ့တိုင်း အိပ်ယာထဲက ထရသည်ကိုမရှိ။ တစ်ခါတစ်လေတော့လည်း သူလောကကြီးကို စိတ်ကုန်လာမိ၏။ ။ ချမ်း သာသည့်သူများက ပိုပိုချမ်းသာလာပြီး သူတို့ဆင်းရဲသူများကလည်း ဆင်းရဲတွင်းပိုနက်လာသည်။ ဆက်တွေးနေလည်း စိတ်ညစ်စရာတွေပဲ ထပ်ပေါ်လာဦးမည်မို့ အတွေးစကိုဖြတ်ပြီး မျက်နှာသစ်ရန် ဆင်းလာခဲ့သည်။

အမေလှဲနေရာနားရောက်တော့ အမေ့ပုံကြည့်ရတာ မောဟိုက်နေသလိုပင်။ တကယ်တော့ အမေ့ကိုဒီအရွယ်မှာ ဘုရားတရားအတွေးနှင့်ပင် အေးအေးချမ်းချမ်းနေစေချင်လှပါသည်။ အခုတော့ ပိုမိုထူပြောလာသည့် ရောဂါဘယတွေကြား မှာ…… အိပ်ယာပေါ်လှဲနေရင်းကပင် မောဟိုက်ပန်းလျနေရှာသောအမေ….။ ဒီပုံစံအတိုင်းဆို အမေရယ်… ဘ၀ကူးသွားရင် တောင် ဖြောင့်ဖြောင့်တန်းတန်းရှိနိုင်ပါ့မလား…. မတွေးချင်သော်လည်း တွေးလိုက်မိပါသည်။ သူအမေ့နားထိုင်ချလိုက်ပြီး အမေ့နဖူးကို အသာစမ်းကြည့်လိုက်သည်။ ဖျားနေတာမဟုတ်၍ နဖူးကိုစမ်းလည်း အမေသက်သာ မသက်သာကို မသိနိုင် ပါ။ သို့သော် အမေ့အပေါ်ထားသော သားတစ်ယောက်၏ မေတ္တာနှင့် ပူပန်မှုတွေတော့ အမေ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားမည် ထင်ပါသည်။ ခပ်ဖွဖွမေးလိုက်မိ၏။

“အမေ….. နေရတာသက်သာရဲ့လားဟင်”

အမေကတော့ စိတ်ပူနေမှာစိုး၍ထင့်။ ခေါင်းကိုအသာအယာ ငြိမ့်ပြရှာ၏။ သို့သော် သူသိပါသည်။ အမေ ခါတိုင်း ထက်ပို၍ မောနေဟန်ရှိ၏။

“အမေ…. သား အလုပ်ရှိမရှိ သွားမေးလိုက်ဦးမယ်နော်….. အမြန်ပြန်လာခဲ့မယ်သိလား…. ဘေးအိမ်က မငွေကို အမေ့ကိုလာလာကြည့်ပေးဖို့ မှာထားခဲ့မယ် အမေ”

ခါတိုင်းဝတ်နေကျ ရှပ်အကျီ င်္နှင့် ပုဆိုးအနွမ်းလေးကိုသာဝတ်ပြီး သူအိမ်ပေါ်ကဆင်းလာခဲ့သည်။ ဘေးအိမ်က မငွေကို အမေ့အားသွားသွားကြည့်ပေးဖို့ မှာခဲ့ပြီး ကိုသိန်းဟန်တို့အိမ်ရှိရာသို့ ထွက်လာခဲ့သည်။ တစ်ဆက်တည်း သတိရ သည်က အမေသောက်ဖို့ ဆေးကုန်နေခြင်းဖြစ်၏။ ဒီနေ့အလုပ်လုပ်ရရင်တော့ အမေ့အတွက် ဆေးဝယ်ရဦးမည်။



(၂)

“ကောင်လေး…. အလုပ်မရှိပြန်ဘူးကွ…. ဟိုတလောက လာအပ်တဲ့အိမ်ကလည်း ရက်ရွှေ့သွားတယ်… ပြန်ပေဦး ကွာ”

အိမ်ထဲပင်မ၀င်ရသေး။ အိမ်ပေါ်ကနေ လှမ်းပြောသော ကိုသိန်းဟန်စကားအဆုံးမှာ သူအတော်မောသွားရသည်။ ဒီနေ့တော့ ဒုက္ခပင်လယ်ဝေဦးမည်ထင်၏။ အိမ်ကအခြေအနေကို တစ်ချက်လှမ်းတွေးလိုက်မိသည်။ မနေ့ညက ဆန်နှစ်လုံး ကျန်သေးသည်။ အမေကထမင်းစား၍မရသောကြောင့် ဆန်ပြုတ်ပြုတ်တိုက်ရမည်။ သို့သော် ဆန်နှစ်လုံးတည်းနှင့်တော့ ဆန်ပြုတ်တစ်ဝက်၊ ထမင်းတစ်ဝက်ချက်မနေချင်တော့။ အမေ့အတွက်ပဲ ဆန်ပြုတ်ပြုတ်လိုက်ပြီး အမေပိုတာကိုသာ သူ သောက်လိုက်တော့မည်။ ဒါဆို နေ့လည်စာတော့ဖူလုံပြီ။ ညနေအတွက် သူမတွေးချင်သေးပါ။ ဖြစ်မလာသေးသော ညစာ အတွက် သူကြိုတင်ပြီးရင်မမောချင်၍ပင်။ သို့သော် ဖျတ်ခနဲသတိရလိုက်သည်က အမေ့ဆေးဖိုး…။ ဟုတ်သည်… အမေ့ကို ဒီနေ့ဆေးဝယ်တိုက်ချင်လှ၏။ အမေဆေးသောက်ဖို့…. အမေဆေးသောက်ဖို့…… သူ့ခေါင်းက ချက်ခြင်းအလုပ်များသွား၏။ ကိုသိန်းဟန်ကို တစ်ခုခုလှမ်းပြောဖို့ ပါးစပ်ပြင်လိုက်သည်။ သို့သော်….

“တစ်မျိုးမထင်ပါနဲ့ကွာ ပိုက်ဆံလုံးဝမရှိဘူးကွ ငါ့မိန်းမလည်း အကြွေးတွေသွားဆပ်လိုက်တာ ငါတို့မှာ နှစ်ရက်စာ ဈေးဖိုးပဲရှိတော့တာ ကောင်လေးရ”

သူပင်မပြောလိုက်ရ။ ကိုသိန်းဟန်က သူ့ဟန်ပန်မူယာကိုကြည့်တတ်၊ ဖတ်တတ်သွားပြီး သူ့ထက်အရင်ပြောချ တော့သည်။ သူပြောဖို့ကြံစည်ထားသည့် စီကာပတ်ကုံး အသနားခံစကားတွေအစား လေပူတစ်ချက်ကိုသာ “ဟူး”ခနဲ မှုတ် ထုတ်လိုက်ရ၏။ အိမ်ရောက်မှပင် အေးအေးဆေးဆေးစဉ်းစားတော့မည်။ အခုလောလောဆယ် အိမ်ခဏပြန်ပြီး နေ့လည် အတွက် သွားစီစဉ်တာကောင်းမည်ထင်သည်။ အလာတုန်းကလိုပင် လေးလေးကန်ကန်ခြေလှမ်းများနှင့် ပြန်လာခဲ့၏။



(၃)

ဆန်ပြုတ်ပြုတ်နေရင်းမှပင် အမေ့အတွက်ဆေးဝယ်ဖို့က ခေါင်းထဲရောက်လာလေသည်။ သူဘယ်လိုမှ ဆက်မနေ နိုင်တော့။ အမေရှိရာ အိမ်ရှေ့ခန်းသို့ ခဏထွက်လာမိသည်။ ထင်သည့်အတိုင်းပင်ဖြစ်၏။ အမေ အမောဖောက်သလိုဖြစ် နေပြန်ပြီ။ အမေ့နားထိုင်ပြီး သူတတ်သလောက်၊ မှတ်သလောက်ပြုစုကြည့်သည်။ မရ……။ သူပြုစုနေရင်းမှပင် အမေ့ပုံစံက ပိုဆိုးလာသည်။ သူ ခေါင်းတွေပူထူသွား၏။ အခုနေ ဆေးဝယ်တိုက်နိုင်ရင် အမေသက်သာသွားမည်။ သူ ဒါကိုတော့အသေ အချာသိ၏။ သို့သော်… သို့သော်… ဆေးဖိုးက နှစ်ထောင်လောက်ပေးရမည်။ ဘာလုပ်ရမလဲ….. ဒီပိုက်ဆံကို ဘယ်သူ့ဆီ က ခဏရနိုင်မလဲ……။ လုံးဝစဉ်းစား၍မရ။ စိတ်ရှုပ်ထွေးစွာ ခေါင်းကိုဘယ်ပြန်ညာပြန်ခါပစ်လိုက်သည်။ ခါရမ်းသွားသော ခေါင်းက ဘုရားစင်အောက်ရှိ စာအုပ်စင်အရောက်တွင် ရပ်တန့်သွားမိ၏။ စာအုပ်တွေ……..။ ဒီစာအုပ်တွေက အဖေ့လက် ထက်ကတည်းက စုထားသောစာအုပ်တွေဖြစ်သည်။ အဖေ မက်မက်မောမောစုဆောင်းထားခဲ့သော စာအုပ်တွေဖြစ်သလို သူကလည်း အဖေ့သားပီသစွာ ထိုစာအုပ်တွေကို ဖတ်လည်းဖတ်၊ သေချာလည်းထိန်းသိမ်းထားခဲ့သည်။ စာဖတ်ခြင်းကို အလုပ်တစ်ခုလို လုပ်တတ်သူတို့အတွက် စာအုပ်ဆိုသည်မှာ အဖိုးမဖြတ်နိုင်သော ရတနာတစ်မျိုးလိုပင်ဖြစ်ကြောင်း အဖေ မဆုံးခင်က ခဏခဏပြောပြခဲ့ဖူးသည်။ ဘယ်လိုမှမတတ်သာ၍ ပထမနှစ်မှာပင် ကျောင်းထွက်ခဲ့ရသော်လည်း စာအုပ်များ ကိုတော့ သူအလွန်ပင် မြတ်နိုးပါသည်။

ယခု သူ့အကြည့်က ထိုစာအုပ်တွေဆီရောက်နေပြီ။ အမေ့အတွက်ဝယ်ရမည့် ဆေးတွေကိုတလှည့်၊ ထိုစာအုပ် များကိုတလှည့် စိတ်ထဲမှာမြင်နေမိသည်။ ထိုစာအုပ်တွေကို သွားရောင်းရင်……… အို… မဖြစ်သေးပါဘူး။ စာအုပ်တွေက များသလောက်လည်း ယခုခေတ်မှာ ရှားပါးစာရင်းဝင်များဖြစ်နေပြီ။ ရွှေဥဒေါင်းဝတ္ထုများ၊ ဘာသာပြန်စာအုပ်များ၊ တရားစာ အုပ်များမှစ၍ သချာင်္ဥာဏ်စမ်းစာအုပ်၊ အပျော်ဖတ်ဝတ္ထုများ၊ မဂ္ဂဇင်းအဟောင်းများအလယ် ကလေးဖတ်ကာတွန်းစာအုပ် အဆုံး အတော်စုံစုံလင်လင်ဖြစ်သည်။ ထိုစာအုပ်များကို သူကမကြံကောင်းမစည်ရာ စက္ကူဈေးနှင့်သွားရောင်းဖို့ စဉ်းစားမိ ခြင်းဖြစ်၏။ သူမရောင်းရက်ပါ….. ရောင်းမည်ထားဦး။ စက္ကူဈေးနှင့် အမှိုက်စတွေလို သွားရောင်းပစ်မည့်အစား သူ့လိုပင် စာအုပ်ချစ်သူများ ၀ယ်၍ရအောင် စာအုပ်အဟောင်းတန်းတစ်ခုခင်းပြီးရောင်းရင်တောင် ပိုလည်းအကျိုးရှိမည်၊ ပိုက်ဆံ လည်းပိုရနိုင်မည်။ သို့သော်…. အဲဒါက အခုလက်ငင်းဖြစ်နိုင်သည်မှ မဟုတ်ဘဲ။ အမေ့အတွက် ဆေးဝယ်ဖို့လိုအပ်နေသည် က အခုဖြစ်သည်။ သူ တွေဝေနေမိ၏။ ဘာလုပ်ရမလဲ…. ဘာလုပ်ရမလဲ……။ သေချာတာကတော့ ထိုစာအုပ်များ၏ အ လေးချိန်က သူလိုချင်သည့်ငွေပမာဏကို ဖြည့်ဆည်းပေးနိုင်လောက်သည်။ ဒါဆိုရင် အမေ့အတွက် ဆေးဝယ်လို့ရနိုင်၏။

နောက်ဆုံးတော့ ထိုစာအုပ်များကိုသာ ဂုံနီအိတ်ကြီးတစ်ခုအတွင်စုထည့်ကာ အဟောင်းဆိုင်သို့ အသက်မပါသော ခြေလှမ်းများနှင့် တရွေ့ရွေ့လှမ်းလာမိတော့သည်။



(၄)

ဂုံနီအိတ်ကို မြေပြင်ပေါ်မှောက်ချလိုက်သည်။ စာအုပ်များ အထိန်းအကွပ်မဲ့စွာ မြေပေါ်သို့တဘုတ်ဘုတ်ကျလာ၏။ အဟောင်းဆိုင်မှ ကုလားက စာအုပ်များ မြေပေါ်ပစ်ချနေသံမှာ သူ့အတွက်တော့ အလွန်ပင်နားခါးလှသည်။ ကုလား၏ မျက်လုံးများမှာလည်း အကြင်နာတရားကင်းမဲ့သော မျက်လုံးစိမ်းများဖြစ်သည်ဟု သူခံစားနေမိ၏။ စာအုပ်များ မြေပေါ်သို့ ကျသံတဘုတ်ဘုတ်နှင့်အတူ သူ့ရင်များတဆစ်ဆစ်ပင် နာကျင်ရပါသည်။ ထိုင်ချလိုက်ကာ စာအုပ်များကို တယုတယကိုင် ကြည့်နေမိသေးသည်။ ဖြစ်ချင်ရာဖြစ်…. မရောင်းတော့ဘူးကွာ ဟုပင်တွေးမိလိုက်သေး၏။ သို့သော် မောနေရှာသောအမေ့ မျက်နှာကိုပြန်မြင်မိသည်တွင် သူလှုပ်ရှားနိုင်စွမ်းမရှိပြန်ပါ။ ကုလားကတော့ စာအုပ်များကို ကတ္တားပေါ်သို့တင်နေ၏။ ထိုစာ အုပ်များကို မခွဲနိုင်စွာပင် သူလက်နှင့်ပွတ်သပ်ကိုင်တွယ်ထားမိသည်။ တကယ်ပင် သူ့နှလုံးသားများ ကြေမွသွားသလို နှမြောတသ ခံစားရ၏။ စာအုပ်အားလုံး ကတ္တားပေါ်ရောက်ခါနီးတွင် သူစာအုပ်တစ်အုပ်ကို လှမ်းယူထားလိုက်မိသည်။



(၅)

“ထောင့်ရှစ်ရာနဲ့ ငါးဆယ်ရမယ် အကို”

ဘာမှပြန်ပြောမနေတော့…. ခေါင်းကိုသာ ခပ်သွက်သွက်ငြိမ့်ပြလိုက်သည်။ ကုလားက အိမ်ထဲဝင်၍ပိုက်ဆံယူပြီး သူ့ကိုလာပေးသည်။ အန္တရာယ်များပြည့်နှက်နေသောနေရာမှ ထွက်ခွာသလို ကုလားအိမ်ထဲမှ ခြေလှမ်းကျဲကျဲနှင့် ထွက်လာ ခဲ့သည်။ လမ်းပေါ်ရောက်တော့ သူ့လက်ထဲမှစာအုပ်အဟောင်းလေးကို ကြည့်လိုက်သည်။ တော်တော်လေး သပ်ရပ်မှုရှိနေ သေး၏။ စာအုပ်အမည်က “BIOGRAPHY OF ABRAHM LINCON” ။

လိုချင်မက်မောစွာ၊ သံယောဇဉ်မပြတ်နိုင်စွာဖြင့် သူပြန်ယူလာခဲ့သော စာအုပ်လေးက ကျန်ရစ်ခဲ့သော စာအုပ်တွေ အားလုံးအစား အလွမ်းပြေ၊ အာသာပြေဖြစ်ပေလိမ့်မည်။ အင်္ဂလိပ်လိုရေးထားသော စာအုပ်ဖြစ်သောကြောင့် တစ်အုပ်လုံး သူဖတ်တတ်ချင်မှ ဖတ်တတ်ပါလိမ့်မည်။ သို့သော်…… ယခုစာအုပ်ပြန်ပါလာသည့်အတွက်ပင် ထားရစ်ခဲ့ရသောစာအုပ်များ အတွက် သူဖြေသိမ့်နိုင်ပါသည်။ မသိမသာ ရင်ကော့လိုက်မိ၏။

မနက်ကတည်းက လျှောက်ခဲ့ရသော ခြေလှမ်းအားလုံးတွင် ယခုခြေလှမ်းတို့က အသွက်လက်ဆုံးဖြစ်နေကြောင်း သူ့ကိုယ်သူ သတိထားလိုက်မိလေသည်။

စကားလုံးပြပွဲ (သူရဿဝါ ၊ ဇာတိ)

0 Comments



စကားလုံးပြပွဲ (ဇာတိ)

ဒီခွက်ထဲမှာ လက်ဖက်ခြောက်တွေက
အငွေ့ပျံနေသလား ….
တံခါးခေါက်သံမဆုံးခင်မှာ မိုးစုန်းစုန်းလင်းမလား
ဘီးလုံးတွေအလိမ့်မှာ
မီးတဖြန်းဖြန်းခပ်သွား
သစ်ရွက်ခြောက်တွေ အငွေ့ပျံနေပြီ
ဟွန်းမတီးရဘူး ၊ ဟွန်းမတီးရဘူး
လူတိုက်မှုတစ်ခုကြောင့် ငိုနေကြတယ်
“ငါပြောင်းပြန်လှန်ပစ်ချင်နေတာ
သမိုင်းတွေလဲပါတယ်…….”
ကိုယ့်နှုတ်ခမ်းကိုယ်ကိုက်ကြည့်တော့
မြင့်မိုရ်တောင်က ပိုမြင့်သွား
ခက်တာကတော့ မခက်ပါဘူး
သစ်ရွက်ခူးတဲ့လက်တွေမှာ
အောက်စီဂျင်မပါ
နေမြင့်သွားတာကို ခြေဖျားထောက်ပြီးငေးနေတုန်း
ငါ့ယဉ်ကျေးမှုနိမ့်သွားတာအဖတ်တင်
မီးဖိုချောင်က ဆာလောင်နေတာကြားတယ်။

ဇာတိ


စကားလုံးပြပွဲ (သူရဿဝါ)

ကိုယ်ထိုးစိုက်မြင့်တက်လိုက် ……
မီးပွိုင့်က မီးပွိုင့်မှာပြန်မိလို့
ဒီစားပွဲဟာ ကော်ဖီခွက်နဲ့အတုပ်နှောင်ခံထားရ
ညဥ့်ငှက်မလေးတစ်ယောက်လို့ ၊ ယမ်းခါသွားလို့ ၊
ဟောဒီအနီစင်းစင်းလေးတွေ မပြုံးပြသွားမှီ ကိုယ်လည်ပတ်လို့ ၊
သက်တန့်တွေအရောင်မစုံခင် *သမုဒ္ဒရာအကြောင်းဖတ်စာခြုံထားသော
လက်ပတ်နာရီအဟောင်းထဲမှာ ကိုယ်ကျယ်လောင်စွာ
လေတွေတဟူးဟူးတိုက်နေ …… လေတွေတဟူးဟူးတိုက်နေ
ဘာကိုပြေးမြင်လိုက်သလဲလို့ ၀ါကျမဆုံးခင်
ဟုတ်ပါရဲ့ ….. တည်ဆောက်ဖျက်ဆီးနေ
မာရီလင်မွန်ရိုးလေးတစ်ထည်လောက်လိုချင်ရင်း
မနေ့ကစကားတွေလို ဆံပင်တိုတိုညှပ်ရင်း
ကလေးဘ၀တွေ …… စကားထာဝှက်တမ်းတွေ
ခပ်နက်နက်တူးကြည်သကဲ့သို့
ကိုယ်က မင်းဆီ “၍” လာမယ်ဆိုရင် မှန်သလား
တကယ်တမ်းက/ ခန့်မှန်းမိတာက
မဲဇာတောင်ခြေရတုလည်း စီးထွေထွေတည့်ခဲ့
ပုရေနိသင်လည်း ဆက်တိုင်းကြင်ခဲ့
ပေကျံနေတဲ့တစ်ရှူးကိုသုတ်ပေးဖို့ ပါးစပ်တွေက တိုးလာရမယ်
ဘယ်မှတ်တိုင်က ကားကိုကျော်ပြီးရပ်ချင်ပါသလဲ
လက်မမြှောက်လိုက်မချင်း
ပိတ်ထားရင်း၊ ဖွင့်ထားရင်း တံခါးတွေ………….။ ။

သူရဿဝါ

ရည်ညွှန်း - သမုဒ္ဒရာအကြောင်းဖတ်စာ (မင်းခိုက်စိုးစန်)




ကျနော်နဲ့ ဇာတိတို့ “စကားလုံးပြပွဲ” လေးတစ်ခုလုပ်မိကြတယ်။ ကဗျာတစ်ပုဒ်ပါပဲ။ ဒါပေမယ့် ကျနော်က ပုံစံ ဟောင်းထဲက ခွဲထွက်ပြီးရေးကြည့်ချင်တယ်လို့ ပြောမိပါတယ်။ ကဗျာရဲ့ အသက်လို့ပြောရင်ရတဲ့ စကားလုံး တွေချည်းသက်သက်နဲ့ ကဗျာကိုတည်ဆောက်ကြည့်ချင်တယ်။ တကယ်တမ်းရေးဖြစ်ကြတော့ ဇာတိက သူ့ကဗျာ ကို “မော်ဒန်ကဗျာ” ဘောင်ထဲကနေပဲ ရေးပြသွားတာတွေ့ရတယ်။ သူ့ကဗျာမှာက ဖတ်သူအတွက် ဘာပြဿနာ မှမရှိလောက်ဘူး။

ကျနော့်ကဗျာကျတော့ ဖတ်မယ့်သူတွေအတွက် (အထူးသဖြင့်မော်ဒန်ကဗျာမဖတ်တတ်ဘူးဆိုတဲ့သူတို့အတွက်) ပြဿနာနည်းနည်းရှိလိမ့်မယ်ထင်တယ်။

“စကားလုံးပြပွဲ” ကိုရေးပြီးတဲ့အချိန်မှာ စာဖတ်မယ့်သူတွေကြားထဲ ချပြသင့်၊ မပြသင့်ကိုတောင်တော်တော်လေး စဉ်းစားခဲ့ရပါတယ်။ ဒီကဗျာကိုဖတ်ပြီးရင် `ဟာ´ခနဲ `ဟင်´ခနဲ ဖြစ်ကုန်ကြမယ့်သူတွေ၊ `ဘာတွေ လျှောက်ရေးထားမှန်းမသိပါဘူး.. ရူးနေတယ်ထင်တယ်´ လို့ မှတ်ချက်ပေးမယ့်သူတွေကို ပြေးမြင်မိလို့ပါ။ ခေတ်ကိုတစ်သမတ်တည်းထားချင်ကြသူတွေရဲ့ကြားထဲက ဖောက်ထွက်လာရတဲ့ မော်ဒန်ကဗျာတွေတောင် သိပ်ပြီးမျက်နှာပန်းလှကြသေးတဲ့အချိန်မှာ ………… ။

ဒီကဗျာထဲမှာ တဖျပ်ဖျပ်လက်ခြင်းသဘောတွေ၊ DECONSTRUCT သဘောတရားတွေ၊ ဘာသာဗေဒဘောင်ကို ချိုးဖျက်ပစ်လိုက်တာတွေ၊ အမှန်တရားမရှိတာတွေ၊ေ၀၀ါးမှုတွေ ထည့်ရေးကြည့်မိတယ်။ ဈေးသည်တစ်ဦးဟာ သူရောင်းတဲ့ကုန်ပစ္စည်းအမျိုးအစားကို ဘယ်လိုကောင်းပါတယ်၊ ဘာတွေအသုံးတည့်ပါတယ်လို့ ပြောသလိုမျိုး ကဗျာဆရာတစ်ဦးက သူရေးထားတဲ့ကဗျာကို ဘယ်လိုကောင်းပါတယ်၊ ဘာဖြစ်ပါတယ်ရယ်လို့ တန်ဖိုးမဖြတ်အပ် ပေမယ့် ဒီတစ်ပုဒ်ကိုတော့ `မော်ဒန်ခေတ်လွန် (POSTMODERN)´ ကဗျာပုံစံထဲချဉ်းနင်းဝင်ရောက်နေတဲ့ ကဗျာ ဖြစ်ပါတယ်လို့ပြောချင်တယ်။

မဖြစ်မနေ HENCE တစ်ခုပေးရမယ်ဆိုရင်တော့…… စကားလုံးတွေချည်းပဲ ခင်းကျင်းပြသထားတဲ့အတွက် ဒီကဗျာရဲ့အသက်ဓါတ်ဟာ ခေါင်းစဉ်မှာပဲရှိနေပါလိမ့်မယ်။

Wednesday, March 18, 2009

အကျဉ်းကျအိပ်မက်များ

0 Comments

မလွတ်လပ်ဘူး

ဘယ်အိပ်မက်ကိုကြည့်ကြည့် ခြေချုပ်မိနေ

အားလုံးရှင်းပစ်လိုက်တာတောင်

“လောကဘောင်” ထဲက မလွတ်ကျွတ်ဘူး

မိုးနဲ့မြေကြား ကမ်းကုန်အောင်မှား………. လို့

ကျွန်တော့်စိတ်ကို ကျွန်တော်ပြန်လည်အကျဉ်းချ

ကျွန်တော်က ကျွန်တော့်စိတ်ထဲမှာ ပြန်လည်အကျဉ်းကျ

ဘ၀ကို သတ်မှတ်ချက်တစုံတရာပေးဖို့

ကြက်ခြေခတ်ကြီးကြီးတစ်ခုပဲလိုမယ်

……………………………………………………

…………………………………………………...

…………………………… ဘာကိုမှ ယုံကြည်လို့မရ

အိပ်မက်တွေထဲမှာ ကျွန်တော် ခပ်ကျယ်ကျယ်အကျဉ်းကျနေ……….။ ။

Thursday, March 12, 2009

ညီမလေးဖွင့်ထွက်သွားတဲ့လှောင်အိမ်

0 Comments
ကိုယ့်အနားမှာတော့ လွတ်လပ်သောလေဟာနယ်နဲ့
မလွတ်လပ်သော ကိုယ်ကိုယ်တိုင်ပဲကျန်ရစ်
ညီမလေး …… လှောင်အိမ်တံခါးကို ဖွင့်ထွက်သွားခဲ့ပြီ
ကျန်တာတွေမစဉ်းစားမိပါဘူး
`မင်းမရှိတော့ပါလား´ ဆိုတဲ့အသိနဲ့တင်မွန်းကျပ်
ဝေးကွာခြင်းအစွန်းမှာရပ်လိုက်တယ်
ရှုခင်းတွေ ………… လှလိုက်တာညီမလေးရယ်
လှောင်အိမ်ရဲ့အပြင်ဘက်မှာ အဲဒီရှုခင်းတွေလှလိုက်တာ …….
တစ်ယောက်အရိပ်ကိုတစ်ယောက်စောင့်ရှောက်ကြ
တစ်ယောက်ရင်ငွေ့ကိုတစ်ယောက်တိုင်တည်ကြ
ဒီလောက်ချည်နှောင်ခဲ့ကြပြီးမှကွယ်
ညီမလေးကလွဲရင်
ညီမလေးနဲ့အတူရှိခဲ့တဲ့အချိန်တွေကိုတောင်မုန်းတယ်
အဲဒီအချိန်တွေကို
လှောင်အိမ်ထဲက လှမ်းလှမ်းခေါ်နေရတာ ……….. မုန်းတယ်
ညနေနဲ့အတူ နေ၀င်ဖျိုးဖျ အမှောင်ကျသူ
ညနေနဲ့အတူ ဒဏ်ရာတွေသိမ်းထုပ် မိုးစုန်းစုပ်ချုပ်ခဲ့ရသူ
ညနေနဲ့အတူ နောင်တကိုနောက်တစ်ရက်ထဲ ထည့်ပေးလိုက်ရသူ
ကိုယ့်ကို ……. ညနေတွေကတော့ ချစ်ပါလိမ့်မယ်
ညီမလေးရေ …….
ပုံပြင်လိုစပြီး ကိုယ်တို့ပုံပြင်လိုပဲဆုံးခဲ့ရ
လှောင်အိမ်အပြင်ကိုမကြည့်တော့ဘူး
ညီမလေးကျောခိုင်းသွားတာကို မသိတော့ဘူး
လှောင်အိမ်ထဲမှာ လွတ်လပ်သွားတဲ့ကောင်က
ပြီးခဲ့သောပုံပြင်ကိုပဲ တမြေ့ဖွဖွ
`တစ်ခါတုန်းက ….. တစ်ခါတုန်းက´ လို့ ပြန်စနေခဲ့တယ်။

Tuesday, March 10, 2009

ကဗျာတွေထဲတွန်းချခံထားရတဲ့ ၁၉ နှစ်သားဟာ......

0 Comments



ဒီကောင်လေးကို

ကဗျာတွေထဲ ဘယ်သူတွန်းချလိုက်သလဲ

@@@@@@@@@@@@@@@

လှိုင်းတွေလိုပါပဲ

ငြိမ်သက်ရင်း ကူးခတ်ရင်း

လူးချည်လွန့်ချည်နေရင်း

တနေ၀င် တနေထွက်နဲ့

ပင်လယ်နံပါတ် ၁၉ ကို ပျိုးယူလိုက်တယ်

@@@@@@@@@@@@@@@

သူ့မျက်လုံးထဲမှာ တက်ကြွမှုတချို့

သူ့အတွေးထဲမှာ အရေခွံလဲချင်လာတဲ့ နုနယ်မှုတချို့

သူ့စကားထဲမှာ အနုစိတ်ထားတဲ့ စူးစမ်းမှုတချို့

အံ့သြစရာတော့ကောင်းပါလိမ့်မယ်

ကျွန်တော်က သူ့ကိုယ်ထဲ ၀င်ပူးကပ်ပြီးကြည့်တာ

………………………….. တချို့ကိုတွေ့တယ်

@@@@@@@@@@@@@@@

သူလိုကိုယ်လိုခရီးပါပဲ

ခရီးဆောင်အိတ်မပါဘူး၊ ရေဘူးမပါဘူး၊

သူလိုကိုယ်လိုခရီးတစ်ခုထွက်လာတယ်

အချစ်ရှိတယ်၊

အမုန်းရှိတယ်၊

ကောလဟာလရှိတယ်၊

ပျင်းပျင်းရိရိရှိတယ်၊

လက်ဖက်ရည်ချိန်ရှိတယ်

သူလိုကိုယ်လိုခရီးဆိုတော့

တခါတလေ….. သွားရင်းလာရင်း ဖိနပ်ပေါက်တယ်

@@@@@@@@@@@@@@@

အသက်ရှူသံကို ပြတင်းတစ်ချပ်လိုဟင်းလင်းဖွင့်ထားတဲ့

ခေတ်ကို ကိုယ်စားပြုချင်သောလူငယ်တစ်ဦး

မိုးနဲ့မြေကြား နိုးကြားလာတယ်

ငါ့ညီရေ …………

ဒုက္ခကိုလက်ယပ်ခေါ်ပြီးမှ ပန်းနဲ့ပေါက်ပစ်တတ်တဲ့သူရဲကောင်းတွေအကြောင်း

ရွေးဖတ်ကြည့်ပါ

ဒုက္ခတွေကို ပန်းနဲ့ပေါက်ပစ်လိုက်ပါ

@@@@@@@@@@@@@@@

အခု ကဗျာတွေထဲတွန်းချခံလိုက်ရတဲ့

၁၉ နှစ်သားကောင်လေးက

သူလိုကိုယ်လိုခရီးတွေထဲမှာ ……

ကဗျာတွေထဲမှာ…… သူရဲကောင်းပုံပြင်တွေထဲမှာ…

ဒီထက်ပို…

ကျွန်တော်တို့အားလုံးရဲ့ရင်ထဲမှာ…………

(ညီလေးသောတ ၁၉ နှစ်ပြည့်မွေးနေ့ကဗျာပါ)

ချုပ်ရိုးပြတ်နေတဲ့လူ

0 Comments



ရေးချလိုက်သမျှ အငြင်းဝါကျတွေပဲပါလိမ့်မယ်

ဒီကဗျာအပေါ် မျှော်လင့်ချက်သိပ်မထားပါနဲ့

ဘယ်လို ဆက်ရွေ့လျားရမယ်မသိ

ဘယ်လိုလှော်ခပ်လို့ ဘယ်ကမ်းကပ်ရမယ်မသိ

ဘဝမှာ…ချုပ်ရိုးတွေပြတ်နေတဲ့လူ

ခင်ဗျား ဘာတွေကို မြင်သလဲ

ကျနော်နဲ့တော့ တူလိမ့်မယ်မထင်ဘူး

လျှံလျှံဖွားဖွား ငရဲမီးတွေရယ်…

ပက်ကြားအက်နေတဲ့ ကောင်းကင်ရယ်. . .

သိုးသွားတဲ့ ပေါင်မုန့်တွေရယ် . . .

ကျနော့် မျက်လုံးအသေတွေထဲမှာ

အနိဌာရုံတွေပဲ မြင်တယ်

တဆစ်ဆစ်နာကျင်ရလွန်းလို့

ချုပ်ရိုးတွေဖြတ်မိတယ်

မလွတ်မြောက်ဘူး…အသစ်တဖန်ကိုမတွေ့ဘူး

ပျော်ရွှင်ခြင်းဆီ ကြေးနန်းရိုက်လို့မရဘူး

အဲဒါနဲ့ပဲ . . . ဖြတ်တောက်ပြီးသားချုပ်ရိုးတွေကို

နောက်တစ်ခေါက်ဖြတ်မိနေတယ်

ဒီကဗျာအပေါ်မျှော်လင့်ချက်သိပ်မထားပါနဲ့

ချုပ်ရိုးတွေတပတ်ပြီးတပတ်

အရှိုးရာအထပ်ထပ်နဲ့လူ………….၊၊ ၊၊

သုညတစ်လုံးရဲ့ (၁၇) နှစ်မြောက် မွေးနေ့

0 Comments



ဒီနေ့ (၄. ၃. ၂၀၀၉) မှာ (၁၇) နှစ်ပြည့်သွားတဲ့ . . . . . . . . .

စုဘူးက ချစ်သောညီမလေး ဇီးရိုး (ခေါ်) ကြည့်ရှောင်ခွ မိအောင်လှလို့

လန်းပါစေ။

သွားလေရာ၊ ရောက်လေရာ၊ အင်တာနက်ဝင်သုံးမိသမျှနေရာတိုင်းမှာ

ဇီးရိုးလေးရဲ့ ကော်နက်ချင်ဂျီး တဂွီးဟီးဟီးမြည်ပါစေ။

ကျူရှင်ကိုသွား၊ ကျောင်းကိုသွား ဘတ်စ်ကားများလည်း ချောင်ပါစေ။

အိမ်ပြန်ရေချိုး၊ ပိုက်ဆံခိုး မုန့်ဖိုးများများရပါစေ။

ဟိုပြောဒီပြော ‘ဟယ်လိုကောလ်’ တိုင်းအဆင်ပြေ၊ ဟန်းဖုန်းဘေလ်လည်း

နည်းပါစေ။

‘လိုက်ချင်ဦးဟဲ့ ဒိုနေးရှင်း’ အိမ်ကဆူတာ ကင်းပါစေ။

ဘဲချောချောလေးတွေ့တဲ့အချိန် ‘စိန်ပလိန်တိမ်လည်းဂွိန်’ ပါစေ။

(၁၇) နှစ်ပြည့် ဤမွေးနေ့ မုန့်ကျွေးဖို့လည်း မေ့ပါစေ (ဒါမှ ဒင်း ပိုက်ဆံမကုန်မှာကိုး ဟီဟိ)။

အပေါင်းအသင်းများနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း

0 Comments




ကဗျာတွေကို စားပွဲပုပုလေးပေါ်တင်ထားတယ်

စကားလုံးတွေကို ခပ်နာနာမွှေနှောက်ပစ်တယ်

ကျွန်တော်တို့ ဒူးထောင်ပေါင်ကားထိုင်နေရပေမယ့်

ကျွန်တော်တို့ ဒူးထောင်ပေါင်ကားကဗျာတွေမကြိုက်ကြဘူး

ပြောလက်စနဲ့ . . . .

ဘယ်အယူအဆအေးစက်စက်တွေကိုသွန်ပစ်ရမလဲ

ပြောလက်စနဲ့ ပြောမိတယ်

နှုတ်ခမ်းမှာ စီးကရက်လေးတေ့ပြီး ဖွာရှိုက်လိုက်သလိုပဲ

ခေတ်ပေါ်အနုပညာကို

နှုတ်ခမ်းဖျားမှာတေ့ပြီး ဖွာလိုက် ရှိုက်လိုက်ကြတယ်

ကျစိမ့်တစ်ခွက်၊ လန်ဒန်တစ်ပွဲ၊ ရေနွေးကြမ်းတစ်အိုး

အဲဒီလိုမျိုး

အာရုံခံစားမှုကိုကျတော့ ဘာလို့ ခပ်လွယ်လွယ်မှာယူလို့မရတာလဲ

ဘာလို့ လက်ခုပ်တီးပြီးခေါ်ယူလို့မရတာလဲ

ရေနွေးကြမ်းတစ်ခွက်ပြီးတစ်ခွက်ငှဲ့ရင်း

နီကိုလပ်စ်ကေ့ခ်ျကို…. ရှာရာပိုဗာကို….

လေရူးသုန်သုန်ကို…. အင်တာနက်အီးမေးလ်ကို…..

တစ်ခွက်ပြီးတစ်ခွက်ငှဲ့ကြတယ်

ပြောလက်စနဲ့……

ဒဏ်ရာအနာတရတွေစိတ်နဲ့ဖြစ်ကြ

ဘောင်တချို့ကြားကလွတ်အောင်ရုန်းကြ

ဘာသာဘာဝ ရယ်ကြမောကြ ဆဲကြဆိုကြ

‘ငါ့ကောင်မလေးက……..’ သတိရကြ

ကဗျာတွေခပ်ဖွဖွရွတ်ကြ

ပြောလက်စနဲ့ ပြောကြပြန်တယ်

ကျွန်တော်တို့ အဆုံးမသတ်နိုင်ဘူး

ကဗျာနဲ့စပေမယ့် ကဗျာနဲ့မဆုံးနိုင်ဘူး

ဖွင့်ထားတဲ့သီချင်းမပြီးခင်…..

ခြေတစ်ဖက်လှုပ်စည်းချက်လိုက်လို့မပြီးခင်….

လက်ဖက်ရည်ဆိုင်က ထထွက်လာသလိုမျိုး

ပြောလက်စနဲ့ ထထွက်လာကြတယ်

ကျသင့်ငွေရှင်းရင်း ပြန်အမ်းငွေယူရင်း

ကဗျာတွေရှင်းလို့မရသေး…..

ကဗျာတွေပြန်အမ်းဖို့ စိတ်အကြွေမရှိသေး….

ပြောလက်စနဲ့ ဖွင့်ထားသောကဗျာများ

စည်းချက်လိုက်လို့မပြီးခင် ပြန်အမ်းငွေယူပြီး

လက်ဖက်ရည်ဆိုင်က ထလာကြတယ်

နောက်တစ်နေ့လည်း…….

ပြောလက်စနဲ့ကဗျာတွေ စားပွဲပုပုလေးပေါ်မှာ။

စကားလုံးများနှင့် အမဲလိုက်ခြင်း

0 Comments




‘မည်သည့်အရာကိုမျှ သိမ်းပိုက်မထားခြင်းသည်ကောင်း၏’ ဟု စာရေးဆရာတစ်ဦးက ရေးပြပါသည်။ ကျနော်က တော့ ‘ကို့ယို့ကားယားကြီး’ ဖြစ်နေသူတစ်ဦးကိုသာ မြင်ယောင်မိ၏။ ကျနော်က အမှတ်သည်းခြေနည်းသူတစ်ဦး ဖြစ်သည်။ ‘အဝေးသင်’ ကျောင်းသားမို့ ‘အ၀င်သေး’ သလားတော့မသိပါ။ လောကသည် အပျိုဖော်ဝင်စမိန်းမတစ် ဦးနှင့်တူ၏။ အပြောင်းအလဲမြန်သည်။ မာယာများသည်။ ငိုရန်၊ ရယ်ရန်လွယ်သည်။ အချင်းတို့ ‘ဖိုက်ရဲ’ မှ ‘ဖဲရိုက်’ တာ ပို၍သင့်တော်မည်ဟု အကြံပေးလိုပါသည်။ ထပ်ပြောပါဦးမည်။ လောကသည် . . . . . . .

‘ဆာလောင်’ တတ်ပါက တစ်ခုခုတော့ ‘ဆောင်လာ’ ခဲ့ပါ။ ကျနော့်စကားက တော်တော်နှင့်ပြတ်မည်မဟုတ်။ ‘အပျော်ဖတ်’ စာအုပ်နှင့် ‘အပြတ်ဖော်’ သောရုပ်ရှင်များကိုတော့ တံခါးဖွင့်မပေးနိုင်ပါ။ ကောင်မလေးရေ . . . . . ကောင်မလေးရေ . . . . ဟု အော်ခေါ်မိ၏။ ထမင်းစားမည်ဆိုလျှင် အနည်းဆုံး . . . ဟင်းတစ်ခွက်တော့ လိုအပ်ပါ သည်။

မြန်မာစာတတ်သော်လည်း ယခုထိ မြန်မာလိုမတတ်သေး။ ကဗျာရေးမိကတည်းက အရူးလင်လုပ်သလိုဖြစ်နေ တော့သည်။ ‘အရေပြား’ များ ‘အယားပြေ’ လာချိန်တွင် ကျနော်အနားယူပါမည်။ မီးမမှိတ်ဘဲအိပ်တတ်ရန် ကြိုးစား ထား၏။ ကျနော့်ကိုယ်စား သီချင်းဆက်ဆိုပါ။ မှောင်မှောင်မဲမဲတွင် ‘ခြေဆင်း’ ထိုင်မှတော့ ‘ခြင်ဆေး’ လိုမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါသည်။

ကျနော် အမဲလိုက်နေ၏။ မြို့ကြီးပြကြီးတွင် အမဲလိုက်ရန်မလွယ်သဖြင့် တောထဲတောင်ထဲသွားရသည်။ ထိုသို့ သွားသောကြောင့် ကျနော်က ‘တောရောက်တောင်ရောက်’ ဖြစ်နေ၏။ ထို့ကြောင့် ကျနော့်ကို ‘အရူး’ ဟု သမုတ် ကြလိမ့်ဦးမည်။ အမှန်တော့ တောရောတောင်ရောရောက်ဖူးသောကြောင့် ကျနော်က ‘နှံ့စပ်သူ’ တစ်ဦးသာဖြစ်၏။ ယခုစာကြောင်းအထိတော့ ကျနော်အမဲလိုက်နေတုန်းသာ ဖြစ်ပါသည်။

ကျုပ်တို့ကောင်တွေ မြွေခြောက်ကိုက်နေတယ်

0 Comments



ကျုပ်တို့ပြောနေကျ မြွေခြောက်ကိုက်တယ်ဆိုတာ ဒါလား~~~~

ဒီမှာ ပြဿနာတွေ စုဝေးသင်းဖွဲ့

ဒီမှာ လစဉ်တိုးတွေ သိုင်းဝိုင်းကိုက်ခဲ

ဒီမှာ အိပ်ရေးပျက်နေ့တွေ စီစဉ်စုဝေး

ဒီမှာ အမှောင်ထဲကမျက်လုံးတွေ ကြောင်စီနီရဲ

ကဲ…. အစုလိုက်အပြုံလိုက် မြွေခြောက်ကိုက်တယ်

ကျုပ်တို့ပြောနေကျ မြွေခြောက်ကိုက်တယ်ဆိုတာ ဒါပေါ့

ပြဿဒါးက ခေါင်းနဲ့မလွတ်ဘူး

နဂါးခေါင်းက ဟိုဘက်နည်းနည်းမတိုးဘူး

စိတ်ရှည်ကြည့်တယ်… သည်းခံကြည့်တယ်

ငွေနံ့ကြေးနံ့က လမ်းကြောင်းမမှန်ဘူး

တစ်ရက်တစ်လေပဲဖြစ်ဖြစ်

ခပ်မြူးမြူးတေးသွားလေးတစ်ပုဒ်လောက်နဲ့ ကချင်ပါသေးတယ်

အခုတော့~~~~ ကျုပ်တို့ပြောနေကျ~~~~

ကျုပ်တို့ပြော, ပြောနေကျ မြွေခြောက်ကိုက်တယ်ဆိုတာ~~~~

ဟုတ်တယ်ဗျာ

ကျုပ်တို့က မြွေခြောက်ကိုက်နေကျကောင်တွေ။

အဖြူရောင်ကဗျာ

0 Comments




ကျွန်တော့်ဆီကိုမှ

အဖြူရောင်ကလေးတစ လွင့်ကျလာ……

ပါးချိုင့်လေးတစ်ဝက်နဲ့ လှတယ်

ဆံပင်လေးစည်းထားတာ လှတယ်

အဲဒီ “အဖြူရောင်မလေး” က

“အဖြူရောင်စိတ်လေး” နဲ့ ……. သိပ်လှပါတယ်။

ကြည့်လိုက်မိတိုင်း

ကျွန်တော့်ဆီပဲ စီးဆင်းနေချင်တဲ့ပုံမျိုး

ကြွေကျလာတိုင်း

ကျွန်တော့်မှာပဲ ကမ္ဘာမြေဆွဲအားရှိနေသလိုမျိုး

ဖြူဖြူဖျော့ဖျော့ ထိုင်နေတတ်ပြန်တယ်။

ဘယ်လောက်ရွေ့လျားနေသလဲ

ကျွန်တော့်ရဲ့အဖြူရောင်မလေးက

ကျွန်တော့်ဆီကို …… ဘယ်လောက်အထိ

…….ဘယ်လောက်အထိများ…….. စုန်ဆန်နေရှာပါသလဲကွယ်။

တခါတခါတွေးကြည့်မိ

ကျွန်တော် “ရယ်” လိုက်တိုင်းအဖြူရောင်လေး “မော” ရသလား

သိနေခဲ့ပါတယ်

ဆောင်းကိုမမြင်သေးဘဲနဲ့တောင်

“အဖြူရောင်လေး” က ဖွဲ….. ကြွေ…… မှုန်……. ဝေ

နှင်းတွေ စွေနှင့်ရတာ

ဒါ…. အရမ်းလှတဲ့ တန်ဆာဆင်မှုပါကွယ်

ကျွန်တော်သိပါတယ်

တကယ်ပါပဲ

ကျွန်တော့်ရင်တည့်တည့်ကိုမှ

ဖြူဖြူလွလွ “အဖြူရောင်ကဗျာလေး” တစ်စ

လွင့်…….. ကျလာခဲ့တာ…………

သုညတစ်လုံးရဲ့ဗလာမီးအိမ်

0 Comments




ပြန့်နေတဲ့စိတ်ကိုပဲ

ထပ်ပြီးဖြန့်ချလိုက်တယ်

“သုည”တွေချည်း နေကြမယ့်ခေတ်

မိုးကုပ်စက်ဝိုင်းအထိ ပွင့်ပစ်မယ်။

ဥာဏ်နီဥာဏ်နက်တွေထည့်သိုထားသောမျက်လုံး

အဲဒီဘ၀တွေ “ဆုံး” ပြီ

“ဘာမှမရှိဘူး” လို့တော့မပြောပါနဲ့

ဗလာကိုမြင်ချင်ရင်

ကိုယ့်စိတ်ကိုယ်အရင် မီးညှိတတ်ဖို့လိုတယ်။

တစ်လောကလုံးကြားရအောင်

တိတ်တိတ်လေးနေလိုက်ပါတယ်

ကြားလော့...... ကြားကြလော့......

အတွေးက ပြိုင်းပြိုင်းရိုင်းရိုင်းမှောင်လာတဲ့အခါ

မီးအိမ်တစ်လုံးထွန်းမိတယ်

ဗလာပါ.... သုညပါပဲ.....

တစ်ကိုယ်စာ လုံခြုံရုံလောက်လေး..........

...............လင်းတယ်။

ဗလာလက်နဲ့ထွန်းခဲ့တဲ့ သုညတ္တမီးအိမ်

ဘယ်အရှိန်အ၀ါမှလည်း မလိုပါဘူးကွယ်

မိုးကုပ်စက်ဝိုင်းအထိ.....

တဟုန်းခွင်းခွင်း ပွင့်လင်းပစ်လိုက်မယ်။

မော်ဒန်ကောင်

0 Comments



ကျွန်တော် ဒေါင်လိုက်ကြီးလဲကျပြီး

အလျားလိုက်ရွေ့လျားနေတယ်

ကျွန်တော့်အပိုင်းအစတွေ ဆက်စပ်စုဝေးကြတယ်

ကျွန်တော်က အချိုးဖျက်ထားတယ်

ကျွန်တော့်ကိုယ်ကျွန်တော် ပြန်လည်ဖန်ဆင်းလိုက်တယ်

ကျွန်တော် ရုန်းဖောက်ခံစားနေတယ်

ကျွန်တော်က အခိုက်အတန့်ဖြစ်နေတယ်

ကျွန်တော် ကျယ်ပြန့်လင်းချင်းတဲ့ဟင်းလင်းခွင်ထဲရောက်နေတယ်

ကျွန်တော် ဗဟိုချက်မဲ့နေတယ်

ကျွန်တော် အဆက်အစပ်ကင်းမဲ့နေတယ်

ကျွန်တော် ကစဥ့်ကလျားဖြစ်သွားတယ်

ကျွန်တော့်ကို စိတ်လှုပ်ရှားမှုရိုက်ခတ်နေတယ်

ကျွန်တော့်တည်ချက်ကိုဖြန့်ပြတယ်

ကျွန်တော့်ပန်းတိုင်ကိုဖြန့်ပြတယ်

ကျွန်တော်က စံလွဲနေတယ်

ကျွန်တော် အမြင်ရောပြွန်းမှုဖြစ်နေတယ်

ကျွန်တော် စိတ်အာရုံပုံကြမ်းရေးခြစ်နေတယ်

ကျွန်တော့်စိတ် အလိုအလျောက်စီးဆင်းနေတယ်

ကျွန်တော် တိတိကျကျမဆုံးဖြတ်နိုင်ဘူး

ကျွန်တော် အခု.....

မော်ဒန်ခေတ်လွန်ဆီကို အလျားလိုက်သွားနေပါတယ်။

သူရဿဝါ

REFERENCE 1: အချိုးဖျက်ခြင်း (Distortion)

ပြန်လည်ဖန်ဆင်းခြင်း (Recreation)

အခိုက်အတန့်ဖြစ်မှု (Moment of Being)

စိတ်လှုပ်ရှားမှုရိုက်ခတ်ခြင်း (Emotional Force)

အမြင်ရောပြွန်းမှု (Optical mixture)

စိတ်အာရုံပုံကြမ်းရေးခြစ်မှု (Psychological automatism)

စိတ်အလိုအလျောက်စီးဆင်းမှု (Psychic automatism)

တည်ချက်ဖြန့်ပြမှု (Flatting of the space)

ပန်းတိုင်ဖြန့်ပြမှု (Flatting of the climax)

တိတိကျကျမဆုံးဖြတ်နိုင်မှု (Undesirability)

အဆက်အစပ်ကင်းမဲ့ခြင်း (Fragmentation)

စံလွဲခြင်း (Foregrounding)

မော်ဒန်ခေတ်လွန် (Postmodern)

REFERENCE 2: တာရာမင်းဝေ (ပြိုင်မြင်းတို့၏ခွာသံ)